ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီး မြေကျွံမှု နေ့တွင်းချင်း ပြင်ဆင်ပြီး

0
569

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေကျွံကျခဲ့သော ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမကြီးအား နေ့တွင်းချင်း ပြင်ဆင်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ကော့သောင်းခရိုင် လမ်းဦးစီးဌာနမှ သိရသည်။

သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေ့လည် ၁၂ နာရီတွင် ယာဉ်ငယ်များဖြတ်သန်းသွားလာနိုင်ခဲ့ကာ ညနေ ၃ နာရီတွင်မူ အသွားအလာအားလုံးကို ပြန်လည် လုပ်ဆောင်နိုင်ခဲ့သည်ဟု အထက်ပါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းမောင်က ပြောသည်။

ထားဝယ်နှင့် ကော့သောင်းတို့တွင် အမှုသောင်တင်မှု အများဆုံး

“အားလုံးသွားလို့ရပါပြီ။ ဆက်ပြီးတော့လည်း ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါလမ်းကို ကော့သောင်း ခရိုင်လမ်းဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စက်ယန္တရားများနှင့် လမ်းလုပ်သားအင်အား ၁၀ဝ ခန့်ဖြင့် ပြုပြင်ခဲ့သည်ဟု ယင်းဌာနထံမှ သိရသည်။

ကော့သောင်း-ဘုတ်ပြင်းလမ်းပိုင်း (ကရသူရိမြို့အပိုင်း) မိုင်တိုင်အမှတ် 1073.5km-1074km အကြားရှိ ပိုက်ဆက်ပြွန်သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အလျား ပေ ၆၀၊ အနံ ပေ ၂၀ ခန့် ခါးဆက်ပြတ်ထွက်ကာ လမ်းသား မြေတိုက်စားခံရပြီး အနက်ပေ ၂၀ ခန့် မြေကျွံမှုဖြစ်ပွားခဲ့ကြောင်း အထက်ပါဌာန၏ မှတ်တမ်းများက ဆိုသည်။

လမ်းပိုင်းပျက်စီးခဲ့သည့်နေရာတွင် လမ်းဖောက်လုပ်ခဲ့စဉ်က ထည့်သွင်း အသုံးပြုခဲ့သည့် ပိုက်ဆက်ပြွန်များမှာ အပေါ်တာဘောင်မြေဖိအားကြောင့် မူလကပင်ပျက်စီးနေခဲ့သည်ဟု မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါနေရာမှာ လျှိုအနက် ပေ ၃၀ ခန့်ရှိပြီး မိုးရာသီတွင် တောင်ကျရေအားကောင်းသည့် နေရာဖြစ်ကြောင်း မှတ်တမ်းတွင်ဖော်ပြထားသည်။

မိုးမြင့်