စိတ်ကြေးမုံ

356
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တစ်နေ့က ကျောင်းဆရာလူထွက် သူငယ်ချင်းတစ်ယောက်နဲ့ Video call ပြောဖြစ်ပါတယ်။ ထားဝယ်ပညာရေး ကောလိပ်မှာ ဆရာအတတ်ပညာတွေ နှစ်နှစ်တာ အတူတူသင်ယူခဲ့ကြဖူးတော့ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုလို ပါပဲ။ ပညာရေးကောလိပ်ဆင်းပြီး ဌာနမှာ နှစ်နှစ်ကျော်လောက် တာဝန်ထမ်း ဆောင်ပြီးတဲ့နောက် သူအလုပ်ထွက် လိုက်ပြီဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။

အဲဒီကတည်းက ဝေးသွားတယ်လို့ ဆိုရမှာပဲ။ သူလည်း သူ့အလုပ်နဲ့သူ။ ကျွန်တော်လည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆို တော့ သိပ်ပြီး စကားမပြောဖြစ်တော့ဘူး။ ခုတော့ Video call ခေါ်ပြီး ဟိုအကြောင်း ဒီအကြောင်း ပြောဖြစ်ပါတယ်။ သူကတော့ အလုပ်အသစ်မှာ ပျော်နေပြီတဲ့။ ဝန်ထမ်းမဟုတ်တော့ဘူးဆိုတော့ နောင်ရေးအတွက် စဉ်းစားပြီး အများကြီး ကြိုးစားနေပါတယ်တဲ့။ တော်လိုက်တာဟ။

သတ္တိ ရှိလိုက်တာဟလို့ စိတ်ထဲက ချီးကျူးရင်း အလုပ်ထွက်စာတင်တုန်းက ဌာနကလူကြီးတွေ မတားကြဘူးလားလို့ ကျွန်တော် မေးကြည့်ဖြစ်တယ်။ ခုခေတ်က ကျောင်း ဆရာတွေဆို တန်ဖိုးထားကြတယ်လို့ ပြောသံတွေ ခပ်ဖွဖွကြားနေရတယ်လေ။

“မထွက်နဲ့ ဆိုပြီးတော့ လုံးဝကြီး တားတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ ဌာနကနေ ကင်းကွာသဘောနဲ့ အရင်နေကြည့်။ အပြင်အလုပ်နဲ့ အဆင်မပြေဘူးဆိုရင် အလုပ်ပြန်ဝင်။ အဆင်ပြေရင်လည်း ထွက်လိုက်ဆိုတဲ့ သဘောမျိုးတော့ ပြတယ်။ ဒါပေမဲ့ ဌာနကင်းကွာနဲ့နေဖို့ ငါငြင်း လိုက်ပြီး တစ်ခါတည်း အလုပ်ထွက်ခဲ့တယ်”

သူ့စကား ကြားရတော့ ကျွန်တော် အံ့သြမိတယ်။
ကျောင်းဆရာတွေကို တန်ဖိုးထားနေတဲ့ ခေတ်မို့ လူကြီးတွေက အခွင့်အရေးပေးတာကို သူက ငြင်းခဲ့တယ်တဲ့။ တကယ်လို့ သူအခု လုပ်နေတဲ့ အလုပ်က အဆင်မပြေတော့ရင် သူအလုပ်လက်မဲ့ ဖြစ်တော့မယ်။ မျောက် သစ်ကိုင်းလွတ်တဲ့ အဖြစ်မျိုး။ ဒီအကြောင်း အစကသိရင် ဌာနကင်းကွာနဲ့နေဖို့ ကျွန်တော်တိုက်တွန်းမိမှာ။

“သူတို့က အခွင့်အရေးပေးတာလေ။ ဘာလို့ ငြင်းလိုက်တာလဲဟ။ အပြင်အလုပ်က တစ်ခုခု အဆင်မပြေ ဖြစ်ရင် ဘယ်လိုလုပ်မလဲ”

“သူတို့ အခွင့်အရေးပေးတာကို ငါသိတယ်။ အဲဒီ အခွင့်အရေးက ငါ့အတွက် အသုံးတည့်တာကိုလည်း ငါသိ တယ်။ ဒါပေမဲ့ တစ်ဖက်မှာ ငါတာဝန် ထမ်းဆောင်ဖူးတဲ့ ကျောင်းက ရှိနေတယ်လေ။ ဥပမာ ငါက ကင်းကွာနဲ့ တစ်နှစ် နေတယ် ဆိုကြပါစို့။ အဲဒီတစ်နှစ်အတွင်းမှာ ကျောင်းက ဆရာတစ်ယောက် လစ်လပ်နေမှာလေ။ ငါက ပြောင်းသွားတာ၊ ရာထူးတိုးသွားတာ၊ အလုပ်ထွက်သွားတာ မဟုတ်တဲ့အတွက် ငါ့အစားတော့ ဆရာအသစ်တစ်ယောက် ခန့်ပေး မှာ မဟုတ်ဘူး။ ဒီတော့ ကျောင်းအတွက် နစ်နာတယ်။

ကလေးတွေအတွက် နစ်နာတယ်။ ကျောင်းမှာ ဆရာတစ်ယောက် လစ်လပ်နေရင် ကျန်တဲ့ဆရာတွေ ဘယ်လောက် ပင်ပန်းလဲဆိုတာ ငါတို့သိနေ တာပဲ။ အဲဒါကြောင့် သူတို့ပေးတဲ့ အခွင့်အရေးကို ငါလွှတ်ချခဲ့တာ။ အခုဆို ငါ့ နေရာမှာ အခြားဆရာတစ်ယောက် အစား ရောက်လာပြီလေ”

သူ့စကားကို နားထောင်မိပြီး ကျွန်တော်ဘာစကားမှ ဆက်မပြောနိုင်။ သူ့စိတ်ကို ရင်ထဲက‌နေ အကြိမ်ကြိမ် ဦးညွှတ်နေမိတယ်။ လောလောဆယ် ဌာနကင်းကွာနဲ့ နေနေကြတဲ့ ဆရာ၊ ဆရာမတွေဆီ ဒီလိုစိတ်လေးပို့ပေးချင် စိတ်က ဘွားခနဲပဲ။

သူငယ်ချင်းနဲ့ Video call ပြောပြီး စက္ကန့်ပိုင်းလောက်အကြာမှာပဲ အသိဆရာမတစ်ယောက်က “အခုမှ ရင်ထဲမှာ ပေါ့သွားတယ်” ဆိုတဲ့ စာနဲ့အတူ မူလတန်း ပြ အပြောင်းအရွှေ့ အော်ဒါတစ်စောင်ကို မက်ဆင်ဂျာကနေ ပို့လာတယ်။ သူက အလယ်တန်းပြရာထူးတိုး ပါထားပြီးသား။ ဒါနဲ့ “အစ်မ ဘာဖြစ်လို့လဲ” လို့ ပြန်မေးတော့ “အစ်မနေရာကို လူစားဝင်လာပြီ။ ဒီနေ့တစ်နေ့လုံး ထိုင်ရှာလိုက်ရတာ အမေ” တဲ့။

ကျွန်တော် အံ့သြသွားတယ်။ ရာထူးတိုးသွားတဲ့ သူတစ်ယောက်က သူ့နေရာကို နောက်ဆရာတစ်ယောက် ဝင်မှ ဝင်ရဲ့လားဆိုပြီး ထွက်သမျှအော်ဒါကို ထိုင်ကြည့်ပြီး ရှာနေလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။

“လူစားဝင်လာတော့ အစ်မရော၊ ကျောင်းမှာကျန်ခဲ့တဲ့သူတွေရော ပျော်ရတာပေါ့။ နို့မိုဆို မလွယ်ဘူး။ ကျောင်း သားက များတယ်လေ။ အစ်မနေရာ လူစားမဝင်ရင် အစ်မ‌က ရာထူးတိုးကို ရုံးမှာ သွားငြင်းမလို့ ကြံထားတယ်ကွယ်”

နောက်ဆက်တွဲ ဝင်လာတဲ့ စာကိုဖတ်ပြီး ကျွန်တော် ပြန်စာ မရေးတတ်ဘဲ ဖြစ်သွားတယ်။ ဘယ်လောက်လှလိုက်တဲ့ စိတ်လေးလဲ။ ကျွန်တော်ဆိုရင်တော့ အဲဒီလိုလုပ်နိုင်မှာ မဟုတ်သလို လုပ်ဖို့လည်း တစ်ခါမှ မတွေးမိခဲ့ဖူးဘူး။

လူတစ်ယောက်ရဲ့ လုပ်ရပ်တိုင်းနဲ့ နှုတ်ထွက်စကားတိုင်းဟာ သူ့စိတ်ရဲ့ ကြေးမုံပဲလို့ ကျွန်တော် မှတ်ခဲ့ဖူးတယ်။ ကြေးမုံတိုင်းဟာ မလှနိုင်ပေမယ့် လှတဲ့ ကြေးမုံတွေ တွေ့ရတဲ့အခါ ကြည်နူးဖို့ ကျေနပ်ဖို့၊ အတုခိုးဖို့ ထိုက်တန်လှပါတယ်။ ကျွန်တော်တို့ရဲ့ လူ့ပတ်ဝန်းကျင်မှာ လှပတဲ့ ‌ကြေးမုံတွေ အများကြီးလိုအပ် နေတယ်လေ။ ။

ဆွေး(မြိတ်)