လူထုက စောင့်ကြည့်နေသည်

0
998
editorial

ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် များစွာသော သတင်းပလင်း လှုပ်ရှားမှု များ စုံလင်လာသည်။
သမ္မတဦးသိန်းစိန် လက်ထက်ကတည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ရေး လုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်လာခဲ့သော အရပ်ဘက်အဖွဲ့အစည်း တစ်ခုကို စောင့်ကြည့်ခွင့် မပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဆုံးဖြတ်လိုက်သည်။


ပြည်ထောင်စု ငြိမ်းချမ်းရေး ပြန်လည်ကျင်းပရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော ရခိုင်လက်နက်ကိုင်အဖွဲ့ကို အစိုးရက မဖိတ်ခေါ်သဖြင့် မြောက်ပိုင်း တိုင်းရင်းသားမဟာမိတ် အဖွဲ့များက တက် ရောက်ရန် ငြင်းဆန်လိုက်သည်။

တပ်မတော်နှင့် နိုင်ငံရေး ပါတီ ၃၄ ခုတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး လွတ်လပ်၍ တရားမျှတမှု မရှိသော ရွေးကောက်ပွဲ မဟုတ်ပါက မည်သို့ တာဝန် ယူမည်ကို မေးခွန်းထုတ် ဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး ပြည်မမှ ပါတီ များစွာ တက်ရောက်ခဲ့ကြသည်။


ယင်းတို့မှ ဩဂုတ်လ ဒုတိယအပတ်အတွင်း ဖြစ်ပွားခဲ့သော အရေးတကြီး အဖြစ်အပျက်များ အချို့သာ ဖြစ်သည်။


ယင်းအဖြစ်အပျက် သုံးရပ်ကို ထောက်ချင့်ပါက မြန်မာ့ဒီမိုကရေစီခရီးအတွက် လွတ်လပ်မျှတသော ရွေးကောက်ပွဲ ကျင်းပရန် တာဝန်ရှိသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်သဘောထားကို မေးခွန်း ထုတ်ရမည် ဖြစ်သည်။ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ရန်သူမိတ်ဆွေ သဘောမထားဘဲ ဆွေးနွေးရမည့်အစား ရခိုင်လက်နက်ကိုင်အဖွဲ့ကို ငြိမ်းချမ်းရေး ညီလာခံသို့ မဖိတ်ခေါ်ခဲ့သည့် အစိုးရ၏ သဘောထား လုပ်ရပ်ကိုလည်း ဝေဖန်မှုများစွာ ရှိသည်။

တပ်မတော်နှင့် နိုင်ငံရေး ပါတီ ၃၀ ကျော်၏တွေ့ဆုံပွဲမှာ ပိုမိုအကျည်းတန် ပါသည်။ တပ်မတော်ကို နိုင်ငံရေးတွင် မပါဝင်စေရန် ဆွဲထုတ်စည်းရုံးရမည့် အစား၊ နိုင်ငံရေးကိစ္စများကို နိုင်ငံရေးပါတီများ၊ အစိုးရတို့ အချင်းချင်းဖြေရှင်း ရမည့် အစားယင်းနိုင်ငံရေးပါတီများက အရပ်ဘက်နိုင်ငံရေး ကိစ္စများတွင် တပ်မတော်၏ ပါဝင်မှုကို တရားဝင်သဘောဆောင်သည့် အသိအမှတ်ပြုမှုမျိုးဖြင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းမှာများစွာ အနုတ်သဘော ဆောင်ပါသည်။


ထိုအဖြစ်အပျက်များမှာ မြန်မာနိုင်ငံရေးအတွက် အရေးကြီးသော နှစ်ကာလ အပိုင်းအခြားတွင် တိုင်းပြည်နှင့် လူထုဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းမှန် ပေါ်မှ သွေဖည်စေသော လုပ်ရပ်များဖြစ်ကြောင်း တနင်္သာရီအပတ်စဉ်က မီးမောင်း ထိုးဖော်ပြလိုပါသည်။ လူထုအားလုံးက စောင့်ကြည့် မှတ်ကျောက်တင်နေပါ ကြောင်းလည်း သတိပေးလိုပါသည်။

အယ်ဒီတာ (ဩဂုတ် ၁၅၊ ၂၀၂၀)