တရားဥပဒေစိုးမိုးရေးအပါအဝင် ပြဿနာများကို ဖြေရှင်းပေးနိုင်ရေးအတွက် တနင်္သာရီဒေသအား ရွေးချယ်ခဲ့ခြင်းဖြစ်ဟု

0
384

မြေယာပြဿနာများအရေး၊ အလုပ်လက်မဲ့နှင့် ရွှေ့ပြောင်းအလုပ်သမားများအရေး၊ တရားဥပဒေစိုးမိုးရေး စသည့် လက်ရှိအစိုးရအတွင်း မဖြေရှင်းနိုင်ခဲ့သည့် အရေးတို့ကို နိုင်သလောက် ဖြေရှင်း ပေးနိုင်ရေးအတွက် တနင်္သာရီဒေသအား ရွေးချယ်ခြင်းဖြစ်ကြောင်း လာမည့် အထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာညိုညိုသင်းက ပြောဆိုသည်။

၎င်းအနေနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၉ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားခြင်း ဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ် အမှတ် ၉ သည် တနင်္သာရီ မြို့နယ်တစ်ခုလုံးကို ကိုယ်စားပြုခြင်း ဖြစ်သည်။

ကွမ်းသမားနှင့် ကိုဗစ်

တနင်္သာရီမြို့နယ်သည် တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဒုတိယအဆင်းရဲဆုံးမြို့နယ်ဖြစ်ပြီး သယံဇာတအရင်းမြစ် များရှိသော်လည်း တိုးတက်သင့်သလောက် မတိုးတက်သည့်အတွက် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်ဟု ဒေါက်တာညိုညိုသင်း က ဆိုသည်။

ယင်းအပြင် တနင်္သာရီမြို့သည် ထိုင်းနယ်စပ်မြို့ဖြစ်သည့်အတွက် ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး လာရန်လည်း အလားအလာအများဆုံး ရှိနေကြောင်း ၎င်းက ထောက်ပြသည်။

“ဒီနေရာတွေမှာ နယ်စပ်ကုန်သွယ် ရေးတွေ ကောင်းကောင်း လုပ်လို့ရတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေကောင်း ကောင်းဖန်တီးလို့ရတယ်။ ဒါကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်တယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်သည့်အခါ သူ၏ပိုင်ဆိုင်မှုများကို ပြည်သူလူထုအား ချပြသွားမည်ဖြစ်သလို ရွေးကောက်တင်မြှောက်ခြင်းခံရပါက ရရှိမည့်လစာ၏ တစ်ဝက်ကိုလည်း ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်သည်ဟု ၎င်းက ကြေညာထားသည်။

“ပိုင်ဆိုင်မှုချပြတယ် ဆိုတာက သန့်ရှင်းတဲ့နိုင်ငံရေးစနစ်တစ်ခုကို ထူထောင်ချင်လို့ပါ” ဟု ဒေါက်တာညိုညိုသင်း က ပြောသည်။

ဒေါက်တာညိုညိုသင်းသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်မှစကာ တစ်သီးပုဂ္ဂလအဖြစ်ဖြင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူအဖြစ် ရပ်တည်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ် မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။ ထို့အပြင် ရန်ကုန်စောင့်ကြည့်အဖွဲ့ကိုလည်း တည်ထောင်ခဲ့သူ ဖြစ်သလို ဥပဒေပညာရှင်တစ်ဦးလည်း ဖြစ်သည်။

ဒေါက်တာညိုညိုသင်း၏ လုပ်ရည်ကိုင်ရည်နှင့် ပတ်သက်ပြီး အပြစ်ဆိုစရာမရှိသော်လည်း လက်ရှိဒေသခံများ၏ နိုင်ငံရေးအသိပညာရေချိန်အရ တစ်သီးပုဂ္ဂလအား ထောက်ခံကြမည့်အနေအထားမှာ နည်းပါးလိမ့်မည်ဟု ထင်မြင်ကြောင်း တနင်္သာရီဒေသခံ နိုင်ငံရေးလေ့လာသူ ဦးသန်းထွန်းက မှတ်ချက်ပေးသည်။

“တစ်သီးပုဂ္ဂလဝင်လာတော့ နည်းနည်း နိုးနိုးကြားကြားဖြစ်သွားတယ်။ နိုင်တယ် မနိုင်ဘူးဆိုတာထက် ဒါက ပြည်သူလူထုအတွက် ကောင်းတဲ့လက္ခဏာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါမဲဆန္ဒနယ်မြေတွင် လက်ရှိ အာဏာရပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့အချုပ်(NLD) ပါတီမှ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကိုဆန်း