အိမ်တွင်းလေထုညစ်ညမ်းမှု

0
869

အိမ်တွင်းလေထုညစ်ညမ်းမှု အိမ်တွင်းလေထုညစ်ညမ်းမှုဆိုတာ အိမ်တွင်းလေဝင်လေထွက် စနစ်အား နည်းတာကြောင့် အိမ်တွင်းခိုအောင်းလျက်ရှိတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့လေကို ရှူမိရာကနေ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်ပွားတာ ဖြစ်ပါတယ်။

အဓိက ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေကတော့ ထင်း/ မီးသွေးမီးဖိုတွေကို အသုံးပြုပြီး အစားအသောက် ချက်ပြုတ်တာ၊ ဖယောင်းတိုင်/အမွှေးတိုင်/ ခြင်ဆေးခွေတွေ ထွန်းတာ၊ အိမ်တွင်းမှာ ဆေးလိပ်သောက်တာ၊ အညစ်အကြေးတွေ ထွက်တာနဲ့ အိမ်အနီးဝန်းကျင်မှာ အမှိုက်တွေ မီးရှို့တာ စတာတွေ ဖြစ်ပါတယ်။

လတ်တလော ခံစားရနိုင်တဲ့ရောဂါ လက္ခဏာတွေကတော့ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသက်ရှူကျပ်တာ၊ ပျို့တာ၊ နှာချေတာ၊ ချောင်းဆိုးတာနဲ့ မျက်စိ၊ နှာခေါင်း၊ လည်ချောင်း၊ အရေပြားယားယံတာ စတာတွေ ဖြစ်နိုင်ပါတယ်။

ရေရှည်ခံစားရတာကြောင့် ဖြစ်ပေါ် နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ၊ နာတာရှည်အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်၊ နှာခေါင်း၊ လည်ချောင်းနဲ့ အသံအိုးကင်ဆာရောဂါ၊ ကလေးငယ်တွေ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားနည်းတာနဲ့ ခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးတာတွေ ဖြစ်နိုင်ပါတယ်။

အိမ်တွင်းလေထုညစ်ညမ်းမှု လျော့နည်းစေဖို့ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့
၁။ နေအိမ်အခန်းတွေနဲ့ မီးဖိုချောင်ကို လေဝင်လေထွက်ကောင်းအောင် ထားပါ။

၂။ အိမ်တွင်းမှာ ဆေးလိပ်သောက်တာနဲ့ နေအိမ်ခန်းတွေကို အလုံပိတ်ပြီး မီးစက်မောင်းတာ၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေထွန်းတာတွေကို လုံးဝ မလုပ်ရပါ။

၃။ ချက်ပြုတ်ရာမှာ ထင်းနဲ့ မီးသွေးအစား လျှပ်စစ်မီး (သို့မဟုတ်) LPG ဓာတ်ငွေ့လောင်စာကို အသုံးပြုပါ။
လျှပ်စစ်မီး (သို့) LPG ဓာတ်ငွေ့မရရှိနိုင်တဲ့ နေရာတွေမှာ မီးခိုးထွက်နည်းစေဖို့ စနစ်တကျပြုလုပ်ထားတဲ့ မီးဖို အမျိုးအစားနဲ့ စနစ်တကျ ပြုပြင်ထားတဲ့ လောင်စာတွေကို ရွေးချယ် အသုံးပြုပါ။

၄။ အိမ်အနီးပတ်ဝန်းကျင်မှာ အမှိုက်သရိုက်တွေ စုပုံထားတာ၊ မီးရှို့တာတွေကို ရှောင်ကြဉ်ပါ။ အနံ့ဆိုးထွက်တဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူနေရပ်ကွက်နဲ့ လုံလောက်တဲ့ အကွာအဝေးမှာပဲ ပတ်ဝန်းကျင် သန့်ရှင်းရေးစံချိန် စံညွှန်းနဲ့အညီ စနစ်တကျ လုပ်ကိုင် ဆောင်ရွက်ပါ။

ရင်းမြစ်- ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန