လူမှု လိုင်စင်

0
694

လူမှုလိုင်စင် (ဝါ) လူမှုခွင့်ပြုမိန့် ဆိုသည်က အင်္ဂလိပ်ဘာသာ Social Licence ကို ပြန်ဆိုထားခြင်း ဖြစ်ပါသည်။ အပြည့်အစုံဆိုလျှင် Social Licence to operate ဟု သုံးလေ့ရှိပြီး လုပ်ငန်းလည် ပတ်ရန်အတွက် လူမှုလိုင်စင်ဟု ပြန်သော် သင့်မည်ထင်ပါသည်။

လူမှုလိုင်စင်၏ အဓိပ္ပာယ်မှာ လုပ်ငန်းတစ်ခုအပေါ်တွင် လူအများ၏ လိုလားကြည်ဖြူမှုရှိခြင်းကို ယေဘုယျညွှန်းပါ သည်။ အနှစ်သာရအားဖြင့်မူ လူမှုလိုင်စင် ရှိခြင်းဆိုသည်မှာ လုပ်ငန်းတစ်ခုသည် လူအများ၏ အသိအမှတ်ပြုလက်ခံခြင်း၊ တာဝန်ယူ တာဝန်ခံမှု အပြည့်ရှိခြင်း၊ လူအဖွဲ့အစည်းရေးရာနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာများတွင် အများလက်ခံနိုင်သော နည်းလမ်းများဖြင့် တာဝန်ယူမှုရှိစွာ ဂရုတစိုက်လုပ်ဆောင် ခြင်းကြောင့် လူအများက ယင်းလုပ်ငန်းကို ယုံကြည်စွာ အားပေးထောက်ခံကြကာ ထိုလုပ်ငန်းလည်ပတ်နိုင်ခြင်းကို ညွှန်းပါ သည်။ ထို့ကြောင့် လူမှုလိုင်စင် ရရှိလိုပါက မိမိတို့ လုပ်ငန်းအပေါ် လူအများ လိုလားကြည်ဖြူမှု ရှိလာအောင် အထက်ပါ အနှစ်သာရများ မိမိတို့ လုပ်ငန်းတွင် ကျင့်သုံး နိုင်အောင် အားထုတ်ရမည့်သဘောရှိပါသည်။

ဤလူမှုလိုင်စင်နှင့် စပ်လျဉ်းသည့် အယူအဆမှာ သတ္တုတွင်း လုပ်ငန်းများမှ အခြေတည်ဖြစ်ပေါ်လာသည်ဟုဆိုကြပါသည်။ သို့လင့်ကစား ယနေ့အချိန်တွင်မူ ထိုအယူအဆ၊ အသုံးအနှုန်းကို အခြားသော စီးပွားရေးလုပ်ငန်း ကဏ္ဍများစွာတွင် အသုံးပြုလာနေပါသည်။ လူမှု လိုင်စင်မှာ အစိုးရဌာနများက ဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်နိုင်ရန် ထုတ်ပေးသော ခွင့်ပြုမိန့် လိုင်စင်နှင့် မတူလှပေ။

လူမှုလိုင်စင်သည်ကား မိမိတို့၏ လုပ်ငန်းအပေါ် လုပ်ငန်းတည်ရှိရာ အရပ်နေဒေသခံများ၊ ပြည်သူများ၏ လိုလား ထောက်ခံချက်ဖြစ်သည်။ ထိုသို့ လူမှု လိုင်စင်ရရန်မှာလည်း မလွယ်ပါ။ လုပ်ငန်း၏ လူထုအပေါ်အကျိုးပြုနိုင်မှု၊ တာဝန်ယူ တာဝန်ခံမှု စသည်တို့နှင့် သက်ဆိုင်သော ကိစ္စဖြစ်၍ လူထုအများ၏ လိုလားကြည်ဖြူသော လူမှုလိုင်စင်ရရန်မှာ ခက်နိုင်ပေသည်။

သို့ရာတွင် ထိုသို့ ခက်နိုင်သော လူမှုလိုင်စင်ကို အဘယ်ကြောင့် လူများ၊ လုပ်ငန်းများ အလေးထားလာ သနည်းဟု မေးစရာရှိပေသည်။ အဖြေမှာ လူမှုလိုင်စင်သည် လုပ်ငန်းတစ်ခု၊ အကြောင်းအရာကိစ္စတစ်ခုခုနှင့် အကြောင်းအမျိုးမျိုး ဖြင့် ပတ်သက်ဆက်နွှယ်နေသော လူများစွာကို ကျယ်ပြန့်စွာ ထည့်သွင်းစဉ်းစားခြင်း၊ အများပြည်သူအတွက် ပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူ တာဝန်ခံမှုရှိအောင် လုပ်ဆောင်ရန် လိုသည်ဟူသော ယူဆချက် ရှိခြင်းကြောင့်ပင်ဖြစ်၏။

လူမှုလိုင်စင်၏ အရေးပါပုံနှင့် ဆက်စပ်နေသည့် သာဓက ဥပမာများရှိ ပါသည်။ လူမှုလိုင်စင်၏ မြစ်ဖျားခံရာ သတ္တုတွင်း လုပ်ငန်းများကို ပြန်ကြည့်လျှင် ထိုလုပ်ငန်းများကြောင့် ပြည်သူလူထုတို့၏ လူမှုစီးပွား အခြေအနေများ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အခြေအနေများ ကိုကြည့်ရန်လိုပေမည်။ မြန်မာနိုင်ငံတွင်မူ သတ္တုတွင်းများကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးကာ လူများ၏ လူမှုစီးပွားကို ထိခိုက်သဖြင့် လူအများစုမှာ သတ္တုတွင်း လုပ်ငန်းလုပ်မည်၊ မိုင်းတူးမည်ဟုဆိုသော လုပ်ငန်းမျိုးဆိုလျှင် ခါးခါးသီးသီး ဖြစ်တတ်သည်။

အခြားတစ်ချက်မှာ သတ္တုတွင်းလုပ်ငန်းတစ်ခုသည် မည်မျှ ထုတ်လုပ်နေသည်၊ ပတ်ဝန်းကျင်ထိခိုက်မှု နည်းအောင်မည်သို့ ဆောင်ရွက်သည်၊ အစရှိသော သတင်းအချက်အလက်မှန်များကို လူထုသိခွင့်နည်းခြင်းကြောင့် ဖြစ်သည်။ ပွင့်လင်းမြင်သာမှု ရှုထောင့်မှ ကြည့်လျှင် ထိုသို့ လူထု သိခွင့် မရခြင်းမျိုးမှာ မကောင်းလှပေ။ ဤအခြေအနေမျိုးတွင် လူထုသည် လုပ်ငန်းများအပေါ် သံသယများစွာဖြစ်ကာ ထိုသို့သော လုပ်ငန်းမျိုးကို လက်မခံ မကြည်ဖြူခြင်းများ ရှိလာတတ်ပေသည်။

ဤကဲ့သို့ သာဓက အကြောင်းများကြောင့် သတ္တုတွင်း လုပ်ငန်းများကို လူထုက လက်မခံနိုင်ဘဲ ဆန့်ကျင်လျှင် လုပ်ငန်းလုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများ အနေနှင့် အခက်တွေ့မည်ဖြစ်သည်။ အထူးသဖြင့် အာဏာ ရှင်စနစ် မဟုတ်သော နိုင်ငံမျိုးတွင် လူထု၏ သဘောထားမှာ အရေးပါသည့်အလျောက် လူထုက လုပ်ငန်းတစ်ခုကို မလိုလား မကြည်ဖြူလျှင် ထိုလုပ်ငန်းမှာ အစိုးရက ထုတ်ပေးမည့် လိုင်စင်ပင်လျှင် ရနိုင်မည် မဟုတ်ပေ။

ယနေ့ အချိန်တွင်မူ နိုင်ငံများစွာတွင် လူမှုလိုင်စင် အယူအဆကို လုပ်ငန်းစုံ ကဏ္ဍစုံတွင် ထည့်သွင်းစဉ်းစားလာကာ ဥပဒေတွင် ထည့်သွင်းကာ လုပ်ငန်းများကို လိုက်နာစေခြင်းမျိုး ရှိလာပါသည်။ စိုက်ပျိုးရေး၊ စွမ်းအင်၊ ကုန်ထုတ်လုပ်ငန်း၊ ဓာတ်သတ္တု ကျောက်မျက် တူးဖော်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေး၊ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း စသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံလိုသော ကုမ္ပဏီ များသည် လူမှုလိုင်စင်ဆိုင်ရာ ယူဆချက်များကို ဥပဒေအရပင် အလေးထား ဆောင်ရွက်ရပေသည်။

ဥပမာ၊ စီးပွားရေးလုပ်ငန်းများသည် မိမိတို့လုပ်ငန်းများ အကောင်အထည် ဖော်မည့်ဒေသရှိ ဒေသခံပြည်သူများနှင့် အသိပေး ညှိနှိုင်းရခြင်း၊ လုပ်ငန်းကို ဒေသခံများထောက်ခံပေးလာအောင် ကြိုးပမ်းရခြင်း အစရှိသည့် လုပ်ငန်းစဉ်များ ကို ဥပဒေအရ မဖြစ်မနေလုပ်ဆောင် ကြရသည်။

ထိုသို့မဟုတ်လျှင် ဆိုင်ရာ အစိုးရဌာနက ထုတ်ပေးမည့် လုပ်ငန်း ခွင့်ပြုမိန့် လိုင်စင်ရရန် မဖြစ်နိုင်ပေ။ လိုင်စင်ရပြီး၍ လုပ်ငန်းလည်ပတ်နေနိုင်ပြီ ဖြစ်သော်လည်း လူထုက မကြည်ဖြူ၍ တိုင်လျှင်ပင် ထိုလုပ်ငန်းမှာ အစစ်ဆေးခံရ မည့် အနေအထားမျိုး ရှိသည်။

ထို့ကြောင့် လူမှုလိုင်စင်သည် လုပ်ငန်းများနှင့် လူထုအကြား ကာလရှည်ကြာ တည်ဆောက်ထားရသော ဆက်ဆံရေးမျိုးဖြစ်သည်။ ထို့ကြောင့်ပင် အချို့က လူမှုလိုင်စင်သည် လူအဖွဲ့အစည်းနှင့် ကုမ္ပဏီများ အကြားတည်ရှိနေသော မရေးထားသော စာချုပ်မျိုးဖြစ်ပြီး ကုမ္ပဏီအနေနှင့် ယင်း၏ လုပ်ငန်းများလုပ်ဆောင် ရာတွင် လူထု၏ လက်ခံမှု (ဝါ) လူထု၏ ခွင့်ပြုချက် လိုအပ်သည်ဟူသော သဘော မျိုးသက်ရောက်နိုင်ပေသည်ဟုဆိုသည်။

အချို့ကလည်း စီးပွားရေးလုပ်ငန်းတစ်ခု၏ တာဝန်ယူမှု တာဝန်ခံမှု ရှိမရှိ၊ ပွင့်လင်းမြင်သာမှု ရှိမရှိ၊ လူထု လက်ခံနိုင်သည့် နည်းလမ်းများနှင့် လုပ်ဆောင်ခြင်း ရှိမရှိကို လူထု၏ သဘောထားကောက်ခံကာ ထိုလုပ်ငန်း၏ လူမှုလိုင်စင်ကို တိုင်းလေ့ ရှိသည်။

လုပ်ငန်းတစ်ခုတွင် အရေးကြီး သည်မှာ ပြည်သူလူထုနှင့် ဆက်ဆံရေး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူထုသည် လုပ်ငန်းများ၏ ဖောက်သည် စားသုံးသူလည်း ဖြစ်ခြင်းကြောင့် ဖြစ်သည်။ လူထုအကြားတွင် နာမည်ဆိုး ထွက်သော ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများသည် ကြာကြာခံရန် ခဲယဉ်းပေသည်။ ထို့အတူပင် တစ်နည်းနည်းဖြင့် လူထု၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည်တို့ကို ထိခိုက်စေသော လုပ်ငန်းများ၊ ပွင့်လင်းမြင်သာမှု ကင်းလျက် ပြည်သူလူထုကို လုပ်ငန်းအကြောင်း ပွင့်လင်း မှန်ကန်စွာ မပြနိုင်သော လုပ်ငန်းများသည်လည်း လူထု၏ ဆန့်ကျင်မှုကို ကြုံရနိုင်ကာ လုပ်ငန်းများ ရပ်တန့်ရသည်အထိ ဖြစ်နိုင်ချေရှိပေသည်။

ထို့ကြောင့်လည်း ယနေ့ကာလတွင် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းများဟူ၍ တွင်တွင်ကျယ်ကျယ် ပြောလာကြသည်လည်း ရှိပါသည်။ လူထုနှင့် ဆက်ဆံရေး ကောင်းသော စီးပွားရေးလုပ်ငန်းများမှာ အများအားဖြင့် အောင်မြင်ရန်များပေသည်။ လူထုနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး ရှိဖို့၊ လူထုထံမှ ကြည်ဖြူမှု ရဖို့ဆိုသည်ကား လုပ်ငန်းတစ်ခုအနေနှင့် အချိန်ယူကာ တည်ဆောက်ရသော သဘောမျိုးဖြစ်သည်။

လုပ်ငန်းအကောင်အထည်ဖော်ရာတွင်လည်း လူထု၏ အသံကို နားထောင်ကာ လူထု၏ လူမှုစီးပွားကို မထိခိုက်အောင်၊ သဘာဝဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဂရုစိုက်ကာ လုပ်ဆောင်ရမည်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းတစ်ခုသည် လူမှုလိုင်စင်ရရှိထားသည်ဟု ဆိုလျှင် ထိုလုပ်ငန်းသည် လူထုအတွက် ငွေလှူခြင်း၊ လမ်းဖောက်၊ ကျောင်းဆောက်၊ တံတားခင်း အစရှိသော လုပ်ငန်းများကို လုပ်ခြင်းအားဖြင့် လူထု၏ ထောက်ခံ ကြည်ဖြူမှုကို ရယူခြင်းမျိုးကို ဆိုလို ခြင်းမဟုတ်ပေ။

စီးပွားရေးလုပ်ငန်းများ အနေနှင့်အထက်ပါ လုပ်ဆောင်မှုမျိုးကို လုပ်ဆောင်လိုက လုပ်ဆောင်နိုင်သော် လည်း လူမှုလိုင်စင်ရရန် ထိုသို့ချည်း လုပ်ဆောင်နေခြင်းမှာ နည်းမှန်မဟုတ် ပေ။ အမှန်နည်းလမ်းမှာ အထက်တွင် ဖော်ပြခဲ့ပြီးသညိ့အတိုင်း စီးပွားရေး လုပ်ငန်းများသည် မိမိတို့ လိုက်နာရမည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို အတိအကျ လိုက်နာခြင်း၊ ပွင့်လင်းမြင်သာ မှုရှိခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း၊လူ့အဖွဲ့အစည်း၏ လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိ စေရန် လုပ်ဆောင်ခြင်းဖြင့် လူမှုလိုင်စင်ကို ရယူနိုင်ခြင်းဖြစ်ပေသည်။

Ref :

https://www.investopedia.com/terms/s/social-license-slo.asp

Kevin Jenkins. (2018). Can I see your social licence please? Policy Quarterly – Volume 14, Issue 4 – November 2018 – Page 35. Victoria University of Wellington.

Sustainable Business Council. Social licence to operate. Retrieved from

https://www.sbc.org.nz/__data/assets/pdf_file/0005/99437/Social-Licence-to-Operate-Paper.pdf