ဖား ညီလာခံ

0
3616

ယခုနှစ် မိုးရာသီကား ဖားသတ္တဝါတို့အတွက် ထူးသည့်နှစ် ဖြစ်သည်။ ငါးနှစ်မှ တစ်ကြိမ် ကျရောက်သည့် ဖားညီလာခံ နှစ် ဖြစ်လေသည်။

ဖားညီလာခံဆိုသဖြင့် ဖားသတ္တဝါတိုင်း တက်ခွင့်ရသည် မဟုတ်ပါ။ လေးဖက်တွား သာမန်ဖားများ၊ ဖားတစ် ပိုင်းငါးတစ်ပိုင်းများ၊ ဖားလောင်းလေးများ ညီလာခံသို့ တက်ခွင့် မရပါ။

ဖားတစ်ပိုင်းလူတစ်ပိုင်းများသာ ဖားညီလာခံ တက်ခွင့် ရပါသည်။

ယင်း ဖားတစ်ပိုင်းလူတစ်ပိုင်းများသည်လည်း အားလုံးတက်ခွင့်မရပေ။ သူ့အုပ်စုနှင့်သူ စုဝေးရွေးချယ်ကာ ကိုယ်စားလှယ် စေလွှတ်ရခြင်း ဖြစ်သည်။

ဖားလောကတွင် ဖားညီလာခံ တက်ခွင့်မရလျှင် အရာမဝင်၊ အထင်ကြီး မခံရ။ သို့ကြောင့် ညီလာခံတက်ခွင့်ရရန် ကိုယ်စားလှယ်ဖြစ်ရေး ကြိုးစားကြရသည်။

ထိုသို့ ကိုယ်စားလှယ်ဖြစ်ရေးမှာ များများအော်နိုင်ရန် လိုသည်။ သို့ကြောင့် ဖားတစ်ပိုင်းလူတစ်ပိုင်းတို့ ဇွတ်အော်ကြ လေသည်။

လက်ရှိ အော်သံအကျယ်ဆုံး ဖားတစ် ပိုင်းလူတစ်ပိုင်းအုပ်စုတို့မှာ ဖားလော်ဘီ၊ ဖားစဆရက၊ ဖားအော်ကျက်၊ ဖားဘုကလန့်တို့ ဖြစ်လေသည်။

ဖားလော်ဘီ
ဖားလော်ဘီအများစုကား မျက်လုံး သိပ်မကောင်းကြပေ။ အနီးမှုန် အဝေးမမြင်။ သို့ကြောင့် အပြင်သိပ်မထွက်၊ မထွက်ရဲဘဲ ခြုံထဲမှသာ အော်ကြသည်။ ဖားတစ်ပိုင်း လူတစ်ပိုင်း ဖြစ်သောကြောင့် သူတို့သည် ပုဆိုး၊ ထမီခြုံ၍လည်း အော်တတ်ကြသည်။ ဘက်မတူလျှင် ဖား/လူမထင်။ အုပ်စုလိုက် ရန်စောင်ရန်ဖြစ် နေတတ်သည်။
“အွပ် အွန့်..၊ အွန့် အွပ်..”

ထိုသို့အော်ရာတွင် ကိုယ်ကောင်းကြောင်း သူများမကောင်းကြောင်းသာ အော်တတ်ကြသည်။ ကိုယ်ဘက်က မည်မျှပင်မှာ မှားမှား ကိုယ်မှန်သူမှား ဇွတ်အော်ကြသည်။
သူတို့အတွက် အချက်အလက် အထောက်အထား မလို။

ပညာခန်း မလို။ အခြားဖားအုပ်စုများထက် ပိုအော်နိုင် ရန်သာ လိုသည်။ အုပ်စုလည်း တောင့်လေရာ ဖားလော်ဘီတို့ ဝိုင်းအော်လျှင် အခြားဖားတို့ အသံမထွက်နိုင်တော့။
သို့ကြောင့် ဖားလော်ဘီအုပ်စုမှာ အခြားဖားများနှင့် မတည့်။ အခြားဖားတို့က ဖားလော်ဘီတို့ကို ငပိန်း၊ ငကြောင်၊ ထမိန်ခြုံ၊ ပုဆိုးခြုံ စသဖြင့် သမုတ်ကြလေသည်။

ဖားစဆရက
ဖားစဆရက အုပ်စုကား ငါသိငါ တတ်အုပ်စု။ သူတို့အုပ်စုထက် မည်သူမှ မတတ်ဟု မှတ်ယူတတ်ကာ ဆရာကြီး အထာဖြင့် အော်တတ်သည်။ အခြားသူတို့ ကိုလည်း ဆရာထထ လုပ်တတ်သည်။
“အုံး… အွမ်း၊ အွမ်း… အုံး”

အမှန်မှာ ဖားစဆရကတို့ကို အခြားသူတို့ အထင်မကြီးပေ။ ဆရာ မမြှောက်ပေ။ ဖားစဆရကတို့ မသိသေး၊ မရောက်သေး၊ မကြားသေး မမြင်သေးသည် များစွာရှိသေးကြောင်း သိနေကြသောကြောင့် ဖြစ်သည်။

သို့သော် ဖားစဆရကတို့က သူတို့ကိုယ်သူတို့ ဆရာကြီးအဖြစ်မှ တစ်ပြားမှ မလျှော့ပေ။ သူတို့ ဆရာကြီး ဖြစ်ကြောင်းသာ သူတို့ အိတ်ထောင်ထဲမှထိုင်ကာ တွင်တွင် အော်နေလေတော့သည်။

အခြားသူတို့လည်း ဖားစဆရကတို့နှင့် ယှဉ်ပြောနေ၍ ထူးမည်မဟုတ်သဖြင့် လွှတ်ထားလိုက်တော့သည်။

ယင်းကိုပင် ထိုဖားစဆရကတို့က သူတို့ကို ယှဉ်ဝံ့သူမရှိဟု ဘဝင်လေဟပ်ကာ အခြားသူများ သူတို့ဆီတွင် တပည့်ခံ ရန် အချိန်တိုင်း အော်နေသည်။

ဖားအော်ကျက်
ဖားအော်ကျက်တို့ကား အချိန်တိုင်း အော်နေတော့သည်။ နည်းနည်းသိလျှင် များစွာသိသယောင် ချဲ့ထွင်ကာ အော်ကြ သည်။ အသံလည်း ကျယ်လောင်ကြသည်။ သူတို့ကမူ သူတို့လောက် သိသူ၊ ခေတ်မီ သူ၊ သတင်းအချက်အလက် ပိုသိပိုတတ်သူ မရှိဟု အထင်ရောက်ကာ အော်ဟစ်နေ တတ်သည်။
“အွပ်…၊ အွပ်…။ အွပ်…၊ အွပ်…။”

သူတို့က သူများကိုသာ ဝေဖန်လိုသည်။ သူတို့ကို ဝေဖန်လျှင် ငကြောင်၊ ငပိန်း စသဖြင့် ကက်ကက်လန် စွပ်စွဲရန် တွေ့ တတ်ကြသည်။ သို့ကြောင့် အတော်များများက ဖားအော်ကျက်ဆိုလျှင် အရောမဝင် ရှောင်ကွင်းတတ်ကြသည်။

ဖားဘုကန့်လန့်
ဖားဘုကန့်လန့်တို့ကား ကိုယ်တိုင်လည်း ဘာမျှ မလုပ်၊ သူများလုပ်လျှင်လည်း အမှားကိုသာ ထောက်ရှုကာ အိုင်ဘေးမှ တစွာစွာ အော်နေတတ်သည်။ အမှန်ကို ပြလေ့လည်း မရှိ/ ပြရန်လည်း ဇ မရှိကြသဖြင့် လူတကာအမှားကိုသာ လိုက်ရှာကာ အော်နေကြတော့သည်။
“အွန့် အွန့်. . .။ အွန့် အွန့် . . .”

ဖားညီလာခံသို့ တက်ရောက်ကြမည့် ဖားတစ်ပိုင်းလူတစ်ပိုင်းတို့ထဲတွင် အသံသိပ်မထွက်ဘဲ နောက်ကွယ်မှ ဘေးတီး ပေးနေသော ဖားအုပ်စုများလည်း ရှိပါသည်။
ယင်းတို့မှာ ဖားတော်ဝင်၊ ဖားခွချက်၊ ဖားသူရဲကောင်းတို့ ဖြစ်လေသည်။

ဖားတော်ဝင်
ဖားတော်ဝင်တို့ကား တော်ရုံနှင့် မအော်။ အော်လျှင်လည်း ထီးမူနန်းဟန်ဖြင့် အော်တတ်လေသည်။
“ဥုံ… အွမ်း…၊ အွမ်း… ဥုံ…”

ယင်းတို့ မသိကြောင်း၊ မတတ်ကြောင်းကို အခြားသူတို့ သိမည် အထင်သေးမည်ကိုလည်း အတော်ပင် စိုးရိမ်တတ်ကြရာ မလွှဲသာမရှောင်သာမှ ဟန်နှင့်ပန်နှင့် တိုးတိုးလေး ထထအော်တတ်လေသည်။

သူတို့နောက်တွင်ကား ဖားလော်ဘီတို့ အုပ်စုလိုက်ရှိတတ်ရာ အချို့လော်ဘီအများစုမှာ ကိုယ့်စရိတ်ကိုယ်စိုက်ကာ အမုန်းခံ၍ လော်ပေးတတ်ကြလေသည်။

ယင်း ဖားလော်ဘီတို့ အလော်ကောင်းသဖြင့် ဖားတော်ဝင်တို့ ဖားတံတွေးခွက်ထဲ ပက်လက်မျောကြရသည်မှာလည်း ခဏ ခဏ ဖြစ်ချေသည်။

ဖားခွချက်
ဖားခွချက်အုပ်စုမှာ အားလုံးနှင့် တည့်အောင် ပေါင်းသည်။ လည်လည်ဝယ်ဝယ် ရှိသည်။ ရှေ့ရေး မျှော်တွေးတတ် သည်။ သူတို့၏ပန်းတိုင်မှာ တစ်ကိုယ်ရေ အနေအစား ချောင်ချိရေးသာ ဖြစ်သည်။ မည်သူ့ အမုန်းမှ မခံကြ။ သို့ကြောင့် ဖားခွချက်တို့က တော်ယုံ အသံမထွက်ဘဲ ရန်ဖြစ်နေသူ၊ ပြိုင်ဆိုင်နေသူအားလုံးကို နောက်ကွယ်မှ တိုးတိတ်တိတ် အားပေးအားမြှောက် လုပ်တတ်ကြသည်။
“အုံ… အုံ့၊ အွမ်… အွမ့်”

ပြီးမှ ထိပ်ပိုင်းရောက်လာသည့် ဖားတော်ဝင်တို့အား ၎င်းတို့ထိပ်ပိုင်း ရောက်လာသည်မှာ သူတို့ကျေးဇူးပါ ကြောင်း ဂုဏ်ခံကာ ဝင်ရောတတ်ကြသည်။
ဖား ကယ်တင်ရှင်
ဖားကယ်တင်ရှင်တို့က ကုပ်ချောင်း ချောင်းလုပ်နေတတ်၏။ လိုအပ်သည်ထင်မှ ထထအော်တတ်၏။
“အုံ … အုံး၊ အွမ် … အွမ်း”

သူတို့၏ ဂိုက်မှာ နိုင်ငံတစ်ခုလုံးကို သူတို့ ကယ်တင်ထားသည့်ပုံမျိုး ဖြစ်၏။

မည်သူနှင့်မျှ ဆွေးနွေးရန် ဘက်မညီ၊ အဆင့်မမီဟု မှတ်ယူကာ သူတို့သာလျှင် ပုံဖော်ဖန်တီးရှင်ဟု သတ်မှတ်ထားတတ်၏။

ဖားတော်ဝင်တို့ကလည်း ဖားကယ် တင်ရှင်များကို မြှောက်စားထားတတ်ကြရာ သူတို့ကိုယ်သူတို့ အတန်းအစား တစ်ရပ်ရှိသော ကယ်တင်ရှင်များအဖြစ် မှတ်ယူထားတတ်ကြလေသည်။

မိုးရာသီရောက်တိုင်း ဖားအမျိုးအစားအစုံတို့ အော်ဟစ်ပျော်မြူးတတ်ကြသည်က ဓမ္မတာ။ ယခုကဲ့သို့သော ဖားညီလာခံနှစ်တွင် ဖားမျိုးစုံတို့က ယခင်နှစ်များထက် ပိုအော်ပိုမြူးတတ် ကြပေသည်။

ယခုတွင်လည်း ညီလာခံ မကျင်းပမီပင် သူတို့၏လေ့ကျင့်ရေးကွင်းတွင် အသံကောင်း ဟစ်နေကြပေပြီ။

ဖားတစ်ပိုင်းလူတစ်ပိုင်းတို့၏ လေ့ကျင့်ရေးကွင်းက ဇူကာဘတ်ဟူသည့် မျက်နှာဖြူတစ်ဦး ပိုင်ဆိုင်လေသည်။ ကွင်းအမည်မှာ ဖေ့စ်ဘုတ် (Facebook) ဖြစ်ပါသည်။
ဖားညီလာခံကား မကြာမီ ကျင်းပပါ တော့မည်။

ညီလာခံ မကျင်းပမီကပင် ဖားအုပ်စုတို့သည် ရန်သူမိတ်ဆွေ မခွဲခြားတော့ဘဲ အချင်းချင်း ရန်စောင်ကာ အပြိုင်အဆိုင် အော်ဟစ်နေကြပါတော့သည်။

မူးဆေးအိုး