မိုင်းပိတ်သိမ်းရေးအစီအမံနှင့် ရန်ပုံငွေ မရှိသေးသည့် မြန်မာပွန်ပီပက်ကုမ္ပဏီ

0
751

မြန်မာနိုင်ငံတွင် ထင်ရှားသော သတ္တုတွင်းတစ်ခုဖြစ်သည့် ဟိန္ဒား သတ္တုတွင်းတွင် ခဲမဖြူ-အဖြိုက်နက် ထုတ်လုပ်ခဲ့သည့် မြန်မာပွန်ပီပက် ကုမ္ပဏီသည် မိုင်းပိတ်သိမ်းရေးအစီအမံနှင့် ရန်ပုံငွေ မထားရှိသေးကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၏ ဖြေကြားချက်အရ သိရသည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

မိုင်းပိတ်သိမ်းရေးအစီအမံဆိုသည်မှာ သတ္တုတူးဖော်ချိန်တွင် ထွက်ရှိလာသည့် အပေါ်ယံမြေဆီလွှာများ၊ စွန့်ပစ်ကျောက်များကို သီးခြားစီ စနစ်တကျစုပုံထားရှိခြင်း၊ ရေစစ်ကန်များ တည်ဆောက်ခြင်း၊ ပျိုးခြံများတည်ထောင်ပြီး ဒေသနှင့် ကိုက်ညီသည့် သစ်ပင်များ၊ ပျိုးပင်များကို ကြိုတင်ပျိုးထောင်ထားရှိခြင်း၊ သတ္တုတွင်း ပိတ်သိမ်းချိန်၌ တူးဖော်ခဲ့သော ကျင်းများ၊ ချိုင့်များကို စွန့်ပစ်မြေစာများဖြင့် ပြန်လည်မြေဖို့ ပေးပြီး မြေညှိပြုပြင်ခြင်း၊ မြေဆီလွှာများဖုံးခြင်း၊ ဒေသနှင့်ကိုက်ညီသော သစ်ပင်များကို စိုက်ပျိုးပေးခြင်း၊ ရှင်သန်ကြီးထွားအောင် စောင့်ကြည့်ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများအတွက် စီမံချက်ကို ဆိုလိုသည်။

မိုင်းပိတ်သိမ်းရေးရန်ပုံငွေမှာမူ ဓာတ်သတ္တုထုတ်လုပ်မှု လုပ်ငန်းပြီးဆုံးခြင်း သို့မဟုတ် ပိတ်သိမ်းသည့်အခါ လုပ်ငန်းမြေနေရာအား သတ္တုတွင်းပိတ်သိမ်းမှု အစီအစဉ်ပါအတိုင်း မြေယာပြုပြင်ခြင်း၊ ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေထူထောင်၍ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရမည့် တာဝန်ဖြစ်သည်။

လွှတ်တော်သို့ ရောက်ရှိသွားသည့် ရေကြည်ငါးဖမ်းမှု

ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီဖြစ်သည့် မြန်မာပွန်ပီပက်ကုမ္ပဏီသည် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ဟိန္ဒားသတ္တုတွင်းတွင် သတ္တုထုတ်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။

မြေဧက ၂၁၀၅ ဒသမ ၆၀တွင် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောနှောသတ္တုအကြီးစားထုတ်လုပ်ခွင့်ရရှိခဲ့ပြီး နှစ်ပေါင်း နှစ်ဆယ်အကြာ သတ္တုထုတ်လုပ်ခဲ့သည်။

ယင်းကုမ္ပဏီသည် ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်တွင် ၎င်း၏ သတ္တုတူး ဖော်ခွင့်သက်တမ်းကုန်ဆုံးခဲ့ပြီး ဖြစ်သည်။

သတ္တုထုတ်လုပ်ခွင့် ကုန်ဆုံးခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သတ္တုတွင်းပိတ်သိမ်းရေးအစီအမံနှင့် ရန်ပုံငွေ မထားရှိသေးပေ။

ဟိန္ဒားသတ္တုတွင်းအပါအဝင် မြန်မာနိုင်ငံရှိ တူးဖော်ပြီးနှင့် တူးဖော်ဆဲ သတ္တုတွင်းများတွင် သတ္တုတွင်းပိတ် သိမ်းခြင်းအစီအမံများ ဆောင်ရွက်ထားခြင်းရှိမရှိကို သြဂုတ်လ ၆ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကရင်ပြည်နယ်မှ ကိုယ်စားလှယ် ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်က မေးမြန်းခဲ့သည်။

သတ္တုတွင်းပိတ်သိမ်းခြင်းနှင့်ပတ် သက်ပြီး အမှတ် ၂ သတ္တုတွင်းလုပ်ငန်းမှ မြန်မာပွန်ပီပက်ကုမ္ပဏီလီမိတက်သို့ မိုင်းပိတ်သိမ်းခြင်း အစီရင်ခံစာ ရေးဆွဲတင်ပြရန် ညွှန်ကြားထားသည်ဟု သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဖြေကြားခဲ့သည်။

၎င်းအပြင် ပြန်လည်ထူထောင်မှု ရန်ပုံငွေ ထားရှိရန် ဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က ညွှန်ကြားထားသည်ဟု ဒေါက်တာရဲမြင့်ဆွေက ပြောသည်။

မိုင်းပိတ်သိမ်းရေးအစီအမံနှင့် ပြန်လည်ထူထောင်ရေးရန်ပုံငွေကိစ္စနှင့် ပတ်သက်၍ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း တနင်္သာရီတိုင်းဒေသကြီး အထွေထွေမန်နေဂျာ ဦးနိုင်မျိုးဟန်အား မေးမြန်းခဲ့ရာ ကုမ္ပဏီအနေဖြင့် ရန်ပုံငွေကို မိုင်းပိတ်သိမ်းရေးအစီအမံအတွင်း ထည့်ဆွဲလျက်ရှိသည်ဟု ဖြေကြားသည်။

“Mine Closure Plan (မိုင်းပိတ် သိမ်းရေးအစီအမံ) မှာ ဒါတွေပါလာမှာ ပေါ့။ Mine Closure Plan ဆိုတဲ့ အထဲမှာ မိုင်းပိတ်သိမ်းဖို့အတွက် ရန်ပုံငွေကို ဘယ်လောက်သုံးပါမယ်။ သစ်ပင် ဘယ်လို စိုက်ပါမယ်။ ဘယ်နေရာမှာ ဘယ်လိုဆိုတာ ဒါတွေပါမှာပေါ့” ဟု ၎င်းက ပြောသည်။

ရန်ပုံငွေကို မည်မျှသုံးစွဲမည်ဆိုသည်ကို ကုမ္ပဏီဘက်က မိုင်းပိတ်သိမ်း ရေးအစီအမံတွင် ထည့်သွင်းရေးဆွဲရမည် ဖြစ်ပြီး တင်ပြလာသည့် ယင်းအစီအမံကို ဝန်ကြီးဌာနအနေဖြင့် ပြန်လည်စိစစ်မည်ဖြစ်ကြောင်း ဦးနိုင်မျိုးဟန်က ပြောသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာ့သတ္တု တွင်းနည်းဥပဒေများတွင် ထုတ်လုပ်မှု မစတင်မီကာလတွင် ဓာတ်သတ္တု လုပ်ငန်းရင်းနှီးမြှုပ်နှံငွေ၏ အနည်းဆုံး ၂ ရာခိုင်နှုန်းကိုရန်ပုံငွေ ထားရှိရမည်ဟု ပါရှိသည်။

ယင်းနည်းဥပဒေအသစ်အရ တနင်္သာရီတိုင်းအတွင်း သတ္တုတွင်းများအနက် သက်တမ်းထပ်တိုးခွင့်ရသည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုရာတွင် မိုင်းပိတ်သိမ်းရန်ပုံငွေ ၂ ရာခိုင်နှုန်းအပါအဝင် ရန်ပုံငွေ သုံးရပ်ကိုပါ ထူထောင်ထားရှိရန် ထည့်သွင်းချုပ်ဆိုလျက်ရှိသည်ဟု ဦးနိုင်မျိုးဟန်က ဆိုသည်။

မြန်မာပွန်ပီပက်ကုမ္ပဏီမှာမူ သက်တမ်းတိုးခွင့်လျှောက်ထားသော်လည်း သက်တမ်းတိုးခွင့်မရသေးသည့်အတွက် ၎င်းကို သီးခြားအနေဖြင့် လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

မြန်မာပွန်ပီပက်ကုမ္ပဏီ မိုင်းပိတ်သိမ်းရန်ပုံငွေမထားခြင်းမှာ ယခင်က ယင်းသို့ထားရှိရမည့် စနစ်များမရှိခဲ့သောကြောင့်ဖြစ်သည်ဟု ဦးနိုင်မျိုးဟန် က ဆိုသည်။

မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့(MATA) မှ တနင်္သာရီ တိုင်းအလုပ်အဖွဲ့ဝင် ဦးအောင်လွင်ကမူ ယခုကဲ့သို့ ပြဿနာများဖြစ်ပွားနေရခြင်းမှာ မြန်မာပွန်ပီပက်ကုမ္ပဏီအနေဖြင့် စတင်လုပ်ကိုင်ချိန်ကတည်းက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များကို ထိရောက်စွာ မလုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဝေဖန်သည်။

“သတ္တုတွင်းမှာ EIA(သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက်) တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်တွေ မထွက်လာခင်ကတည်းကတောင်မှ သတ္တုတွင်းမှာ မိုင်းဒီဇိုင်းဆိုတာရှိပြီးသား။ အဲဒီအတိုင်းလုပ်ရင် တချို့ဟာတွေ သည် သူ့ဟာသူ ပြီးသွားမှာ။ တစ်ခွန်းတည်းပြောမယ်ဆိုရင် လုပ်ထုံးလုပ်နည်းတွေကို စာရွက်ထဲမှာပဲ ထားထားလို့။ မြေပြင်မှာ အကောင်အထည်မဖော်တဲ့အတွက် အဲဒီလို ပြဿနာဖြစ်တာ” ဟု ဦးအောင်လွင်က ဆိုသည်။

မိုင်းပိတ်သိမ်းရေးအစီအမံနှင့် ပြန်လည်ထူထောင်ရေးရန်ပုံငွေများ မထားရှိခြင်းက လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးခဲ့ရသည့် ဒေသအတွက် များစွာနစ်နာသည်ဟု အမျိုးသားလွှတ်တော်တွင် သတ္တု မိုင်းပိတ်သိမ်းရေးအစီအမံအကြောင်း မေးခွန်းမေးမြန်းခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်က ပြောသည်။

“မိုးတွင်း မြောင်းပြိုချောင်းကြီး ပြိုကျလာရင် ဘယ်သူတာဝန်ယူမလဲ။ သတ္တုတွင်းကရော တာဝန်ယူမလား” ဟု ၎င်းက မေးခွန်းထုတ်သည်။

မြောင်းပြိုကျေးရွာနှင့် ကပ်လျက်ရှိသည့် မြောင်းပြိုချောင်းအတွင်း တည်ဆောက်ထားသည့် နုန်းစစ်ကန်များမှာ ရွာနှင့်ယှဉ်လျှင် အမြင့်ပိုင်းတွင် ရှိနေသည်ကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာပွန်ပီပက်ကုမ္ပဏီ သတ္တုထုတ်လုပ်စဉ်ကာလအတွင်း ချောင်း အတွင်းသို့ တိုက်ရိုက်စွန့်ပစ်သည့် စွန့်ပစ်နုန်းမြေများကြောင့် ချောင်းတိမ်ကောခြင်း၊ ဥယျာဉ်ခြံမြေများပျက်စီးခြင်း၊ ရေတွင်းရေကန်များပျက်စီးခြင်း စသည့် လူမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။

မြန်မာပွန်ပီပက်ကုမ္ပဏီသည် ဟိန္ဒားသတ္တုတွင်းတွင် သက်တမ်းတိုး၍ ဆက်လက်လုပ်ကိုင်ရန် ပြည်ထောင်စု အစိုးရထံသို့ လျှောက်ထားဆဲဖြစ်ပြီး တိုင်းဒေသကြီးအစိုးရကမူ မြန်မာပွန်ပီပက်ကုမ္ပဏီအား ဆက်လက်လုပ်ကိုင်ခွင့် မပြုသင့်ကြောင်း ပြည်ထောင်စုအစိုးရထံ သဘောထားမှတ်ချက်ပေးပို့ထားသည်။

ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက် ကုမ္ပဏီအနေဖြင့် သက်တမ်းတိုးခွင့်မရခဲ့ပါက မိုင်းပိတ်သိမ်းရေးအစီအမံများနှင့် ပြန်လည်ထူထောင်ရေးရန်ပုံငွေများကို လျစ်လျူရှုကာ ထွက်ခွာသွားမည်ကို စိုးရိမ်နေကြသူများလည်း ရှိသည်။

ယင်းသို့သော အခြေအနေမျိုးကိုလည်း အစိုးရအနေဖြင့် ကြိုတင်စဉ်းစား ထားသင့်သည်ဟု MATA အဖွဲ့မှ တနင်္သာရီ တိုင်းအလုပ်အဖွဲ့ဝင် ဦးအောင်လွင်က ဆိုသည်။

“သူတာဝန်ယူရမယ့် အလုပ်တွေကို မလုပ်ဘူးဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူကို သက်ဆိုင်ရာတိုင်းပြည်မှာ ဘယ် လိုပုံစံနဲ့ အရေးယူလို့ရအောင် သက်ဆိုင်ရာနိုင်ငံအစိုးရတွေကို ဖိအားပေးတဲ့ အလုပ်တွေလုပ်ဖို့ လိုအပ်မယ်လို့ ယူဆတယ်” ဟု ဦးအောင်လွင်က ဆိုသည်။

ဒက္ခိဏ