တိုင်းအတွင်းရှိ ဟိုတယ် လေးပုံ တစ်ပုံ ပြန်မဖွင့်နိုင်သေး၊ ဧည့်သည် ၇၀ ရာခိုင်နှုန်း ကျဆင်း

0
588

ကိုဗစ်ကပ်ဘေးကာလတွင် တနင်္သာရီတိုင်းအတွင်းရှိ ဟိုတယ်အားလုံး၏ လေးပုံတစ်ပုံမှာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း ဟိုတယ်အရေအတွက် ငါးဆယ်ရှိရာ သြဂုတ်လ ၂၁ ရက်နေ့အထိ ၃၈ လုံး ပြန်ဖွင့်ထားကြောင်း အထက်ပါဌာနထံမှ သိရသည်။

နှစ်လောင်းပြိုင်လူသတ်မှု နှစ်လကြာသည်အထိ ပဟေဠိ

လက်ရှိတွင် ဖွင့်ထားသည့်ဟိုတယ် အပါအဝင် ပြန်ဖွင့်မည့်ဟိုတယ်များကိုပါ သက်ဆိုင်ရာ ဌာနများပါဝင်သည့်အဖွဲ့ ဖြင့် အဆင့်ဆင့်စိစစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှသာ ဖွင့်ခွင့်ပြုကြောင်း ဟိုတယ်/ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။

“ပြီးတဲ့အချိန်ကျမှ (တိုင်းဒေသကြီး) ဝန်ကြီးလက်မှတ်ထိုးပြီးတော့ အသိအမှတ်ပြုလက်မှတ်ပေါ့ ဖွင့်ခွင့်လက်မှတ်ထုတ်ပေးတယ်” ဟု ဦးညိုအေးက ပြောသည်။

ဟိုတယ်/ခရီးဌာန၏ စာရင်းအရ ထားဝယ်ခရိုင်တွင် ဟိုတယ် ၂၀ လုံး၊ မြိတ်တွင် ၁၈ လုံးနှင့် ကော့သောင်းတွင် ၁၂ လုံးရှိပြီး ထားဝယ်ခရိုင်၌ ဟိုတယ် ၁၆ လုံး၊ မြိတ်တွင် ၁၇ လုံးနှင့် ကော့သောင်းခရိုင်တွင် ၅ လုံးသာ ပြန်လည်ဖွင့်လှစ် ထားသည်။

ပြန်ဖွင့်သည့် ဟိုတယ်အများစုမှာ အခန်းဈေးနှုန်းကို မူလဈေးထက် လျှော့ချထားကြသည်။ သို့ရာတွင် တည်းခိုသည့် ဧည့်သည် နည်းနေဆဲပင်ဖြစ်ကြောင်း ထားဝယ်မြို့ပေါ်ရှိ ဟိုတယ်ပိုင်ရှင် အများစုက ညည်းတွားနေကြသည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

အခန်းခနှုန်းထားကို ၃၀ ရာခိုင်နှုန်း အထိ ဈေးလျော့ထားသော်လည်း ဧည့်သည်တည်းခိုမှုက နည်းနေဆဲပင်ဖြစ် ကြောင်း ထားဝယ်မြို့ပေါ်ရှိ ဟိုတယ်ပိုင် ရှင်တစ်ဦးက ဆိုသည်။ အခန်းစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းသာ တည်းခိုသူရှိကြောင်း ၎င်းက ပြောသည်။

လက်ရှိကိုဗစ်ကပ်ဘေးသည် တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်သည့်အတွက် အခန်းခနှုန်းထားလျှော့ချခြင်း ထက် ဧည့်သည် အဝင်များစေရန် ဈေးကွက်မြှင့်တင်ခြင်း၊ ခရီးစဉ်ဒေသတိုးချဲ့ခြင်းကဲ့သို့ လုပ်ငန်းစဉ်များကို လုပ်ဆောင် နေကြောင်း တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။

“ဒါပေမဲ့ ချက်ချင်းတော့ ဖြစ်လာမှာတော့ မဟုတ်ဘူးပေါ့နော်။ အချိန် ကာလတစ်ခုတော့ ပေးရမှာပေါ့” ဟု ၎င်းက ပြောသည်။

ယမန်နှစ် မတ်လမှ ဇူလိုင်လအထိ တိုင်းအတွင်းရှိ ဟိုတယ်များတွင် တည်းခိုသည့် ပြည်တွင်း/ပြည်ပဧည့်သည် ခုနှစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့သော်လည်း ယခုနှစ်တွင် ယင်းလများအတွင်း နှစ်သောင်းခြောက်ထောင်ဝန်းကျင်သာရှိကြောင်း အထက်ပါ ဌာနထံမှ သိရသည်။ ရာခိုင်နှုန်းအားဖြင့် ၇၀ ရာခိုင် နှုန်းဝန်းကျင် ကျဆင်းသွားခြင်း ဖြစ်သည်။