တိုင်းအတွင်း အခွန်အများဆုံး ထမ်းဆောင်မှု ကော့သောင်းထိပ်ပြေး

0
389

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် တနင်္သာရီတိုင်းအတွင်း အခွန်အများဆုံး ထမ်းဆောင်ဆုရရှိသူများတွင် ကော့သောင်းခရိုင်က အများဆုံးပါဝင်ခဲ့ကြောင်း မြိတ်မြို့နယ်၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ အခွန်အများဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင် တစ်ထောင်စာရင်းတွင် တနင်္သာရီတိုင်းအတွင်းမှ လုပ်ငန်းရှင် ၁၆ ဦး ပါဝင်ခဲ့သည်ဟု မြိတ်မြို့နယ်၊ ပြည်တွင်းအခွန်ဦးစီးဌာနမှူး ဦးခင်မောင်ကိုး က ပြောပြသည်။

ကော့သောင်းရေထွက်ကုန် ရနောင်းဈေးကွက်တွင် ထက်ဝက်ဈေးကျ

အဆိုပါ ၁၆ ဦးတွင် ကော့သောင်း ခရိုင်မှ ၁၂ ဦးနှင့် မြိတ်ခရိုင်မှ လေးဦးတို့ ပါဝင်ခဲ့ခြင်း ဖြစ်သည်။

“ထားဝယ်ခရိုင်ကတော့ မပါပါ ဘူး။ မပါတာ ခုဆိုရင်နှစ်နှစ်ဆက်တိုက် ရှိပြီ” ဟု ဦးခင်မောင်ကိုးက ပြောသည်။

အခွန်အများဆုံး ထမ်းဆောင်ဆု ရရှိသူ အများစုမှာ ရေလုပ်ငန်း လုပ်ကိုင်သူများ ဖြစ်သည်။

အဆိုပါ အခွန်အများဆုံး ထမ်းဆောင်သူ တစ်ဆယ့်ခြောက်ဦးကို နိုင်ငံတော်အစိုးရက ဂုဏ်ပြုလက်မှတ်များ ချီးမြင့် ပေးအပ်ခဲ့ပြီး ယင်းပေးအပ်ပွဲကို သြဂုတ်လ ၇ ရက်နေ့တွင် မြိတ်မြို့ရှိ ဂရင်းဂျိတ်ဟိုတယ်တယ်၌ ကျင်းပပြု လုပ်ခဲ့ပြီး ဖြစ်သည်။

ပြည်သူများဆီမှ ရရှိသည့်အခွန်ငွေ များဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် လုပ်ငန်းများတွင် ပြန်လည်အသုံးချပြီး ယင်းအခွန်ငွေများ ရရှိမှသာလျှင် အစိုးရအနေနှင့် အလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံ/ဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က အခွန်အများဆုံး ထမ်းဆောင်သူ စာရင်းတွင် ကော့သောင်းခရိုင်မှ ရှစ်ဦးနှင့် မြိတ်ခရိုင်မှ ငါးဦးတို့ ပါဝင်ခဲ့သည်။

ကိုဆန်း