မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ပြန်လည်များပြား

0
343

မွန်ပြည်နယ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်း တစ်နှစ်ထက်တစ်နှစ်ကျဆင်း လာသော်လည်း ယခု ၂၀၂၀ ခုနှစ်တွင် ငှက်ဖျားပြန်အဖြစ်များလာကြောင်း၊ အထူးသဖြင့် ရေးမြို့နယ်အတွင်းရှိ ၎င်းတို့ ထိန်းချုပ်ဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှုမှာ ပြန်လည်များပြားလာကြောင်း မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇွန်လကုန်ထိစာရင်းအရ တစ်ပြည်နယ်လုံးတွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၉၆၄ ဦးရှိပြီး ရေးမြို့နယ်သည် ၃၂၁ ဦးဖြင့် ငှက်ဖျားဖြစ်ပွားမှု အများဆုံးဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစည်သူ ရဲနောင်က ပြောသည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

“အဲဒီဒေသ (မွန်ပြည်သစ်ပါတီ ဒေသ) မှာ ဒီနှစ် ဆောက်လုပ်ရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေ တယ်။ ပြည်ပအကူအညီနဲ့ပေါ့။ အဲဒီမှာ အပြင်ကလာတဲ့လူတွေ တအားများတယ်။ ကွင်းဆင်းစစ်ဆေးချက်အရ အဓိကအချက်ကတော့ အဲဒီလူတွေ ကာကွယ်ရေးအတွက် ခြင်ထောင်နဲ့ မအိပ်ကြဘူး။ အဲဒီကနေ ငှက်ဖျား ပြန်ပြန်ဖြစ် လာတယ်” ဟု ဒေါက်တာစည်သူရဲနောင် က ပြောသည်။

ငှက်ဖျားပြန်အဖြစ်များလာသော်လည်း ငှက်ဖျားကြောင့် သေဆုံးမှုမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွင် ယမန်နှစ်များက ငှက်ဖျားရောဂါဖြစ်ပွားမှုမရှိခဲ့သော်လည်း ယခုနှစ်တွင် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဆက်စပ်သည့် ၎င်းတို့ထိန်းချုပ်ဒေသတွင်လည်း ငှက်ဖျားရောဂါ တစ်ဖန်ပြန်ဖြစ်ပွားလာသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

“ဒီနှစ်ကတော့ ငှက်ဖျားက ပြန်ပြီးတော့ တစ်ဖန် ပြန်ဖြစ်ပွားလာတယ်” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

ငှက်ဖျား ပြန်အဖြစ်များနေသည့် ဒေသသို့ မွန်ပြည်သစ်ပါတီမှ ကျန်းမာရေးဝန်ထမ်းတို့က သွားရောက် ကုသမှု ဆောင်ရွက်နေသလို ပြည်နယ်ပြည်သူ့ ကျန်းမာရေးဌာနကလည်း ကုသမှုများ လုပ်ဆောင်နိုင်ရန် မွန်ပြည်သစ်ပါတီနှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက ပြောသည်။

ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့နှင့် နယ်မြေထိစပ်နေခြင်းနှင့် ဝေးလံခေါင်ဖျားပြီး ကျန်းမာရေးဌာနက လက် လှမ်းမမီသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများရှိသည့် ဘီးလင်းမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ငှက်ဖျားဖြစ်ပွားမှု အများဆုံးဒေသဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ် ကျန်းမာရေးဦးစီး ဌာန၊ ငှက်ဖျားရောဂါကာကွယ်တိုက် ဖျက်ရေးဌာနကလည်း မွန်ပြည်နယ် အတွင်း ငှက်ဖျားဖြစ်ပွားမှုနှုန်းလျော့ကျ လာစေရန် ငှက်ဖျားရောဂါနှင့်ပတ်သက်သည့် ကာကွယ်ရေး၊ ကုသရေးအပြင် ကျန်းမာရေး အသိပညာပေးလုပ်ငန်း များကိုလည်း NGO, INGO အဖွဲ့အစည်းတို့နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။