လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ကြိုဆို

0
803
editorial

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်များစွာ တိုးလာသည်။ ၂၀၁၅ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက ကိုယ်စားလှယ်လောင်း လျှောက်ထားမှု တစ်ရာကျော် တိုးလာသည်။

လွှတ်တော် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် နိုင်ငံ ရေးရာများတွင် ပိုစိတ်ဝင်စားမှုပိုလာကြောင်း အကြမ်းဖျင်းဆိုနိုင်သည်။ လူထုအတွက် ပိုရွေးစရာများကြောင်း အကြမ်းဖျင်းဆိုနိုင်သည်။

နိုင်ငံနှင့် လူထုအတွက် အလုပ်လုပ်ရန် ရွေးကောက်ပွဲဝင်ရောက် အရွေးချယ်ခံခြင်းသည် ကောင်းမွန်သော အလုပ်ဖြစ်သည်။ သို့သော် အခြားတစ်ဘက်တွင် လည်း ပြိုင်ပွဲအသွင်ဆောင်လေရာ တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်မှုများ၊ ခြေထိုးမှုများကို မြင်ရနိုင်သည်။

ပါတီတစ်ခုနှင့် တစ်ခု၊ ကိုယ်စားလှယ်လောင်း တစ်ဦးနှင့်တစ်ဦး အရည်အသွေးအရ ယှဉ်ပြိုင်ခြင်းသည် ကောင်းမွန်သော်လည်း ညစ်ပတ်သော နည်းသုံးခြင်း၊ မဟုတ်မမှန် သတင်းလွှင့်ခြင်း၊ ကျင့်ဝတ်နှင့်မညီသော လုပ်ရပ်လုပ်ဆောင်ခြင်းတို့ တနင်္သာရီနိုင်ငံရေး ရပ်ဝန်းတွင် မမြင်လိုပါ။

ထိုကြောင့် ကိုယ်စားလှယ်လောင်းများလာခြင်းသည် နိုင်ငံ့အရေးတွင် ပိုစိတ်ဝင်စားလာကြောင်း ဆိုနိုင်သော်လည် အခြားတစ်ဖက်တွင် မလိုလားအပ်ဘဲ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း၊ ရွေးကောက်ပွဲ နိုင်ငံရေးပိုရှုပ်လာခြင်းတို့ဖြစ်လာ မည်ကို စိုးရိမ်မိပါသည်။

ထိုကြောင့် တနင်္သာရီနိုင်ငံရေး ရပ်ဝန်းတွင် ညစ်ထေးစေမည့် လုပ်ရပ်များကို ရှောင်ရှားပြီး သန့်ရှင်းစွာယှဉ်ပြိုင်ကြရန် တိုက်တွန်းရင်း လွှတ်တော်ကိုယ်စား လှယ်လောင်းများကို ကြိုဆိုလိုက်ပါသည်။

အယ်ဒီတာ (သြဂုတ် ၈၊ ၂၀၂၀)