ကိုဗစ်ကာလ စက်ချုပ်သမ

0
894

၁၂ လရာသီအလိုက် ပွဲတော်များအပြင် ရာသီအလိုက် ပြုလုပ်ကြတဲ့ အလှူအတန်းနဲ့ မင်္ဂလာဆောင်တွေဆီက လော်စပီကာနဲ့ဖွင့်တဲ့ သီချင်းသံတွေ၊ ဆိုင်းသံ၊ ဗုံသံ၊ အိုးစည်၊ ဒိုးပတ်သံတွေကို ခြိမ့်ခြိမ့်သည်းအောင် အသံကုန်ဖွင့်ကြတာဟာ နှလုံးသားတစ်ခုလုံး တဒုန်းဒုန်းနဲ့ သိမ့်ခနဲ သိမ့်ခနဲ တုန်ခါသွားစေတဲ့ အထိပါပဲ။

အဲသလို ရာသီအလိုက် ပြုလုပ်ကြ တဲ့ ပွဲလမ်းသဘင်နဲ့ အလှူအတန်း၊ သွားလမ်း၊ လာလမ်းတွေမှာ မိတ်သင်္ဂဟ တွေနဲ့ သူအပြိုင် ကိုယ်အပြိုင် ဝမ်းဆက် ကိုယ်စီနဲ့ လှချင်တိုင်းလှနေကြတာကတော့ ကလေး၊ လူကြီး၊ အမျိုးသမီး၊ အမျိုးသား အလွှာပေါင်းစုံက အရွယ်အစုံ ပါပဲ။

ဒီလို ပွဲလမ်းသဘင်နဲ့ အခမ်းအနားတွေဟာ ကိုယ့်ရွာမှာလည်းရှိသလို သူ့ရွာ ကိုယ့်ရွာ အပြန်အလှန်သွားကြရတာလည်း ရှိကြတာမို့ ကိုယ်တက်မယ့်ပွဲနဲ့ကိုက်ညီမယ့် အဝတ်အစားကို ကြိုတင်အပ်ပြီး ချုပ်ကြရတာပါ။ အဲဒါဟာ ကိုဗစ်မဖြစ်ခင်ကာလက ထားဝယ်ဒေသရဲ့ အခြေအနေ ဖြစ်ပါတယ်။

“အခုက ကျောင်းတွေလည်း ပိတ်ထားတယ်။ အလှူအတန်းနဲ့ သွားစရာတွေလည်း မရှိတော့ နည်းသွားတယ်” လို့ မအိအိဖြိုးက ဆိုပါတယ်။

မအိအိဖြိုးဟာ လောင်းလုံးမြို့နယ်၊ ကမျောကင်းကျေးရွာ၊ ထားဝယ်တက္ကသိုလ် ရှေ့မှာ နန်းထိုက်ဦး စက်ချုပ်ဆိုင် ဖွင့်လှစ်ထားသူပါ။

ကိုဗစ်မဖြစ်ခင်က ပွဲလမ်းသဘင်နဲ့ အခမ်းအနား၊ သွားလမ်း၊ လာလမ်းတွေကလည်း များတာမို့ လာအပ်ကြတဲ့ အပ်ထည်တွေကလည်း အမြဲများနေသလို ချိန်းဆိုထားတဲ့ နေ့မပြီးလို့ ထပ်ထပ် ချိန်းဆိုခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ထားဝယ်တက္ကသိုလ် ကျောင်းသူတွေနဲ့ တက္ကသိုလ်က ဆရာမတွေအပြင် အခြားနေရာက မိတ်ဆွေတွေလည်း လာချုပ်ကြတယ်လို့ ဆိုပါတယ်။

မအိအိဖြိုးက စခန်းကြီးရွာကနေ အဒေါ်ဖြစ်သူရှိတဲ့ ကမျောကင်းရွာ၊ ထားဝယ်တက္ကသိုလ်ရှေ့မှာ စက်ချုပ်ဆိုင်လေး လာဖွင့်တာ အခုဆို ၅ နှစ်ရှိပါပြီ။ အရင်ကတော့ ရွာမှာပဲ စက်ချုပ်နေခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်ဖြစ်ပြီးတဲ့နောက်ပိုင်း အထည်ချုပ်သူတွေလည်း ၅၀ ရာခိုင်နှုန်းလောက် နည်းသွားသလို ချုပ်ပြီးတဲ့ အင်္ကျီတွေကိုလည်း လာပြီးမယူကြလို့ ငွေအား လူအားစိုက်ထည့်ပြီး ဆိုင်မှာပဲ ထားထား ရတာတွေလည်းရှိလာတယ်လို့ မအိအိဖြိုး က ဆိုပါတယ်။

“ဝင်ငွေက မနည်းကွာသွားတယ်လေ။ အရင်တုန်းကတော့ ကျောင်းသူတွေ ရှိတော့ တစ်နေ့ကို သုံးလေးသောင်း လောက်ရတယ်။ အခုဆိုရင် မရှိဘူးလေ” လို့ သူမက ဆိုပါတယ်။

သူမဟာ ကိုဗစ်စဖြစ်ချိန် မတ်လ အကုန်လောက်မှာ ဆိုင်ကို တစ်လ ကျော်ပိတ်ထားခဲ့သေးပါတယ်။ နောက်တော့လည်း ဒီရောဂါက ဘယ်အချိန်ပြီးမယ်ဆိုတာကို မသိတဲ့အတွက် ပုံမှန်လေးပြန်ဖွင့်နေမှ ရမယ်ဆိုတဲ့ အသိနဲ့ ပြန်ဖွင့်ခဲ့ပါတယ်။

အကျီလာချုပ်ရင် ကိုယ်ဘယ်နေ့ ဘယ်အချိန် လိုချင်တယ်ဆိုတဲ့အကြောင်းကို စက်ချုပ်သမားကို ပြောရပါတယ်။ လာအပ်ထားသူတွေ များနေရင် ရက်ခပ်ခွာခွာချိန်းပြီး တစ်လလောက်ကြာမယ်၊ တစ်ပတ်လောက်ကြမယ်လို့ စသဖြင့် စက်သမားက ချိန်းဆိုပါတယ်။ ဝတ်စုံ တစ်စုံရဖို့ အနည်းဆုံးတော့ သုံးရက်ကနေ တစ်ပတ်ခန့်အချိန်စောင့်ပေးရသလို အများဆုံးကတော့ တစ်လကနေ သုံးလ လောက်အထိ စောင့်ပေးရတာတွေလည်း ရှိပါတယ်။

သီတင်းကျွတ်အခါမျိုးမှာ ဝတ်မယ့် အဝတ်အစားကိုတော့ ဝါဆို၊ ဝါခေါင်လတွေလောက်ကတည်းက အပ်ထားမှ သီတင်းကျွတ်အမီရတာမျိုးပါ။ တချို့ကလည်း ကိုယ်သွားမယ့် ပွဲလမ်းအမီ ချုပ်ပေးဖို့ စက်သမားကို အပူကပ်ရပါတယ်။

“အရင်ကတော့ ချုပ်ထည်များရင် ည ၁၀ နာရီကနေ ၁၁ နာရီထိတစ်ခါ တည်းအပြီးချုပ်တယ်။ အခုကတော့ ညနေ ၅ နာရီကနေ ၆ နာရီတွေလောက် ထိပဲ ချုပ်ဖြစ်တယ်” လို့ မအိအိဖြိုးက ဆိုပါတယ်။

အပ်ထည်အပေါ်မူတည်ပြီး ကော်ပိတ်ကပ်ရတာတွေ၊ ကြယ်သီးဝယ်ထည့်ရတာတွေ၊ ကပ်ပန်း၊ ကနုတ်ပန်း၊ စီကွင်း စသဖြင့် ချုပ်ထည်မှာ ထည့်မယ့်အရာတွေကို စက်သမားက ငွေအားစိုက်ထုတ်ထားရတာအပြင် လူအားလည်း စိုက်ထုတ် ထားရပါတယ်။

ကိုဗစ်ဟာ အပ်ထားတဲ့သူတွေအနေနဲ့ သူတို့အထည်တွေကို သွားပြီးမရွေးနိုင်အောင် ဖြစ်သွားစေခဲ့ပါတယ်။ သူမမှာ အထည်လာအပ်သူတွေအပြင် သင်တန်းသူတွေ ရှိနေတဲ့အတွက် ဆိုင်ခန်းခနဲ့ ကိုယ်တစ်ယောက်စာ စားဖို့ သောက်ဖို့၊ ဝတ်ဖို့နဲ့ လှလှပပလေးနေနိုင် ဖို့အတွက်တော့ အဆင်ပြေနေပါသေးတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာလမှာ ဒီလို အခြေအနေ ဖြစ်နေတာက မအိအိဖြိုးတစ်ယောက် တည်းမဟုတ်ပါဘူး။ စက်ဆိုင်အများစု လိုလို ကိုဗစ်ကြောင့် အနည်းနဲ့အများ ထိခိုက်ခံစားမှုတွေ ရှိနေတာပါ။

ရွာဘက်မှာ စက်ချုပ်နေရာက ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ကွက်မှာ စက်ချုပ်ဆိုင်လေးလာဖွင့်ပြီး သင်တန်းသူ အနည်းငယ်လက်ခံနေတဲ့ ရေဖြူမြို့နယ်ဘက်က ဒေသခံတစ်ဦးဖြစ်တဲ့ မဝေဝေလွင်လည်း ပါဝင်ပါတယ်။

“အပ်ထည်ကတော့ တော်တော်လေးကို ကျတယ်။ မရှိကို မရှိဘူးလိုပဲ။ ပွဲတက်တွေ၊ ထသွား၊ ထလာတွေ လုံးဝ မချုပ်ရတော့ဘူး” လို့ မဝေဝေလွင် က ဆိုပါတယ်။

ယခင်က တစ်ရက်ကို သုံးစုံလောက် ချုပ်နေရပြီး ညဘက်တွေ ၁၁ နာရီ လောက်အထိ ချုပ်ရတယ်လို့ ဆိုပါတယ်။ အပ်ထည်အသစ်တွေ မလာတဲ့အတွက် ဆိုင်ခန်းကို ပြန်အပ်ပြီး ရွာမှာ သုံးလလောက်ပြန်နေလိုက်ရတယ်လို့ သူမကဆိုပါတယ်။ ဆိုင်ခန်းခက တစ်လကို နှစ်သိန်းခွဲပေးရပါတယ်။ ပိုဆိုးတာက သူက အခုနှစ်အစောပိုင်းကမှ စပြီး ဆိုင်လာဖွင့်ထားတာဖြစ်တဲ့အတွက် မိတ်လည်း သိပ်မရှိသေးပါဘူး။

“အခန်းခက ငှားချိန်ဆို ပြန်ချိန်ရ တာပေါ့။ အခန်းခနဲ့ ကိုယ်လုပ်အားနဲ့ မမျှတဲ့ချိန်ဆိုတော့ နားလိုက်ရတာပေါ့” ဟု မဝေဝေလွင်က ပြောပါတယ်။

ရွာမှာ ပြန်နေတော့လည်း အလုပ်မဖြစ်လှတာမို့ မြို့မှာပဲ အရင်လို ဆိုင် ပြန်ဖွင့်ဖို့ သူမ စဉ်းစားခဲ့ပါတယ်။ ပြန်အပ် ထားခဲ့တာ သုံးလကြာသွားခဲ့ပေမဲ့ သူ့ဆိုင်ခန်းနေရာဟာ တခြားသူတွေဆီကို မရောက်သွားသေးပါဘူး။ ငှားသူမရှိတဲ့အတွက် ယခင်ဆိုင်ခန်းနေရာလေးကိုပဲ ပြန်ရခဲ့တယ်လို့ သူမက ဆိုပါတယ်။

အခုတော့ နည်းနည်း အဆင်ပြေလာပြီလို့ သူမက ပြောပါတယ်။ သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာက ဒေါ်စန်းဌေးကတော့ အပ်ထည် တွေချုပ်ရတဲ့ အခြေအနေက သုံးပုံမှာ တစ်ပုံလောက်လျော့ကျသွားတယ်လို့ ဆိုပါတယ်။ သူမကတော့ စက်ချုပ်လာတာ ဆယ်နှစ်ကျော်နေပြီလို့ ဆိုပါတယ်။

ပုံမှန်အချိန်တွေဆို မနက်ကနေ ည ၁၀ နာရီလောက်အထိ ချုပ်ရပြီး ပွဲလမ်းသဘင်ရှိတဲ့ သီတင်းကျွတ်လို ပွဲလမ်းသဘင်ရှိတဲ့လတွေမှာတော့ မိုးလင်းပေါက် ချုပ်ရတဲ့ အခါတွေမှာ နှစ်နာရီလောက်သာ အိပ်ချိန်ရှိခဲ့တယ်လို့ ဆိုပါတယ်။

“မပြီးဘဲနေရင် သူဝတ်မရဘဲနေမယ်လေ။ အိပ်တယ်ဆိုတာလည်း နေရာ မရှိဘူး။ စက်ခုံထက်မှာပဲ ခဏမှေး လိုက်တာမျိုး၊ အဲ့လောက်ပဲ၊ မနှစ်တွေတုန်းက အဲ့လိုပဲချုပ်ရတယ်” ဟု ဒေါ်စန်းဌေး က ဆိုသည်။

သူမမှာတော့ ချုပ်ထည်လာအပ်နှုန်း လျော့ကျသွားပေမဲ့ ချုပ်ထည်ပြတ်သွားတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ ပွဲလမ်းသဘင်နဲ့ သွားလမ်း၊ လာလမ်းတွေ မရှိတာကြောင့် အဝတ်ချုပ်ပြီးလို့ တစ်ပတ်၊ နှစ်ပတ်ကြာအောင် လာမရွေး သေးသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“လာချုပ်သူနည်းတော့ အိပ်ရေးဝ၀ အိပ်ရတာပေါ့” လို့ သူမက ပြောပါတယ်။

အိပ်ရေးဝ၀အိပ်စက်ခြင်းဟာ ကိုဗစ်ကာလမှ ပိုပြီးလိုအပ်တဲ့ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။

“အိပ်ရေး ဝ၀ အိပ်ပါလို့ ပြောထားတယ်လေ” လို့ ဒေါ်စန်းဌေးက ပြောပါတယ်။

မိုးမြင့်