တနင်္သာရီတိုင်း၏ အနာဂတ်

0
874

နေပြည်တော်တွင် မကြာသေးမီကကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် သဘောတူစာချုပ် အစိတ်အပိုင်းအချို့ကို ချုပ်ဆိုခဲ့သည်။

ယင်းတွင် အဓိကအားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက် ငါးချက်ပါဝင်သည်။ ယင်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို အနှစ်သာရ အားဖြင့် မည်သို့ ဖွဲ့စည်းမည် ဆိုသည့် အချက်များလည်း ပါဝင်သည်။

အသွင်သဏ္ဌာန်အားဖြင့် ပြည်နယ် မည်မျှ ဖွဲ့စည်းမည်၊ ပြည်နယ်များကို မည်သို့ဖွဲ့စည်းမည်၊ တိုင်းရင်းသား လူမျိုးများ စုပေါင်းနေထိုင်သော တိုင်းများ ကို မည်သို့ ခေါ်ဝေါ် သုံးစွဲမည်၊ ပြည်နယ် (သို့) တိုင်းဒေသကြီး ဖွဲ့စည်းပုံများကို မည်သို့ ခေါ်ဝေါ်မည်ဆိုသည့် အရေးကား သဘောတူညီမှုမရပါ။

ဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုးများ ရသင့်သည့်၊ ゞင်းတို့တွင် ရှိသင့် သည့် နိုင်ငံရေး အဆင့်အတန်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ဥပမာ ပြည်နယ် ရှိသင့်၊ မသင့်) ကဲ့သို့သော အရေးကိုလည်း အလွတ်သဘော တစ်မျိုး၊ တရားဝင်တစ်ဖုံ ဆွေးနွေး ပြောဆိုမှုများရှိသည်။
သို့သော် တနင်္သာရီတိုင်း၏ အနာဂတ်အရေးကိုမူ ဆွေးနွေးမှု မကြားရ သလောက်ပင်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အဓိကလူမျိုး နှစ်မျိုးဖြစ် သော ထားဝယ်နှင့် မြိတ်တို့၏ နိုင်ငံရေး အဆင့်အတန်း၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်အရေးကိုလည်း ဆွေးနွေးမှု မကြားရသလောက်ပင်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တနင်္သာရီတိုင်း အတွင်းမှ နိုင်ငံရေးပါတီ၊ အစုအဖွဲ့များ မပါသလောက်ပင်ဖြစ်နေခြင်းက ထိုသို့ ဖြစ်နေခြင်း အဓိက အကြောင်းရင်း ဖြစ်သည်။
ရွေးကောက်ပွဲဖြင့် တက်လာသော တနင်္သာရီတိုင်းအတွင်းမှ လွှတ်တော် ကိုယ်စားလှယ်များမှာ ပြည်မပါတီမှဖြစ်ရာ ကိုယ့်တိုင်းဒေသကြီး၏ အနာဂတ် နှင့် ပတ်သက်သည့် အရေးကိစ္စများ ဆွေးနွေးနိုင်ရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် လမ်းကြောင်း မရှိလှပါ။

ယင်းကြောင့် ကိုယ့်တိုင်းဒေသကြီး၏ နိုင်ငံရေး ကံကြမ္မာကို ကိုယ့်တိုင်း ဒေသကြီးအကြောင်း များစွာစိတ်ဝင်တစားမရှိလှသော နိုင်ငံရေးသမားများ လက်အတွင်း အပ်ထားရဆဲ ဖြစ်သည်။
ထိုကြောင့် နောက်လာမည့် ဆွေးနွေးပွဲများတွင် တနင်္သာရီတိုင်းဒေသကြီး အရေး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ တိုင်းရင်းသားလူမျိုးများအရေး ဦးစားပေးဆွေးနွေးနိုင်သော နိုင်ငံရေးသမားများ၊ နိုင်ငံရေးခေါင်းဆောင်များ လိုအပ်နေကြောင်း သတိပြုမိနိုင်ရေး မီးမောင်းထိုးပြလိုရင်း ဖြစ်သည်။

အယ်ဒီတာ (ဩဂုတ် ၂၂၊ ၂၀၂၀)