အဖေ့သီချင်း

633
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မောင်ခက် ငယ်ငယ်တုန်းက အဖေ ဆိုလေ့ရှိတဲ့ သီချင်းတစ်ပုဒ် ရှိတယ်။
အဆိုတော် “ချစ်ကောင်း” ဆိုတဲ့ “အဖေနဲ့ သားများ”။

တစ်ခါတလေ အဖေ အဲ့သီချင်း လေးညည်းနေရင် ကိုယ်လည်း ဘာမှန်း မသိဘဲ လိုက်ညည်းတတ်ခဲ့တယ်။ အဲ တုန်းက စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ လွှင့်တဲ့ မြန်မာကားထဲမှာဆို အဲဒီသီချင်းနဲ့ မင်းသားကြီး ညွှန့်ဝင်း မြင်းကြီး စီးနေတာ ကြီးကို ကြည့်ပြီး မျက်ရည်ဝဲခဲ့ဖူးတာပဲ။ ဘာမှန်းသာ မသိတာ။ အဲသီချင်းစာသား က အတော်ထိတာကိုး။

နောက်တော့မှ အဲသီချင်းက ကလေး တစ်ယောက် တွေးသလောက် မရိုးရှင်းဘူး ဆိုတာ သိလာရတယ်။ နိုင်ငံရေးအရောင် တွေ ဆိုးထားတယ် ဆိုတာ နားလည်လာ တဲ့ အရွယ်ရောက်တော့ Brain Wash အတော်တောင် အရောင်လက်နေပြီ။

သီချင်းစာသားလေးကို သံစဉ်လေးနဲ့ ခံစားတုန်းက “အော်… မိသားစု သီချင်းလေး” ဆိုပြီး ကိုယ်တွေမှာ အတော် ခိုက် ခဲ့တာ ဆိုတာလေ။ အနုပညာရဲ့ ခံစားစေ စားမှုက ပုံသွင်းလွယ်တဲ့ နှလုံးသားတွေကို ဖမ်းစားသွားတာလေးပါ။ ကိုယ့်စိတ်ထဲ တော့ အဖေ ညည်းနေတဲ့ အခါတိုင်း အဖေ့ကို သနားမိတာနဲ့ ကြိုက်သွားမိတာ ထင်ပါတယ်။

“နိုင်ငံရေးဆိုတာ မိသားစုတွင်းက စတယ်” ဆိုတာလိုပေါ့။ လူထုခေါင်း ဆောင် အမေစုရဲ့ စကားပါ။ လူမျိုးမျိုး စိတ်အထွေထွေ၊ မတစ်ထောင်သားတွေ က တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းနေတာကို ထိန်းကွပ်ရတဲ့ အမေနေရာကိုသာ ဝင်ခံစားကြည့်ရင် မောင်ခက် စိတ်တွေ လေးလံသွားတယ်။ စိတ် ပင်ပန်းသွားတယ်။ အဲသီချင်းလေး ညည်းပြီး အားပြန်ယူတဲ့ အဖေ့ကို ပြန်မြင် ယောင်လာတယ်။

မောင်ခက် နေ့စဉ် ကျင်လည်နေတဲ့ ဘဝမှာလည်း ဒီလိုပါပဲ။ မိသားစုသေးသေး လေးတွေနဲ့ ဖွဲ့ဖွဲ့ထားတဲ့ မိသားစု အကြီး ကြီးတွေမှာ ပြဿနာပေါင်း သောင်းခြောက် ထောင်။ ဒုက္ခ၊ သုခ ဝေနေတာပါပဲ။ ဒါပေမဲ့ လောကဓံ အဆိုးလေးပါးနဲ့ ကြုံတဲ့ နိမ့်ကျတဲ့ အချိန်တွေ ဖြတ်ကျော်ရတိုင်း “ယူပါ ကယ်ပါဦး မပြောချင်ဘူး”ဆိုပြီး အံကြိတ် ရုန်းကန်ခဲ့တာပါပဲ။ မိတ်ဆွေ ကောင်းတွေနဲ့ အတူမျှဝေခံစား ကျော်ဖြတ် ခဲ့ကြတာပါပဲ။ တချို့ ဒုက္ခတွေက မိသားစု သော်မှ နားမလည်နိုင်လောက်တဲ့ ကျဉ်းထဲ ကျပ်ထဲမို့ “Comrade”လို့ ခေါ်တဲ့ ဒိုးတူ ဘောင်ဘက် ရဲဘော်ရဲဘက်တွေမှ နားလည် နိုင်တာမို့ပါ။

“ရေပွက်ပမာ တစ်သက်လျာတည်း”လို့ဆိုရင် ဒီဒုက္ခကြုံတဲ့ အချိန်ဟာ ရေတစ် ပွက်လိုပဲ ဘယ်လောက်များ ကြာနိုင်မလဲ ဆိုပြီး တောင့်ခံခဲ့ကြတာပါပဲ။ ချော်လဲခဲ့ကြ တာပဲ။ တဗြဲဗြဲ အော်ငိုပြီး “ဘယ်သူ လာကူ ပါ့မယ်”လို့ စောင့်နေခဲ့ကြတာ မဟုတ်ပါ ဘူး။ နေရိပ်ထဲ ရောက်နေပေမဲ့ နေလောင် ကွက်ကြီးတွေနဲ့ဆိုတာ မောင်ခက်တို့ပေါ့။

ဒါကြောင့် အနောက်တိုင်း ကလေး ထိန်းကျောင်းနည်း စာအုပ်တွေမှာ ကလေး ချော်လဲတိုင်း ပြေးမထူဖို့ ဖေဖေ၊ မေမေ တွေကို ပြောလေ့ရှိတာကိုး။ အမေရယ် အဖေရယ်လို့ ဖြစ်လာရင် သားသမီးဇော ကပ်တတ်ကြတာပါပဲ။ သူတို့ အနောက် တိုင်းတွေမှာ လူမှန်းသိစ ကတည်းက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည် နိုင်အောင် လေ့ကျင့်သင်ကြားပေးတာ အကြောင်းရှိတာကိုး။ ကလေးလေး ကြီးပြင်းလာလို့ ဝင်တိုးရမယ့် လူ့ဘောင် လောကကသည် “ချော်လဲ ဒူးပြဲ”တာထက် အဆ တစ်ရာမက ပြင်းထန်တာကိုး။ အဲတော့မှ “မတ်တတ်ရပ်လို့ လမ်းမှာ ငို” နေလည်း မရတော့ဘူးလေ။ အဲတော့ ခေတ္တခဏ မိဘဇော ကပ်တာလေးကို ခဏ အောင့်ထားပြီး သည်ကလေး ပြန်ထနိုင်အောင် စောင့်ကြည့်လေ့ကျင့် စေတာ ဖြစ်မှာ။

လောက လူသားအားလုံးဟာ ဘုရားရဲ့ သားသမီးတွေ ဖြစ်သော်ငြားလည်း မြတ်စွာဘုရားရှင်သော်မှ အကုန် ခပ်သိမ်း ကယ်တင်နိုင်တာ မဟုတ်။ တချို့ ဟာ ကျွတ်တန်း မဝင်ထိုက်သေးတဲ့ သူတွေ ဖြစ်နေရင်တော့ ခဏ ခေါက်ထားရတာ ပါပဲ။ ညတစ်ညရဲ့ ညဉ့်ဦးယံ၊ သန်းခေါင် ယံ၊ မိုးသောက်ယံ ကျော်လွန်တာနဲ့ အလုံးစုံ သိမြင်တော်မူတဲ့ သဗ္ဗညုတ ဉာဏ်တော်နဲ့ တစ်လောကလုံးကို ဝိုင်ဖိုင်လွှင့်ပြီး ဘယ်သား ဘယ်သမီးက ဖြင့် ကျွတ်ထိုက်ပြီဆိုပြီး ကွန်နက်ရှင် ရှာပြီး ချိတ်ပါတယ်။ အဲနေ့ မနက် အရုဏ်တက်ပြီ ဆိုတာနဲ့ ဆွမ်းခံကြွရင်း အဲသကောင့်သား သကောင့်သမီးကို တရားရေအေး တိုက်ကျွေးပြီး ကျွတ်တန်း ဝင်စေတာပဲ ဖြစ်ပါတယ်။ ကျည်တောက် စွပ်လည်း မဖြောင့်တဲ့ အမြီးပိုင်ရှင်တွေကို တော့ အထူးတလည် တရားရေအေး တိုက်ကျွေးမနေတော့။ မတော် ထကိုက်နေ မှဖြင့် နောက်တော်ပါ ရဟန်းငါးရာပါ အချောင် ခွေးရူးပြန် ကာကွယ်ဆေး ထိုးနေ ရမယ်။ ပိုနေမြဲ ကျားနေမြဲ၊ ခဏတော့ ပေယျာလကံ ပြုထားရတာပါပဲ။

အဇာတသတ်လိုမျိုး ကျတော့ ဒင်း ပြုခဲ့ဖူးတဲ့ အကုသိုလ်အစုစုတွေကို ကျေအောင် ဆပ်ပါစေတော့ ဆိုပြီး မောင်အဇာတသတ် (ခေတ္တအဝီစိ) ဆိုပြီး ခဏတော့ ဝဋ်ကြွေး တော် ပြေစေအောင် ချိုးမကပ်ရုံလေး စောင့်ရသေးတာပ။ အရပ်ဆယ်မျက်နှာ အမိအဖပါမကျန် ဂျင်းထည့်ခဲ့တာကိုး။ ကံနဲ့ ကံရဲ့ အကျိုးကို ယုံကြည်သူတွေအဖို့ နောင်ဘဝအထိ စောင့်နေစရာ မလိုပါဘူး။ တရားကျစရာ နေ့စဉ်ဘဝဟာလည်း တောထွက်စေဖို့ အကြောင်းတရားတွေ ဖန်လာနေတာပါပဲ။

အဖေရဲ့ Theme song ဖြစ်တဲ့ “အဖေ နဲ့ သားများ” သီချင်းကိုတော့ ပေါ်လစီ အရောင်တွေ မပါဘဲ အခုလည်း ညည်း ဖြစ်နေတုန်းပါပဲ။ အားယူရင်း ညည်းဆို ရင်းနဲ့ …

“သူလေ မပါရင်လေ
ဘာတွေများ ရှေ့ဆက် ဖြစ်ကြမလဲ
သူလေ မပါချင်ဘူး
ဒါပေမဲ့ သားဆိုးများကြောင့်
အခြေအနေတွေရယ်
မတည်ငြိမ်ဘူး ဆိုးဝါးလွန်းလှလို့
အချိန်တွေ မီရုံလေး
သူ ဝင်ပြီး ထိန်းသိမ်းရတော့မယ်
ဖခင် မဲ့ကာ
တစ်ယောက်တစ်မျိုးနဲ့ စရိုက်များ
အကွပ်မဲ့တဲ့ ကြမ်းပမာ
နေထိုင်ရင်း
အဆုံးအရှုံးများမယ့် အရေးကိုလည်း
တွေးကာ ပူ။
ယူပါ ကယ်ပါဦး
မပြောချင်ဘူး
ကိုယ့်ရဲ့ အိမ်တွင်းရေးကိုကွယ်
ယူပါ ကယ်ပါဦး
မပြောချင်ဘူး
ကိုယ်တိုင် ကြိုးစားမယ်လေ
ကိုယ့်ရဲ့ စွမ်းအင် ပြမယ့် စိတ်ဓာတ်တွေ
ဘယ်လို အတားအဆီးတွေ့ပါစေ
မမှုဘူးဟေ့
ဖခင် တစ်ယောက်ရဲ့ စိတ်ထားများ။”

မောင်ခက်စိမ်း