ဝေဒနာ ထောက်ပံ့ကြေး

0
1197

စေတနာဖြင့် လုပ်ဆောင်ခြင်းဖြစ်သော်လည်း ဝေဒနာကြုံရသည့် အဖြစ်မျိုးဆိုက်နေသည်။ အခြေခံ လူတန်းစားများအတွက် အစိုးရက ထောက်ပံ့သည့် ကိုဗစ်ထောက်ပံ့ကြေးနှင့်ပတ်သက်၍ ပေါ်ပေါ်တင်တင်တစ်မျိုး၊ ရင်ထဲတအုံနွေးနွေးဖြင့် ခံစားနေရသူက တစ်ဖုံ၊ တီးတိုးပြောသူကတသွယ် စသည်ဖြင့် ရပ်ရွာအတွင်း လူပြောများသည့် ကိစ္စဖြစ်လာသည်။

နှစ်လောင်းပြိုင်လူသတ်မှု နှစ်လကြာသည်အထိ ပဟေဠိ

အချို့က ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို တိုင်ကြားသည်မှ ဆန္ဒပြရန် စီစဉ်သည့်အထိ လုပ်ဆောင်လာကြသည်။ သာဓကအနေဖြင့် လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူး အတိုင်ခံရခြင်းနှင့် လောင်းလုံးမြို့ (က) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဆန္ဒပြရန်အထိ စီစဉ်ခဲ့ကြသည့် ဖြစ်စဉ်များ ဖြစ်သည်။

ပြဿနာ၏ အစ
ကိုဗစ်ထောက်ပံ့ကြေးငွေပေးရမည့် အခြေခံလူတန်းစား သတ်မှတ်ချက်သည် ယင်းပြဿနာ၏ အစဟု ကောက်ချက်ဆွဲနိုင်သည်။

အစိုးရသည် စီးပွားရေးအဆင် မပြေသည့် အခြေခံလူတန်းစားများ၏ စားဝတ်နေရေးကို ကုစားပေးသည့်အနေဖြင့် ကိုဗစ်ထောက်ပံ့ကြေးငွေပေးခြင်း ဖြစ်သည်။ အခြေခံလူတန်းစားအဖြစ် တိုင်းတာရန် သတ်မှတ်ချက်များကိုလည်း အစိုးရက ညွန်ကြားခဲ့သည်။

အစိုးရ သတ်မှတ်သော အခြေခံလူတန်းစား သတ်မှတ်ချက်များကို အနှစ်ချုပ်ရလျှင် ပုံမှန်ဝင်ငွေမရှိသော ကျပန်းအလုပ်သမား၊ နေ့စားအလုပ်သမားများဟု ဖွင့်ဆိုရလိမ့်မည်ဖြစ်သည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

သို့သော် မြေပြင်အခြေအနေတွင် ယင်းသတ်မှတ်ချက်အတိုင်း တိတိ ကျကျ လိုက်နာလုပ်ဆောင်ရန်မှာ အခက်အခဲရှိကြောင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး အချို့က ဝန်ခံကြသည်။

“ကိုဗစ်ထောက်ပံ့ကြေးပေးရတာ ရှင်းရှင်းပြောရရင် အစိုးရက ကျွန်တော်တို့ကို ရန်တိုက်ပေးတာနဲ့ အတူတူပဲ” ဟု လောင်းလုံးမြို့နယ် ခမောင်းတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က ဆိုသည်။

ဆင်းရဲချမ်းသာ ခွဲရခက်သည့် ပြဿနာကြောင့် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးအချို့က အစိုးရသတ်မှတ်သည့်အတိုင်း တိတိကျကျ လိုက်နာနိုင်ခြင်း မရှိတော့ဘဲ အချို့က ရွာလုံးကျွတ်ရနိုင်သည့်နည်းလမ်း၊ အချို့က အလှည့်ကျ ပေးသည့်နည်းလမ်း စသည်ဖြင့် တစ်ရွာနှင့် တစ်ရွာ မတူဘဲ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက မီးစဉ်ကြည့်ကရုံသာ တတ်နိုင်ကြတော့သည်။

အချို့ရွာများတွင် ကိုဗစ် ထောက်ပံ့ငွေကို အခြေခံလူတန်းစား မဟုတ်သော လူချမ်းသာများ၊ စားနိုင်၊ သောက်နိုင်သူများကပါ လက်လုပ်လက်စားသမားများနှင့် တန်းတူရကြသည်။ ယင်းကဲ့သို့ တန်းတူရကြသည်ကို တစ်ဆင့်စကားကြားခဲ့ရသော ထောက်ပံ့ကြေးမရသူ အချို့က ကိုဗစ် ထောက်ပံ့ကြေးပေးသည်က မျှတမှုမရှိဟု မြင်လာကြသည်။

တိုင်းအတွင်းရှိ ဟိုတယ် လေးပုံ တစ်ပုံ ပြန်မဖွင့်နိုင်သေး၊ ဧည့်သည် ၇၀ ရာခိုင်နှုန်း ကျဆင်း

သြဂုတ်လ ၂၀ ရက်က လောင်းလုံးမြို့(က) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆန္ဒပြရန်စီစဉ်ရခြင်း အကြောင်းမှာ မျှတမူမရှိဟုဆိုသည့် အချက်ကို အခြေခံခြင်းဖြစ်ကြောင်း ဆန္ဒပြရန် စီစဉ်သူတစ်ဦးဖြစ်သူ ဦးအောင်မြင့်က ပြောသည်။

“အုပ်ချုပ်ရေးမှူးက ထောက်ပံ့ကြေးပေးတာက မျှတမှုမရှိဘူး။ သူများ ရပ်ကွက်တွေမှာ လူတိုင်းရတာ ငါတို့ ရပ်ကွက်က ဘာလို့မရတာလဲ။ မျှမျှ တတဖြစ်စေချင်လို့ ဆန္ဒပြမယ်ဆိုပြီး စီစဉ်ကြတာ” ဟု ဦးအောင်မြင့်က ဆိုသည်။

မည်သို့ခွဲသင့်သနည်း
ထားဝယ်ခရိုင်ရှိ ရပ်ကွက်/ ကျေးရွာ အချို့တွင် ကိုဗစ်ထောက်ပံ့ငွေကို အညီအမျှ ခွဲဝေယူကြသည်ရှိသလို အလှည့်ကျလည်း ပေးကြသည်။ စုံစမ်း မေးမြန်းရသမျှ သိရှိရသည်မှာ လောင်းလုံးမြို့နယ်တွင် ထိန်တွင်းကျေးရွာ၊ လောင်းလုံးမြို့‌ပေါ်သုံးရပ်ကွက် ((က) ရပ်ကွက် မပါ)၊ သရက်ချောင်းမြို့နယ် သရက်နှစ်ခွ၊ စော်ဖျား၊ မော်ရှည်ကုန်း စသည့်ကျေးရွာများဖြစ်သည်။

ဦးတင့်ဇော် နေထိုင်သည့် ထိန်တွင်းရွာအတွက် ရရှိသည့် ထောက်ပံ့ငွေကို ရပ်ရွာအတွင်းရှိ အိမ်ထောင်စုအားလုံးကို အညီအမျှခွဲပေးရာ ကျပ် ၁၄၀ဝ၀ စီရရှိခဲ့သည်ဟု ဦးတင့်ဇော်က ပြောသည်။

ယင်းသို့ ခွဲယူခြင်းကြောင့် ဇာတ်လမ်း မရှုပ်စေတော့။ ရပ်ရွာအတွင်း တစ်ဦးနှင့် တစ်ဦး ပြောဆိုဝေဖန်မှုများ၊ အငြင်းပွားမှုများ မရှိစေခဲ့ဟု ၎င်းက ဆိုသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ကလည်း ယင်းကဲ့သို့ အညီအမျှခွဲဝေပေးသည့် စနစ်ဖြင့် လုပ်ဆောင်ရန် ညှိနှိုင်းခဲ့ကြကြောင်း စော်ဖျားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ရီက ဆိုသည်။

“မရတဲ့သူတွေက စောဒကတက် လာတာတွေရှိတော့ နောက်ဆုံး ကျွန်တော်တို့က အမုန်းဖြစ်တာပေါ့။ အခု တစ်ရွာ လုံးမှာရှိတဲ့ အိမ်ခြေကို အညီအမျှခွဲ လိုက်တာ” ဟု ဦးမောင်ရီက ပြောသည်။

ထိန်တွင်းကျေးရွာနေ ဒေါ်အေးမြင့်ကလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးက ယင်းကဲ့သို့ အညီအမျှခွဲဝေပေးသည်ကို ကျေနပ်လက်ခံသည်ဟု ဆိုသည်။

“ကျွန်မကတော့ ကျေနပ်ပါတယ်။ ကိုယ့်ထက်ချမ်းသာတဲ့သူတွေရလည်း ဘာဖြစ်လည်း ရပါစေပေါ့” ဟု ဒေါ်အေးမြင့် က ပြောသည်။

“အဲဒါကတော့ ရွာကလူကြီးတွေ စီစဉ်ပေးတဲ့အတိုင်းပဲ။ ကျွန်မတို့အနေနဲ့ ဘာပြောလို့ရမှာလဲ”

အုပ်ချုပ်ရေးပိုင်း၏ အခက်အခဲ
တိုင်းအစိုးရဘက်ကမူ ထိုကိစ္စကို သဘောကျဟန် မပြ။ စာအုပ်ကြီးမူအတိုင်း သွားစေချင်သည်။

ထိုကဲ့သို့လုပ်ဆောင်ခြင်းက အစိုးရ၏ လမ်းညွှန်ချက်နှင့် မကိုက်ညီသည့်အတွက် မဖြစ်သင့်ကြောင်း တနင်္သာရီ တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ဆိုသည်။

“တစ်ရွာလုံး အကုန်လုံးရရှိဖို့အတွက် စေတနာကောင်းနဲ့ ဘယ်လိုပဲလုပ်လုပ် ဒါသည် လမ်းညွှန်ချက်နဲ့ မကိုက်ညီဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် ယင်းကဲ့သို့ မဖြစ်စေရေး မည်ကဲ့သို့ကြပ်မတ်မည်ကိုမူ ဝန်ကြီးက ပြောဆိုခဲ့ခြင်းမရှိပေ။

ထိန်တွင်းကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း ထောက်ပံ့ကြေးကို အညီအမျှခွဲဝေသည်မှာ အစိုးရ ရည်မှန်းချက်နှင့် မကိုက်ညီသည်ကိုသိသည်။

“ကျွန်တော်လုပ်တဲ့ပုံစံက နိုင်ငံတော်ရည်မှန်းချက်နဲ့ ကွဲလွဲချင်ရင်လည်း ကွဲလွဲမှာပေါ့။ နိုင်ငံတော်ကတော့ ထင်မှာပေါ့ ဆင်းရဲသားတွေမှာ သွားနစ်နာတယ်ပေါ့။ အဲလိုမျိုးတွေ ရှိကောင်း ရှိနိုင်တယ်” ဟု ဦးတင့်ဇော်က ပြောသည်။

သို့သော် အခြေခံလူတန်းစားအဖြစ် သတ်မှတ်သည့်ဆင်းရဲချို့တဲ့သူဖြစ်/ မဖြစ် ဆိုသည်ကို တိုင်းတာရန်မှာ သူ့အတွက် ခက်ခဲသည်ဟု ၎င်းက ရှင်းပြသည်။ ရပ်ရွာအတွင်းနေသူအချို့မှာ တိုက်ဖြင့်တာဖြင့် နေထိုင်နိုင်ကြသော်လည်း ဆေးကုသရန်ပင် ငွေကြေးမတတ်နိုင်သည့်သူများလည်းရှိသည်။

လက်ရှိတွင် လောင်းလုံး(က) ရက်ကွက်သားအချို့က ထောက်ပံ့ကြေး မမျှတသည့်ကိစ္စကို ပြည်လည်စိစစ်ပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြထားသလို တီဇစ်အုပ်ချုပ်ရေးမှူးကို တိုင်ကြားထားသည့် ကိစ္စမှာလည်း အဖွဲ့ဖွဲ့ကာ စစ်ဆေးနေပြီဖြစ်သည်။

ယင်းကဲ့သို့ အဖွဲ့ဖွဲ့စစ်ဆေးရာတွင်လည်း တိုင်ကြားထားသူများ၏ ထွက်ဆိုချက်များအားလုံးကို မှတ်တမ်း မတင်ဟုဆိုကာ ဝေဖန်သံများထွက်ပေါ် နေပြန်သည်။

ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက်ခဲ့ရသည့် လူမှုစီးပွားများကို ကုစားနိုင်ရန်အတွက် အခြေခံလူတန်းစားများအား ထောက်ပံ့ကြေးပေးရန် အစိုးရ လုပ်ဆောင်ခဲ့သည်။
အစိုးရအနေနှင့် ပေါ့စေလို၍ ကြောင်ရုပ်ထိုးခဲ့သော်လည်း ဆေးကြောင့် လေးရချေပြီ။

အုပ်ချုပ်ရေးမှူးကို တိုင်ကြားရာတွင် ပါဝင်သူ တီဇစ်ကျေးရွာသား ဦးအုန်းဖေက အောက်ပါအတိုင်း မှတ်ချက်ပြုသည်။

“အစိုးရအနေနဲ့ ဘယ်လိုလုပ်သင့် သလဲဆိုတော့ ရွာထဲမှာ အရေးပါတဲ့ သူတွေကို အားလုံးတိုင်ပင်ဆွေးနွေး ပြီးမှ ထောက်ပံ့ပေးတဲ့ အစီအစဉ်နဲ့ လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ရွာမှာဖြစ်တဲ့ ပြဿနာမျိုး ဖြစ်တော့မှာ မဟုတ်ဘူးလို့ထင်တယ်”

ထားဝယ် သတင်းအဖွဲ့