ရေအလွမ်း

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကျွန်တော်တို့ သုံးယောက်သား ရေတံခွန်ဆီ တက်ဖြစ်ကြတယ်။ ရေတံခွန် က နီးနီးလေးပဲ။ ရွာက တောင်ရဲ့အခြေမှာ ရှိတယ်။ ရေတံခွန်က အဲဒီတောင်ပေါ်ကနေ စီးကျနေတာ။ တောင်ကို အဝေးကနေ လှမ်းကြည့်ရင် စိမ်းညို့ညို့သစ်တော အုပ်ထဲမှာ တွေ့ရတဲ့ ဖြူဖြူကြောင်းကလေး ဟာ ရေတံခွန်ပဲ။


နေ့ခင်းဘက်ကျရင် ရွာထဲက ကလေး တွေ ရေလာလာချိုးလေ့ရှိကြတာမို့ ကျွန်တော်တို့ဟာ စောပြီး ထွက်ခဲ့ကြတယ်။


တောင်ခြေကနေ မြေနီလမ်းတစ် လျှောက် ဆယ်မိနစ်လောက် လမ်း လျှောက်မိရင်ပဲ ရေတံခွန်ကို စတွေ့ရပြီ။ ရေတံခွန်ဟာ ပေ နှစ်ဆယ်၊ သုံးဆယ် လောက်ပဲ ကျယ်လိမ့်မယ်လို့ ထင်ရတယ်။ ဘေးမှာကတော့ တောင်ကမ်းပါးယံတွေ နဲ့ အုံ့အုံ့ဆိုင်းဆိုင်း သစ်ပင်တွေ။ မိုးကတော့ ဖွဲဖွဲလေး ကျနေတယ်။


ကြိုတင်တွက်ဆထားတဲ့အတိုင်းပဲ အဲဒီမှာ ဘယ်သူမှ ရှိမနေဘူး။ ကျွန်တော် တို့ချည်းပဲ၊ သီးသီးသန့်သန့်၊ အေးအေး လူလူ။ အွန်လိုင်းပေါ်မှာ တွေ့နေမြင်နေ ကျဖြစ်တဲ့ လူတွေအုပ်စုလိုက် ဟိုနား တစ်စု၊ သည်နားတစ်စု ဆော့ကစားနေ တဲ့ မျက်စိနောက်စရာ မြင်ကွင်းမျိုး မဟုတ်ဘူး။


ရေတံခွန်တစ်ခုလုံးကို ကျွန်တော် တို့ချည်းပဲ ပိုင်ဆိုင်ခွင့်ရလိုက်သလိုမျိုး၊ အဲဒီခံစားမှုမျိုး ရစေတယ်။ တကယ်တော့ ရေတံခွန်ကို လူသားတွေ ပိုင်သလား၊ သဘာဝတရားက ပိုင်သလား။ ဒီမေးခွန်း ကို ဖြေဖို့တော့ ကျွန်တော့်မှာ ဉာဏ်မရှိဘူး။


ဒီရေတံခွန်ဟာ ၁၂ ရာသီ ရေရှိနေ လားလို့ ကျွန်တော်က မေးမိတယ်။ ယေဘုယျအားဖြင့်တော့ ရှိတယ်လို့ ဆိုနိုင်တယ်။ ပြီးခဲ့တဲ့နွေတုန်းကတော့ ခဏခမ်းသွားသေးတယ်တဲ့။


ဒီနှစ်ဟာ မကြုံစဖူး မိုးခေါင်တဲ့နှစ် ပဲ။ ဟိုရက်တွေကပဲ ဒီဒေသက လယ် သမားတွေ ညည်းကြတယ်ဆိုတဲ့သတင်း ကို ဖတ်လိုက်ရတယ်။ ဒီလိုဒေသမှာ တောင် ခေါင်တယ်ဆိုတဲ့အခါမှာ အညာ မှာဆို ပြောမနေနဲ့တော့။ ဘယ်နှနှစ် ဆက် ရှိပြီမှန်းတောင် ပြောဖို့ ခက်သွား ပြီ။


ရေတံခွန်ကနေ ရေတွေ တဝေါဝေါ စီးကျနေတာကို ကျွန်တော်ဟာ ထိုင် ငေးကြည့်နေမိတယ်။ ရေတံခွန်ကတော့ လှပါရဲ့။ ဒါပေမဲ့ စီးကျသွားတဲ့ ရေတွေ အတွက် နှမြောနေမိတယ်။ တစ်နေ့မှာ ကုန်ခမ်းသွားလေမလား စိတ်ပူမိတယ်။ ဆည်မြောင်းပညာရှင်မဟုတ်တော့ တစ် စက္ကန့်မှာ စီးကျသွားတဲ့ ပမာဏအတိုင်း အဆကို ကျွန်တော်ဟာ မတွက်ဆနိုင်ဘူး။


ကျွန်တော်ဟာ ကျွန်တော့်ဒေသဆီ ကို လှမ်းပြီး သတိရလိုက်မိတယ်။ ကျွန်တော့်ဒေသကတော့ ဒီလို တော တောင်စိမ့်စမ်းတွေ ထူထပ်တဲ့ ဒေသနဲ့ ဘာမှမဆိုင်ဘူး။ ခြောက်သွေ့မိုးနည်း၊ ခေါင်ခိုက်ပူပြင်းပြီး ဖုန်ထူတဲ့ ရပ်ဝန်းပဲ။ အညာလို့ ခေါ်ကြတယ်။ ဘယ်နေရာကို ကြည့်ကြည့် ဟင်းလင်းပြင်တွေချည်း မြင်ရမယ့် ဒေသ။


အညာမှာ မိုးခေါင်လို့ စပါးစိုက်ဖို့ ရေမရတဲ့အခါ ချောင်းတွေ၊ မြောင်းတွေ ကနေ ရေစုပ်စက်နဲ့ ရေတင်ပေးရတယ်။ အဲဒီရေစုပ်စက်ကနေထွက်တဲ့ ရေပမာဏ ဟာ ဒီရေတံခွန်ကစီးကျနေတဲ့ရေအားနဲ့ စာရင် ဘယ်လောက်ကမှ မရှိဘူး။ ဒီလို အားမျိုး၊ ဒီပမာဏမျိုးနဲ့ ၂၄ နာရီအပြတ် စီးထွက်နေအောင်ဆိုရင် ကုန်ကျမယ့် လောင်စာဆီဟာ ပင်လယ်ထဲက ရေလောက် များ ရှိသွားမလားဘဲ။ ဒီရေတံခွန်ဟာ ဟိုးအောက်ဘက် တစ်မိုင်လောက်မှာ ပင်လယ်ထဲကို စီးဝင်တာ။ ကျွန်တော်တို့ မနက်ကပဲ ပင်လယ်ကနေ ပြန်ခဲ့ကြတာ။ ချောင်းကလေးဟာ ပင်လယ်ဆီကို တသွင်သွင်စီးနေတာကို လမ်းမှာ တွေ့ခဲ့ ရတယ်။


ထွေရာလေးပါး ပြောဆိုကြရင်းနဲ့ ရေကိစ္စဆီ စကားရောက်သွားကြတယ်။ ဒီရွာကလေးအတွက် သောက်သုံးရေကို ဟောဒီတောင်ကြောပေါ်ကနေ ပိုက်နဲ့၊ ဝါးရေတံလျှောက်နဲ့ သွယ်ယူကြတာလို့ ရွာခံလူက ပြောတယ်။


ရေတံခွန်ရဲ့ဘေးနားမှာ တောင်ပေါ် ကနေ ဆင်းလာတဲ့ နှစ်လက်မပိုက်တစ် လုံးကို တွေ့ရတယ်။ ရွာရဲ့တစ်နေရာမှာ ကန်လုပ်ထားပြီး အဲဒီကန်ကနေ တစ်ရွာလုံး ကို ဖြန့်ပေးတာ။ ရေဆင်းအား ပြင်းလို့ ပိုက်ဆက်တွေ ပြုတ်ထွက်တဲ့အချိန်ကလွဲ လို့ ၂၄ နာရီ ရေမပြတ်ဘူး။ အိမ်မှာ ရေပိုက်ခေါင်းကို လှည့်ဖွင့်ရုံနဲ့ ရေကျ လာပြီးသားပဲ။ မော်တာနဲ့ တင်စရာမလို ဘူး။

မော်တာသုံးဖို့လည်း လျှပ်စစ်မီး ရှိမနေပါဘူး။


ကျွန်တော်တို့ဆီမှာတော့ ဒေသ တစ်ခုလုံးမှာ တွင်းရေကိုပဲ အဓိကထား သုံးကြရတယ်လို့ ကျွန်တော်က ပြောလိုက် မိတယ်။ ဒီစကားဟာ ဘာမှ ထူးခြားတဲ့ စကားမဟုတ်ဘူး။

ကျွန်တော်တို့ဆီမှာ ရေတွင်းတွေဆိုတာ ပေါမှပေါ။ အရင် တုန်းကတော့ လက်နဲ့တူးတဲ့ တွင်းကျယ် တွေ။ နောက်ပိုင်းကျတော့ စက်နဲ့တူးကြ တဲ့ တွင်းကျဉ်းကလေးတွေ။ မီးခလုတ် နှိပ်လိုက်ရုံနဲ့ ရေက ကန်ထဲကို တက်လာ ကြလိမ့်မယ်။ အခုဆို ကျွန်တော့်ရွာမှာ အိမ်တိုင်းလိုလိုပဲ စက်ရေတွင်းတွေ အလျှိုလျှို။


အဲဒီလိုပြောလိုက်တော့ ရွာခံလူက နှာခေါင်းရှုံ့တယ်။ မြေအောက်ရေတွေ တော့ ကုန်ပါပြီဗျာတဲ့။
ကျွန်တော်တို့ စကားဝိုင်းဟာ မြေအောက်ရေကိစ္စဆီကို ဦးလှည့်လို့ သွားပြန်တယ်။ ဒီနိုင်ငံမှာ မြေအောက်ရေ ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ပြောသံ ဆိုသံ၊ ဆွေးနွေးသံတွေ ရှိမနေတာကို တွေးမိတယ်။ ကျွန်တော်တို့ နေထိုင်တဲ့ မြေကြီးအောက်မှာ ရေတွေဟာ အလုံ အလောက် ရှိနေရဲ့လား။ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် ဘယ်လောက်တောင် ထုတ်ယူ သုံးစွဲနေသလဲ။

ပြန်လည်ဖြည့်တင်းနိုင်တဲ့ပမာဏကရော လုံလောက်တဲ့အနေ အထား ရှိနေလား။ ပြည်တွင်းက ရေ သယံဇာတပညာရှင်တို့ရဲ့ ရေးသားချက် တွေအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက် လောက်ဟာ မြေအောက်ရေကို သုံးစွဲနေ ကြရတယ်လို့ ဆိုတယ်။ ရေဟာ မြေကြီး ထဲကနေ ရနိုင်တယ်ဆိုပေမဲ့ ဘယ်လောက် ကြာကြာအထိ ရနိုင်မလဲဆိုတာကို သေချာတွက်ချက်ကြည့်နိုင်ဖို့လိုမှာပဲ။


ဒီဘက်နှစ်တွေ မိုးခေါင်ချက်က တော့ ကမ်းကုန်တယ်လို့ ဆိုရမလားဘဲ။ အရှေ့တောင်အာရှမှာ အကြီးမားဆုံး ဆိုတဲ့ သဖန်းဆိပ်ဆည်ကြီးဟာလည်း ရေတွေခမ်းလို့ နှစ်ပေါင်း နှစ်ဆယ်ကြာ အောင် ရေအောက်မှာ နစ်နေခဲ့တဲ့ ရွာတွေ၊ ကျောင်းကန်ဘုရားတွေ ပြန်ပေါ်လာ သတဲ့။ ကျွန်တော်တို့ဒေသရဲ့အခြေအနေ ဟာ အဲဒီလိုပဲ။


ပြီးခဲ့တဲ့နွေရာသီက ကိုဗစ်ကပ် ဘေးကြောင့် ရန်ကုန်အပါအဝင် မြို့ကြီး တွေမှာ အလုပ်တွေ၊ ရုံးတွေပိတ်ကြတော့ ကျွန်တော်လည်း နယ်မှာ သုံးလလောက် ပြန်နေခဲ့ရတယ်။ အဲဒီမှာ မကြာခဏ ကြားနေခဲ့ရတဲ့စကားသံတွေဟာ မိုးခေါင် ခြင်းနဲ့ ရေတွင်းတွေ ရေနည်းပါးလာခြင်း အကြောင်းတွေပဲ။ အရင်က မြေသားအနက် ပေ နှစ်ဆယ်၊ အစိတ်အထိ တက်တဲ့ရေက အခုဆို ပေ လေးငါးခြောက်ဆယ်အထိ ဆင်းသွားကြပြီ။ မီးခလုတ်လေး နှိပ် လိုက်ရုံနဲ့ ရေဟာ အပေါ်ကို တက်လာ တယ်ဆိုပေမဲ့ ဖောဖောသီသီ မဟုတ် တော့ဘူး။ တချို့ရေတွင်းတွေများ ပေ တစ်ရာ၊ နှစ်ရာ၊ သုံးလေးရာအထိ တူးရ တယ်။ ဒါတောင် ကျွန်တော်တို့ဒေသဟာ ရေရှားပါးတယ်ဆိုတဲ့ဒေသအဖြစ် စာရင်း မဝင်သေးဘူး။ ရေကို အဝေးကနေ သယ်ယူသွားပြီး ထောက်ပံ့ပေးနေရတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ တချို့ အောက်အရပ်တွေအကြောင်း တွေးမိရင် ပိုပြီး မောသွားစေတယ်။


အိမ်ကရေတွင်းဟာ ရေခန်းခြောက် လာတဲ့အကြောင်း သူငယ်ချင်းတစ် ယောက်ရဲ့ ညည်းတွားသံကို ကြားခဲ့ရ တယ်။ အရင်က ရပ်ကွက်ထဲမှာ ရေ အပေါဆုံးဆိုတဲ့တွင်းက အခုများ အိမ်မှာ သုံးတဲ့ ရေကန်နဲ့ အပြည့်ရဖို့ နှစ်ခါသုံးခါ စောင့်ပြီး တင်နေရတယ်။ အဲသလို ညည်းမိတော့ အခြားတစ်ယောက်က အရွှန်းဖောက်လိုက်သေးရဲ့။


“ငါ့အိမ်မှာ ရေတွင်းနှစ်တွင်း ရှိ တယ်။ လိုချင်ရင် တစ်တွင်း လာယူကွာ”တဲ့။ မောစရာတွေအလယ်က ရယ်စရာ ပါပဲ။


ဒီဒေသမှာတော့ ကံကောင်းကြပါ တယ်။ သဘာဝအတိုင်းပဲ စီးကျလာတဲ့ ရေကို ပိုက်နဲ့ သွယ်တန်းယူလို့ ရနေတယ်။ ဒီလိုကံကောင်းမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်၊ စောင့်ရှောက်ထား နိုင်ဖို့ဟာလည်း အရေးကြီးတာပါပဲ။


ဒီရေတံခွန်ကလေးဟာ အခုလိုပဲ အမြဲမပြတ် စီးဆင်းနေမယ်ဆိုရင် ရွာ ကလေးဟာလည်း ရေအတွက် ပူရမယ် မဟုတ်ဘူးလို့ ကျွန်တော့်ဘာသာ တွေးနေ မိတယ်။ ရေတံခွန်ကလေးရဲ့ အသက် ရှင်သန်နေဖို့ဆိုတာကလည်း ဒီသစ်ပင် တွေ၊ သစ်တောတွေအနေနဲ့ အခုလိုပဲ အခြေအနေမပြတ် ဆက်ရှိနေဖို့ လိုမှာပဲ။ ဒီတောင်ကြီးလည်း ဆက်ရှိနေဖို့ လိုမှာ ပေါ့။
ရေအကြောင်း ထိုင်ပြောရတာက လည်း လွမ်းစရာကောင်းနေပြန်တယ်။


ကန့်မောင်တာ