အပြင်မှ အတွင်းသို့

263
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အဓိက ပြောလိုတဲ့အကြောင်းအရာ တွေဆီကို မသွားခင် ကြားဖူးတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ပုံပြင်လေးတစ်ပုဒ် နဲ့ စတင်ချင်ပါတယ်။

ငြိမ်းချမ်းရေးအတွက် သက်ဆိုင်ရာ ခေါင်းဆောင်တွေ ဆွေးနွေးကြတယ် ဆိုပဲ။ ငြိမ်းချမ်းရေးဟာ တိုင်းပြည်မှာ အရေးအကြီးဆုံး၊ ငြိမ်းချမ်းမှ သာယာ ဝပြော၊ ဖွံ့ဖြိုးတိုးတက်မယ်။ ဆိုတော့ ငြိမ်းချမ်းရေး စာချုပ်မှာ လက်မှတ်ထိုး ကြဖို့ လိုတယ်။

ဒီလိုနဲ့ ဆွေးနွေးလိုက်ကြတာ လက်မှတ်ထိုးဖို့ဆိုရင် ဘယ်အချက်တွေ တော့ ဖြုတ်ပေး၊ ထည့်ပေး၊ အစိုးရဘက် က ဘာတွေတော့ ဖြည့်ဆည်းပေး၊ စသဖြင့် နဲ့ ငြင်းကြခုံကြရောတဲ့။ ငြင်းရင်းခုံရင်းနဲ့ တောင်းဆိုမှုတွေ ပါလာပြီ။ အဲဒါတွေ အပေါ်မှာ ထပ်ပြီး ငြင်းကြခုံကြ။ နောက် ဆုံးကျတော့ သူတို့ရဲ့နှုတ်ထွက်စကား တွေဟာ တိုင်းပြည်ဆိုတာမေ့ပြီး အဖွဲ့ အစည်းအကျိုး၊ ကိုယ့်အကျိုးအတွက် တွေ ဖြစ်သွားကုန်သတဲ့။ ဘယ်နိုင်ငံက ဖြစ်စဉ်ရယ်လို့ မမှတ်မိတော့တဲ့ ပုံပြင် တစ်ပုဒ်သာ ဖြစ်ပါတယ်။

အဲဒီလိုဆိုရင်တော့ မခက်ပေဘူးလား။

ကျွန်တော်၊ ကျွန်မတို့ဟာ နိုင်ငံနဲ့ လူမျိုးအတွက်၊ အများအကျိုးအတွက် ရည်သန်ပြီး လုပ်နေကြတာပါလို့ ပြောဆို နေတာတွေ ခဏခဏတွေ့ရမှာ ဖြစ်ပါတယ်။ အခုဆို ရွေးကောက်ပွဲကလည်း နီးလာ တော့ ပိုလို့တောင် ကြားရပါလိမ့်ဦးမယ်။

ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ကတော့ သူ့ရဲ့အတွင်းထဲအထိ ဆင်းကြည့်နိုင်ဖို့ ကြိုးစားရမှာပါပဲ။ ဒီအချက်ကတော့ အရေးကြီးမယ်လို့ ထင်ပါတယ်။

ထိုင်းနိုင်ငံရေးသမားတစ်ယောက်ရေးတဲ့ မြန်မာပြည်အကြောင်း ဝတ္ထု တစ်ပုဒ် ဖတ်ရတယ်။
၁၉၈၈ ခုနှစ်၊ စစ်တပ်က အာဏာ သိမ်းပြီးစအချိန်ကာလ မြန်မာပြည်မှာ အမေရိကန်နဲ့ ရုရှားတို့ ခြေရှုပ်ကြတာ ရယ် မြန်မာစစ်အစိုးရကို ပိတ်ဆို့အရေး ယူမှုတွေ လုပ်တာတွေရယ်အကြောင်းကို အခြေခံထားတဲ့ဝတ္ထုလို့ အကြမ်းဖျင်း ပြောနိုင်မယ်။

အခုက ဝတ္ထုဇာတ်အကြောင်းကို ပြောမှာတော့ မဟုတ်ပါဘူး။ အဲဒီထဲမှာ ပါတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ တွေ့ရတဲ့ ဇာတ်ကောင်တချို့ရဲ့ စရိုက်ကို ဆွဲထုတ် ပြီး ဆင်ခြင်ကြည့်လိုတာပါ။ ဒါက စာရေးဆရာက တိုက်ရိုက်ပြောဆိုထား တာ မဟုတ်ဘဲ ကျွန်တော့်ဘာသာ မြင်ကြည့် မိတာတွေ သက်သက်လည်း ဖြစ်ပါတယ်။

ထိုင်းအစိုးရအဖွဲ့ဝန်ကြီးတွေ အစည်းအဝေး လုပ်ကြတယ်။ ဘာအကြောင်း လဲဆိုတော့ ဒီလို။
အာဏာသိမ်းမြန်မာစစ်အစိုးရကို အမေရိကန်က အပြင်းအထန် ဝေဖန် ပြစ်တင်နေပြီး စီးပွားရေးအရလည်း အရေးယူနေတယ်။ အဲဒီတော့ ထိုင်းအစိုးရ အနေနဲ့လည်း မြန်မာနဲ့ ဖက်လှဲတကင်း ဆက်ဆံနေရင် အမေရိကန်ရဲ့ ငြိုငြင်မှု ကို ခံရနိုင်တယ်။ ဒီတော့ မြန်မာ့အရေး နဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ကြ မလဲဆိုတာကို ဆွေးနွေးကြတာ။

ထိုင်းအနေနဲ့ မြန်မာနဲ့ မဆက်ဆံ လို့ မရဘူး။ အိမ်နီးချင်းတိုင်းပြည်လည်း ဖြစ်တယ်၊ မြန်မာဆီမှာလည်း ထိုင်း အတွက် အကျိုးစီးပွား ဖြစ်ထွန်းစရာတွေ ရှိနေတယ်။ စီမံကိန်းတချို့အပါအဝင် မြန်မာနဲ့တွဲပြီး အလုပ်လုပ်စရာတွေ ရှိနေတယ်။ နောက်ပြီး နယ်စပ်အခြေစိုက် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ လည်း ရှိသေးတယ်။ သူတို့နဲ့ ဆက်ဆံရေး ကိုလည်း ငဲ့ကြည့်ရမယ့်ကိစ္စတွေ ရှိတယ်။

တစ်ဖက်ကလည်း အမေရိကန် အပါအဝင် အနောက်အုပ်စုတွေရဲ့ ထောက်ခံ မှုကိုလည်း လိုချင်တယ်။ တစ်ဖက်မှာ လည်း အိမ်နီးချင်းမြန်မာအစိုးရနဲ့ အလုပ်တွဲလုပ်မယ်။ ဆိုတော့ အဲဒီအခြေ အနေတွေထဲမှာ မျှခြေဖြစ်အောင် ဘယ်လို ကျင့်ကြံမလဲဆိုတာကို ဆွေးနွေးကြတာ။ ဆွေးနွေးကြတဲ့အခါ ဘာပဲဖြစ် ဖြစ် ထိုင်းအမျိုးသားအကျိုးစီးပွားကို အခြေခံရမယ်လို့ ဆိုတယ်။
ဒါကို အားလုံးကလည်း လက်ခံတယ်။

ငါတို့အားလုံးရဲ့ ဆွေးနွေးမှုတွေ ဟာ ငါတို့ ထိုင်းနိုင်ငံရဲ့အကျိုးစီးပွား အတွက်ပဲ ဖြစ်ရမယ်ပေါ့။
အမေရိကန်နဲ့ မိတ်မပျက်ဆက်ဆံ တာဖြစ်စေ၊ မြန်မာစစ်ခေါင်းဆောင် တွေနဲ့ အဆက်အသွယ်လုပ်ပြီး စစ် အစိုးရကို တစ်စုံတစ်ရာအသိအမှတ်ပြုပေး တာဖြစ်စေ အဲဒါတွေဟာ ထိုင်းနိုင်ငံ အတွက်ပဲ။

ဆိုတော့ အကြံပြုချက်တွေ ပေး မယ်ဆိုရင် ထိုင်းနိုင်ငံအကျိုးကို ရှေးရှု တဲ့ အကြံÓဏ်တွေပဲ ဖြစ်ကြရမယ်လို့ အားလုံးက သဘောတူတယ်။

ဒီနေရာမှာ တစ်ချက်သတိထားဖို့က အစိုးရအဖွဲ့ဆိုတာ နိုင်ငံနဲ့ လူမျိုးအကျိုး အတွက်ကိုပဲ ဗဟိုပြုစဉ်းစားကြတယ် ဆိုတာကိုပဲ။ အဲဒါကတော့ ရိုးရှင်းပါတယ်။

နိုင်ငံရေးသမားတွေ၊ အစိုးရအဖွဲ့ ဝင်တွေဟာ နိုင်ငံနဲ့ လူမျိုးအတွက် နိုင်ငံ ရေးလုပ်ကြတယ်လို့ပဲ ဆိုကြမှာပါပဲ။ ဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။

ခုနက ဝတ္ထုထဲက ထိုင်းအစိုးရ အဖွဲ့ဝင်တွေ ဆွေးနွေးခန်းကို ပြန်သွား ပါ့မယ်။
အဲဒီထဲမှာပါတဲ့ ဝန်ကြီးတွေဟာ ပါတီတစ်ခုထဲက လူတွေ မဟုတ်ဘူး။ ပါတီစုံကလူတွေ ပါတယ်။ သိတဲ့အတိုင်း ထိုင်းနိုင်ငံရေးက ရှုပ်ထွေးတယ်။ စစ်တပ် ကလည်း ပါတယ်။ ဘုရင့်လူလည်း ရှိတယ်။ ဝန်ကြီးချုပ်က စစ်ဗိုလ်ချုပ်တစ် ယောက်ပဲ။

ဆိုတော့ သူတို့ရဲ့ စဉ်းစားမှုတွေဟာ သူတို့ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကိုလည်း အခြေခံထားတာ ကို တွေ့ရပြန်တယ်။ ဒါပေမဲ့ အဲဒါကို တော့ ပါးစပ်က ထုတ်မပြောဘူး။ ဒါဟာ အမျိုးသားအကျိုးစီးပွားအတွက်ပါပဲလို့ပဲ ပြောတယ်။

အခု ဆွေးနွေးကြတဲ့ကိစ္စဟာ မြန်မာပြည်အရေးနဲ့ပတ်သက်လို့ ဘယ် လိုလုပ်ဆောင်ကြမယ်။ ရပ်တည်ကြမယ်။ ဘာအစီအစဉ်တွေ ဆွဲမယ်ဆိုတဲ့ကိစ္စပဲ။ အဲဒီမှာ တစ်ယောက်ချင်းစီကနေ အကြံဉာဏ်တွေ တင်ပြကြတယ်။ ဘယ်လို လုပ်ရင်တော့ ကောင်းမယ်ဆိုတာကို ထုတ်ပြောကြတယ်။ ငါ့အကြံကောင်း တယ်၊ သူ့အကြံ မဆိုးဘူး၊ ဟိုလူ့အကြံ ကတော့ အဆင်မပြေဘူး၊ စသဖြင့်ပေါ့။ ခြုံပြီးပြောရရင် ဒီအရေးမှာ ထိုင်းအကျိုး စီးပွားကို ဘယ်လိုကာကွယ်မလဲ၊ မြှင့်တင် မလဲဆိုတာကိုပဲ ဦးတည်တာ။

ဒါပေမဲ့ တကယ်တမ်းစဉ်းစားကြတဲ့ အခါ လူတစ်ဦးချင်းစီမှာ ကိုယ်စီ ရပ်တည် ချက်ရှိတယ်၊ လိုလားချက်တွေ ရှိတယ်။ တစ်ဦးချင်းစီက တင်ပြကြတဲ့ အကြံÓဏ် တွေရဲ့ နောက်ကွယ်မှာ အတ္တလေးတွေ ရှိတယ်။

ဆိုပါတော့ ဗိုလ်ချုပ်ကြီးက သူ့ အကြံတစ်ခုကို ထုတ်ပြောတယ်။

ထုတ်ပြောတဲ့အခါမှာ သူကိုယ်တိုင် က ဘာတွေးလဲဆိုတော့ သူ့အကြံကိုသာ ဒီအစည်းအဝေးက လက်ခံအတည်ပြု လိုက်ရင် နိပ်ပြီပေါ့။ နောက်ရွေးကောက် ပွဲမှာ စစ်တပ်ရဲ့ထောက်ခံမှုရော၊ လူထုရဲ့ ထောက်ခံမှုကိုပါ သူ ရနိုင်မယ်ပေါ့။ သူ့လိုပဲ တခြားဝန်ကြီးတွေကလည်း စဉ်းစားကြတာပဲ။ ကတ်ဘိနက်အစည်း အဝေးမှာ အကြံကောင်းဉာဏ်ကောင်းတွေ ပေးလိုက်နိုင်တဲ့အခါ ပါတီမှာ နေရာကောင်း ရမယ်။ လူတွေကလည်း သဘောကျမယ်ပေါ့။ ဆိုတော့ အပြိုင် အဆိုင်ပဲ အကြံÓဏ်ကောင်းတွေ ထုတ်ကြတယ်။

ဘုရင့်ဘက်တော်သားကလည်း ဘုရင်နှစ်ခြိုက်စေမယ့် အကြံအစည်မျိုး ကို ပေးရတာပေါ့။
တကယ်တော့ အဲဒါဟာ အတ္တအတွက် ပဲ။ ကိုယ်ကျိုးစီးပွားအတွက်ပဲ။

တစ်ဖက်က ကြည့်ရင် နိုင်ငံနဲ့ လူမျိုးအကျိုးလို့ ဆိုပေမဲ့ နောက်တစ်ဖက် ကကြည့်ရင် ကိုယ်ကျိုးကို အခြေခံပြီး စဉ်းစားတယ်ဆိုတာကို အဲဒီကနေ မြင်ရ ပါတယ်။ ဒါဟာ သတိပြုစရာအချက်လို့ လည်း တွေးမိတယ်။

လူတိုင်းမှာတော့ ကိုယ့်အတွင်း စိတ်ရဲ့ စေ့ဆော်မှုတွေ၊ မောင်းနှင်မှုတွေ ရှိနေကြမှာပဲ။ ဒါကိုတော့ ရှောင်လို့ မရဘူး။ ကိုယ်ဆန္ဒပြင်းပြလို့ လုပ်တယ်။ လုပ်ချင်လို့ လုပ်တယ်။ ဘာကြောင့်၊ ညာကြောင့်ရယ်လို့ မရှိဘူး။ ဘာအတွက်၊ ညာအတွက်ရယ်လို့လည်း သဘော မထားဘူး။ အများကောင်းကျိုး လုပ်နေ တာပါလို့ မဏ္ဍပ်တိုင် မထူဘူး။

ဒီသဘောကို နားလည်တဲ့သူဟာ စွန့်လွှတ်မှု၊ အနစ်နာခံမှုဆိုတာတွေ ထည့်မပြောကြပါဘူး။ ရိုးသားတယ်လို့ပဲ ပြောရမလား မပြောတတ်ဘူး။

ဒီမေးခွန်းလေးကို ဖြေကြည့်ပါ။ ဥပမာ သိပ်ကိုကျော်ကြားနာမည်ကြီးနေတဲ့ အဆိုတော်တစ်ယောက်ကို ခင်ဗျား ဘာလို့ သီချင်းတွေ ဆိုနေတာပါလဲလို့ သွားမေး ကြည့်တဲ့အခါ ပြည်သူပြည်သားတွေ အတွက်၊ ပြည်သူလူထုတွေ စိတ်နှလုံး ပျော်ရွှင်မြူးထူး အေးချမ်းသာယာစေဖို့ ရည်ရွယ်ချက်နဲ့ ဆိုနေတာပါလို့ ပြန်ဖြေ ရင် ယုံကြမှာလား။ ရိုးသားတဲ့သူဟာ အဲဒီလို ပြန်ဖြေမယ် ထင်ပါသလား။

ဒေါ်အောင်ဆန်းစုကြည်ပြော တယ်ဆိုတဲ့စကားတစ်ခုကို မနက်ကပဲ ဖတ်လိုက်ရတယ်။ စွန့်လွှတ်အနစ်နာခံရ တယ်လို့ သုံးနှုန်းရမှာကို သူ့အနေနဲ့ ရှက်တယ်တဲ့။ တကယ်တော့ ဒါဟာ သူ့ရဲ့ရွေးချယ်မှုပါပဲ။ သူရွေးချယ်ချင် လို့ ရွေးချယ်ခဲ့တာဖြစ်ပြီး ကြုံဆုံလာ သမျှကိုလည်း ခံနိုင်ရည်ရှိရမယ်တဲ့။ အမှန်ပဲ အဲဒီသဘာထားရှိနေတယ် ဆိုရင် သဘောကျစရာကောင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် သိတဲ့၊ နားလည်တဲ့ သူရဲ့သဘောထားလို့ ဆိုနိုင်မယ်ထင်ပါတယ်။

တစ်ခုတော့ ထပ်ပြီးသတိပြုဖို့ လို မှာပေါ့။ ကိုယ်ဆန္ဒရှိလို့ ကိုယ်လုပ်တယ်၊ ကိုယ်ရွေးချယ်ခဲ့တယ်။ ဒါဟာ အတ္တဆို ပေမဲ့ နှာခေါင်းရှုံ့စရာချည်းတော့ မဟုတ် ပါဘူး။ ကိုယ်လုပ်ချင်လို့ လုပ်တယ် ဆိုပေမဲ့ သူများကို မထိခိုက်စေတာ၊ ကိုယ့်ဆန္ဒဟာ ကိုယ့်အတွက်ချည်းပဲ မဟုတ်ဘဲ အများကို အကျိုးရှိစေတာမျိုး တွေဟာ ကောင်းတဲ့ကိစ္စတွေပဲ မဟုတ် လား။ စောစောကဝတ္ထုထဲကဟာကို လည်း ပြောင်းပြန် ပြန်ကြည့်ရင် အခုလို တွေ့ရလိမ့်မယ်။ ကိုယ့်အတ္တကိုအခြေပြု ပြီး စဉ်းစားတယ်ဆိုပေမဲ့ တစ်ဖက်မှာ လည်း နိုင်ငံ့အကျိုးစီးပွားကိုလည်း ဖြစ်စေ တာမျိုးပေါ့။ အဲဒီလိုဆိုလည်း ကောင်းတာပဲ။

အဲဒီလို တွေးနေမိရင်း လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က သိဒ္ဓတ္ထကို လှမ်းပြီး တွေးမိလိုက်ပြန်တယ်။

သိဒ္ဓတ္ထဟာ သူကြုံရတဲ့ စိတ်မွန်း ကျပ်မှုတွေ၊ ဘဝပြဿနာတွေကနေ လွတ်မြောက်ချင်တယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကို အဖြေရှာ ကြည့်ချင်တယ်။ ဒါဟာ သူ့ဆန္ဒသက်သက် ပဲ။ ဘယ်သူ့အတွက်မှ မရည်ရွယ်ဘူး။ နောက်တော့မှ၊ သူဟာ ဉာဏ်အလင်း တွေ ရလာတော့မှ သူသိမြင်ထားတာတွေ ကို လူအများကို ပြန်ပြောပြ၊ ပြန်မျှ ဝေရရင် ကောင်းမှာပဲဆိုတဲ့ စိတ်ဖြစ်တာ။ ဒါက ဗုဒ္ဓနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ နားလည်မှုပါ။

ဒီနားလည်မှုကနေ ကျွန်တော် သိမြင်လိုက်တာက လူတွေဟာ ဒါမှ မဟုတ် သတ္တဝါတွေဟာ ကိုယ့်ဆန္ဒ၊ ကိုယ့်စိတ်ရဲ့စေ့ဆော်မှုနောက်ကို လိုက် ကြတယ်။ အဲဒါကိုပဲ ဗဟိုပြုပြီး စဉ်းစား ကြံစည်လေ့ရှိကြတယ်၊ ပြီးတော့မှ အများအကျိုးအတွက် အသုံးပြုမလား၊ ကိုယ့်အတွက်ပဲ အသုံးချမလားဆိုတာ ကိုပဲ။ အဲဒါက ကိုယ့်ရဲ့ရွေးချယ်မှု ဖြစ် သွားပြီ။

ပြန်ပြီးချုပ်ရရင် လူတိုင်းဟာ သူ့ဆန္ဒနဲ့သူ ရှိနေကြတယ်။ သူဦးတည် တဲ့ သူ့အကျိုးစီးပွားတွေ ရှိနေတယ်။ ဒါပေမဲ့ ရိုးဖြောင့်သူတွေသာလျှင် ထုတ် ပြောကြလိမ့်မယ်။ ဒီလိုပဲ ကျွန်တော့် အနေနဲ့ တွေးမှတ်လက်ခံထားလိုက် တယ်။ အများစုကတော့ အများအကျိုး အတွက်ပါလို့ပဲ တွင်တွင်သုံးကြမှာပါပဲ။ ကျွန်တော်တို့အနေနဲ့ကတော့ သူများ တွေရဲ့အပြင်ပန်း ပြောစကားတွေ၊ လုပ်ရပ်တွေမှာပဲ လမ်းဆုံးမနေသင့်ဘဲ အတွင်းထဲအထိ ဆင်းကြည့်နိုင်ဖို့၊ မြင် နိုင်ဖို့ ကြိုးစားရလိမ့်မယ်လို့ တွေးမိတယ်။

ကန့်မောင်တာ