ထားဝယ်သားရဲ့ ပင်လယ်ခုနစ်စင်း

0
4574

ကျောင်းခန်းထဲမှာ သီချင်းဆိုလို့ အရိုက်ခံခဲ့ရတဲ့အဆိုတော်လို့ ပြောရင် ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ကြီး လွှမ်းမိုးကိုပဲ ပြေးမြင်ကြပါလိမ့်မယ်။

ဒါပေမဲ့ တကယ်တမ်း အရိုက်ခံခဲ့ရတာဟာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူ့လိုပဲ အဆိုတော်ဖြစ်ဖို့ ဝါသနာကြီးလွန်းတဲ့ လူငယ်တွေများစွာ ရှိခဲ့ကြ ပါလိမ့်မယ်။

ကွမ်းသမားနှင့် ကိုဗစ်

အဲဒီထဲမှာ ထားဝယ်သား ကိုအောင်မျိုးလည်း ပါဝင်ပါတယ်။ အခုဆိုရင် ကိုအောင်မျိုးဟာလည်း ဂီတရပ်ဝန်းထဲမှာ သူ့ရဲ့ပထမဆုံးမှတ်တိုင်ကို စိုက်ထူဖို့ အသင့်ဖြစ်နေပါပြီ။

သူရဲ့ တီးဝိုင်းဖြစ်တဲ့ Chaos နဲ့အတူ ဖန်တီးပုံ ဖော်ထားတဲ့ “ပင်လယ်ခုနစ်စင်း” သီချင်းခွေဟာ ဒီတစ်ပတ်ထဲမှာ ထွက်လာတော့မှာပါ။

The Sun Music ကနေ သြဂုတ်လ ၁၆ ရက်မှာ စဖြန့်မှာဖြစ်ပါတယ်။

လူနှင့်လမ်း၊ ပင်လယ်ခုနစ်စင်း၊ ခရီးရှည်၊ နေရာအမှား၊ တခုတ်တရအိမ်မက်များ၊ စတဲ့သီချင်းတွေ အပါအဝင် ၁၂ ပုဒ်ပါမှာဖြစ်ပြီးတော့ အားလုံး Rock အမျိုးအစားတွေ ဖြစ်တယ်လို့ ကိုအောင်မျိုးက ပြောပါတယ်။

အခွေနာမည်ကို “ပင်လယ်ခုနစ်စင်း” လို့ နာမည် ပေးရတာက သူ့ဘဝနဲ့ ဆက်စပ်နေပါတယ်။ သူဟာ ဂီတကို ရူးသွပ်သူဖြစ်ပေမဲ့ စားဝတ်နေရေးနဲ့ ဘဝရပ်တည်ရေးအတွက်က ပင်လယ်ပြင်တွေထဲမှာ အသက်မွေးဝမ်းကျောင်းပြုနေရသူ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း “ပင်လယ်ခုနစ်စင်း” သီချင်းကို အခွေနာမည်ပေးဖို့ ရွေးချယ်ခဲ့တာလို့ ကိုအောင်မျိုး က ပြောပါတယ်။

အဲဒီသီချင်းကို ရေးပေးခဲ့တဲ့သူကတော့ သူနဲ့ အတူတူ CHAOS Band ကိုတည်ထောင်ခဲ့တဲ့ ကိုဒိုက်ဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ သင်္ဘောသားအလုပ်ကို ကိုဒိုက်က ဝင်ခံစားပြီး ပင်လယ်ခုနစ်စင်းကို ရေးထားပေး တာပေါ့” လို့ ကိုအောင်မျိုးက ပြောပါတယ်။

CHAOS Band ကိုတော့ သူရေကြောင်းတက္ကသိုလ် ကျောင်းသားဘဝ၊ ၂၀ဝ၈ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီကတည်းကပဲ သီချင်းတွေ ဖန်တီး သီဆိုနေခဲ့တာပါ။ အဖွဲ့မှာ ကိုအောင်မျိုးက ပင်တိုင်အဆိုရှင်တစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်တွေ အတော်ကြာတဲ့အထိ သူတို့ကို လူတွေသတိမထား မိခဲ့ကြပါဘူး။ ၂၀၁၆ ခုနှစ် ရောက်မှ မိုးည သီချင်းနဲ့ အတူပရိသတ်တွေဟာ Chaos အဖွဲ့ကို သတိပြုမိလာခဲ့ကြတာ ဖြစ်ပါတယ်။

Chaos အဖွဲ့အနေနဲ့ အခုအခွေ မတိုင်ခင်မှာ အွန်လိုင်းကနေ ဖြန့်ထားတဲ့ သီချင်းငါးပုဒ်လည်း ရှိပါတယ်။ အဲဒီထဲက တချို့ကိုလည်း အခုအခွေမှာ ပြန်ထည့်ထားပါတယ်။ အခုအခွေကိုတော့ CD အခွေအဖြစ်နဲ့ပဲ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်လို့ ကိုအောင်မျိုးက ပြောပါတယ်။ ဒီအခွေဟာ ပထမဆုံး အခွေဖြစ်တာနဲ့အညီ သူ့အနေနဲ့ အရမ်းလည်း ရင်ခုန်နေပါသတဲ့။

“သီချင်းလုပ်ရတာက ကျွန်တော့်ရဲ့ အိပ်မက်ပါ။ ဟိုးငယ်ငယ်ကတည်းက သီချင်းအရမ်းဆိုချင်တဲ့ ကောင်လေးပေါ့” လို့ ကိုအောင်မျိုးက ဆိုပါတယ်။

အခွေအတွက် ၂၀၁၉ ခုနှစ်ကတည်းက သီးသန့် အချိန်ပေးပြီး ပြင်ဆင်ထားခဲ့တာလို့လည်း သူက ဆိုပါတယ်။

အခုလောလောဆယ်အထိတော့ သူသီဆိုထားတဲ့ သီချင်းတွေထဲမှာ ထားဝယ် အငွေ့အသက်ပါတဲ့ သီချင်းတွေမရှိသေးပါဘူး။ နောက်လာမယ့် အခွေတွေကျရင်တော့ ပါကောင်းပါလာနိုင်တယ်လို့ ဆိုပါတယ်။

ဒီအခွေမှာတော့ နာမည်ကြီး တေးရေးဆရာ စောခူဆဲက Featuringနဲ့ Bass ကို ပါဝင်ကူညီထားပြီး ဂစ်တာ- ရပြည့်၊ ကီးဘုတ်- ထွန်းထိုက်၊ ဒရမ်- ကိုဒိုက် စတဲ့ Chaos အဖွဲ့သားတွေက တီးခတ်ထားတာ ဖြစ်ပါတယ်။

ဒီအခွေထွက်ပြီးသွားရင် နောက်ထပ် ဆက်လုပ်မယ့် သီချင်းတွေ ရှိနေသေးတယ်လို့ ဂစ်တာသမား ကိုရပြည့်က ပြောပါတယ်။

ကိုအောင်မျိုးဟာ ထားဝယ်ဇာတိဖြစ်ပြီး ပိန္နဲတောနဲ့ ပုံကျွန်းရပ်ကွက်တွေမှာနေခဲ့တာပါ။ ကိုးတန်းအောင်ပြီးတော့မှ ရန်ကုန်ကို ပြောင်းသွားလိုက်ပြီးတော့ အဲဒီမှာပဲ ဆယ်တန်းစာမေးပွဲအောင်မြင်ပြီး ရေကြောင်းတက္ကသိုလ်ကျောင်းသားဖြစ် လာခဲ့တာပါ။

အဲဒီမှာ သူ့လိုပဲ ဝါသနာတူသူငယ်ချင်းတွေ ပေါင်းပြီး ဆိုတီးကြရင်းနဲ့ အခု ၂၀၂၀ ပြည့်နှစ်ထဲ ရောက်တော့မှ သူ့ရဲ့ပထမဆုံး အခွေကို ပရိသတ်ဆီ အရောက်ပို့နိုင်ခဲ့တာလို့ ဆိုပါတယ်။

“စပြီး သီချင်းတွေလုပ်နေတာက ကြာပြီ။ ၂၀ဝ၈ ကတည်းက စတာကို။ အခုမှ အခွေအဖြစ် ပင်လယ်ခုနစ်စင်းဆိုပြီး ဖြစ်လာတာ” လို့ သူက ဆိုပါတယ်။

ကျော်သူစိုး