တစ်ပူပေါ် နှစ်ပူဆင့်ခဲ့သော မြန်မာ့အောက်ခြေလူတန်းစားများ

0
555

ယခင်အပတ်မှအဆက်

လူစုလူဝေးရှောင်ရှားနိုင်ရန် အပြင်မထွက်ကြရေး အစီအမံများပြုလုပ်ခဲ့သည့် ကာလ (Lock Down) အတွင်း ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးအကျပ်အတည်း များကို မြို့ပြဆင်းရဲသားများသာမက ကျေးလက်မှ နွမ်းပါးသူများလည်းရင်ဆိုင်ကြရပါသည်။

အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားများ၏ ဝင်ငွေကို မှီခိုနေရသော ရပ်ရွာများမှာ အချိန်ကာလအတိုင်းအတာ တစ်ခုအထိ ရွှေ့ပြောင်းလုပ်သားများ ဝင်ငွေကို ဆက်လက်ရရှိခြင်းမရှိတော့သည့် အခြေအနေများကြုံလာရသည်။ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မဖြစ်ပေါ်ခင်ကာလတွင် ကျေးလက်ဒေသများမှ ရွှေ့ပြောင်းထွက်ခွာကာ အခြားနေရာတွင် သွားရောက် အလုပ်ရှာဖွေရခြင်းများ အလွန်မြင့်မားလာခဲ့သည်။

အဓိကမှာ မိမိတို့နေထိုင်ရာအရပ်များတွင် သင့်တော်သည့် အလုပ်အကိုင်နှင့် ဝင်ငွေရရန် ခက်ခဲလာသောကြောင့်ဖြစ်သည်။ ကိုဗစ် ကာလအတွင်းတွင် ထိုအဝေးရောက် ရွှေ့ပြောင်းလုပ်သားတို့သည် ဇာတိရပ်ရွာများသို့ တဖွဲဖွဲပြန်လည် ရောက်ရှိလာကြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ တွင် ခရီးသွားလာခွင့်များ စည်းကမ်းများကို လျှော့ချလိုက်သည့် အချိန်မှစတင်ကာ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လိုသည့် ဦးရေ ပိုတိုးလာခဲ့သည်။

ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီဒေသများကဲ့သို့ မူလကပင် ထိုင်းသို့ သွားရောက်သော အလုပ်သမားဦးရေပိုများသည့် နေရာများတွင် ပြန်လည် ဝင်ရောက် လာသူများအတွက် အလုပ်အကိုင် မရှိသောကြောင့် ကြောင့်ကြနေကြရသည်။ ပြန်လာသူများအဖို့ မည်သိုရှေ့ ခရီးဆက်ရမည်ဆိုသည်မှာ မရေရာသည့် အခြေအနေမျိုးဖြစ်ပြီး အလုပ်မရှိဘဲ မည်မျှအထိ ကြာကြာနေရမည်ကို မမှန်းနိုင်ကြပေ။

ရွှေ့ပြောင်းလုပ်သားတို့ ပြန်လည် ဝင်ရောက်လာသည်နှင့်အတူနေရင်း ရပ်ရွာများတွင်လည်း အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများတွင် နေရာရရန် အပြိုင်အဆိုင်လည်း ယခင်ထက် များပြားလာသည်သာဖြစ်သည်။
ကိုဗစ်-၁၉ ကြောင့် စီးပွားရေး၊ လူမှုရေးထိခိုက် ခံစားရပုံခြင်းအတူတူ နေရာအတော်များများတွင် ဆင်းရဲနွမ်းပါး သူတို့အဖို့ ကြုံရသော ဒုက္ခမှာ ရိုက်ခတ်မှု ပိုပြင်းထန်ခဲ့သည်။

သူတို့သည် ကိုဗစ် -၁၉ ကာလအတွင်းသတ်မှတ်ထားသော စည်းကမ်းများကို တင်းပြည့်ကျပ်ပြည့် လိုက်နာနိုင်ရန်ထက် ဝမ်းရေးကို ပိုပြီးဦးစားပေးရဖွယ်ရှိသူများရှိရာ စည်းကမ်း ဖောက်ခြင်းကြောင့် အပြစ်ပေးခံရလျှင် မလွတ်နိုင်သည့်အုပ်စုတွင် သူတို့သည် အများဆုံးပါဝင်နေကြသည်။

ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ကာကွယ်ရာတွင် စည်းကမ်း မလိုက်နာသူများကို မဖြစ်မနေ စည်းကမ်းချမှတ်ကာ ထိန်းသိမ်းရခြင်းမှာလည်း လိုအပ်ရာ မြန်မာနိုင်ငံ၏ သမ္မတရုံးကထုတ်ပြန်ချက်များအရ ဇွန်လ လယ်တွင် တရားရုံးတွင် အပြစ်ဒဏ်ရရှိကြသူပေါင်း ၈၀ဝ၀ ကျော်ခန့်ရှိပြီ ဖြစ်သည်။ ထိုသူများထဲတွင် ၃၁၀ဝ ခန့် မှာ နှာခေါင်းစည်းမတပ်သောကြောင့် အပြစ်ရကြသူများဖြစ်ကြသည်။

အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ အသားကျနေသော နိုင်ငံတစ်ခုအနေနှင့် ကိုဗစ်ကဲ့သို့ သော အရေးပေါ်ကာလတွင် အာဏာစက်ကို လွန်လွန်ကဲကဲသုံးသော ဒေသန္တရ အုပ်ချုပ်ရေးမျိုးများသည်လည်း မရှားလှ ပါ။ ဤကဲ့သို့ ကပ်ဘေးအန္တရာယ်မျိုးကို ကိုင်တွယ်ရချိန်တွင် ထောင်ချရခြင်း၊ ချုပ်နှောင်ရခြင်းကလွဲပြီး အခြားနည်းမရှိဟု ယူဆခဲ့ကြသည့်အမှုများ များစွာပင် ရှိသည်။

ကျေးလက်များအပါအဝင် နေရာတော်တော်များများတွင် လူအများ အထိတ်တလန့် စိုးရိမ်နေသောအချိန်တွင် အာဏာပိုင်များနှင့် ဆက်စပ်အဖွဲ့အစည်းများသည် ပြည်သူကို အာဏာဖြင့် ငြိမ်ဝပ်အောင် လုပ်ရန်ပိုပြီးလွယ်ကူခဲ့ကြ သည်။ မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို မကျင်းပတော့ဟု အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ပြီးချိန်မှစပြီး ကြည့်လျှင် ကျေးလက်တွင်ရော မြို့ပြတွင်ပါ မိမိတို့ရပ်ရွာကို ကိုဗစ်-၁၉ ဘေးက ကာကွယ်ရန် ဒေသန္တရ အစီအစဉ်အမျိုးမျိုး တစ်ကျောင်းတစ်ဂါထာ ဆောင်ရွက် ခဲ့ကြပုံများကို တွေ့မြင်ကြပါလိမ့်မည်။

၂၀ဝ၈ခုနှစ် နာဂစ်မုန်တိုင်းပြီးကာစ အကူအညီများပေးကြသည့် အချိန်များကဲ့သို့ပင် မြန်မာ့လူမှု အသိုင်းအဝိုင်း သည် ရပ်ရွာအကျိုးကို အားသွန်ပြီး ပူးပေါင်းဆောင်ရွက်ရန် စိတ်ထက်သန်ကြပါသည်။ ကျေးရွာနှင့် ရပ်ကွက်အပါ အဝင်အုပ်ချုပ်ရေးယန္တရားများ၏ ဦးဆောင်မှုအောက်တွင် မိမိတို့ တတ်စွမ်းသမျှ ပါဝင်လိုကြသည်။ ချက်ချင်းဆိုသလိုပင် ရပ်ထဲရွာထဲတွင် ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးအဖွဲ့များ ကိုယ်စီပေါ်ပေါက် လာကြသည်။ ထိုအဖွဲ့များစွာသည် အထက်မှညွှန်ကြားချက်များကို သင့် သလို ဘာသာပြန်ကာ မိမိတို့ ကောင်းမည်ထင်သော အစီအမံများကို ဆောင်ရွက်ခဲ့ကြသည်။

အစောပိုင်းကာလများတွင် အထက်မှလာသော ညွှန်ကြားချက်များသည် မရှင်းလင်းခြင်းများ၊ အဓိပ္ပာယ် မပြတ်သားခြင်းများရှိသလို အချို့နေရာ များတွင်လည်း မိမိတို့ရပ်ရွာအတွက် မိမိတို့ သင့်တော်မည်ထင်သလို အဓိပ္ပာယ်ကောက် ယူခဲ့ကြခြင်းများလည်း ရှိပါသည်။ ယခင်က မြင်ဖူးခဲ့သော လုပ်နေကျ ပုံစံအတိုင်း စီမံကြခြင်းမျိုး ဖြစ်နိုင်သလို သိမြင်ရသမျှတော်သလို ဆောင်ရွက်သင့်သည် ထင်သောဘောင်ထဲမှ ဆောင်ရွက်ကြခြင်းများ လည်း ပုံစံအမျိုးမျိုးရှိကြသည်။

သို့ဖြစ်ရာ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်းဆိုသလို တစ်နေရာနှင့်တစ်နေရာ လုပ်ပုံကိုင်ပုံချင်း မတူကြသော ကိုဗစ် ကာကွယ်ရေးအစီအမံများ ပေါ်ထွက်လာကြလေ သည်။ ကျေးရွာများအပါအဝင် နေရာအတော်များများတွင်ပင် ထိုအဖြစ်အပျက်များကို တွေ့ရတတ်သည်။ ဥပမာ -တစ်မြို့နယ်တည်းတွင်ရှိသော ကျေးရွာ အချင်းချင်းတွင်ပင်လျှင် Social Distancing ဟု ခေါ်သော လူစုလူဝေး ရှောင်ရှားရေးအတွက် ချမှတ်ထားသော စည်ကမ်းများ မတူတတ်ကြပေ။

အချို့သော ကျေးရွာများသည် မိမိတို့ရွာအပြင်မှလာရောင်းသော ဈေးသည်များကို အဝင်မခံတတ်ကြ သော်လည်း အချို့ရွာများကမူ လက်ဆေးခြင်း အစရှိသည့် အခြေခံလိုက်နာရမည့် စည်းကမ်းများကို ရွာအဝင်ဂိတ်တွင် လိုက်နာပြီး ရွာအတွင်းသို့ ဝင်စေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကမူ ထိုသို့ အရေးပေါ် အစီအစဉ်များကို မလိုက်နာသူများအတွက် ချမှတ်ထားသော အပြစ်ဒဏ်များ တစ်နေရာနှင့် တစ်နေရာကွာခြားနေရခြင်းမှာ တရား ရေးဘက်မှ တာဝန်ရှိသူများ၏ သဘောထားများနှင့် ဥပဒေကို ကောက်ချက်ဆွဲပုံများနှင့်လည်း များစွာသက်ဆိုင်နေသည် ဟုဆိုသည်။

အချို့သော တရားရုံးများသည် ပြင်းထန်သော ပြစ်ဒဏ်များမချ မှတ်သောနည်းကို သုံးကြသော်လည်း အချို့ကမူ စည်းကမ်းသေဝပ်အောင် အပြစ်ဒဏ်ကို ထိထိရောက်ရောက် ပေးရမည်ဟု ယူဆကြပုံရသည်။ ဆင်ဆင်တူသော အမှုများတွင်ပင် အချို့က ထောင်မကျဘဲ ဒဏ်ကြေးသာဆောင်ရခြင်းရှိသလို အချို့ကမူ ကိုးလအထိ ထောင်ဒဏ်များ ချမှတ် ခံရခြင်းလည်းရှိသည်။

Human Rights Watch အဖွဲ့ကမူ ထောင်သွင်း အကျဉ်း ချသည့် ပြစ်ဒဏ်များသည် ပြင်းလွန်းပြီး ထောင်တွင်း၌ ပို၍ပင် ရောဂါကိုထိန်းချုပ်ရန် ခက်ခဲခြင်းမျိုး ဖြစ်စေလိမ့်မည်ဟု သတိပေးသည်။ မြန်မာနိုင်ငံတွင် ထောင်ဆိုသည်မှာ လူစုလူဝေးမဖြစ်အောင် ရှောင်ရှားနိုင်သော နေရာမဟုတ်သောကြောင့် အပြင်ကလူကို ထောင်ထဲထည့် လိုက်ခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်ရာမကျဘဲ ဖြစ်နေနိုင်သည်။

အာရှဒေသထဲရှိ အခြားနိုင်ငံများတွင် အသွားအလာများ ကန့်သတ်တား မြစ်ခြင်းကို စတင်လိုက်သည်နှင့် ကိုဗစ် -၁၉ ကာကွယ်ရေးအရေးပေါ်အစီအစဉ်များသည် အသွားနှစ်ဖက်ဓားများသဖွယ် ဖြစ်နိုင်ပုံကို မြန်မာပြည်တွင်းမှ အရပ်ဘက်အဖွဲ့အစည်းများကြား အချင်းချင်း သတိပေးခဲ့ကြသည်။

တစ်ဘက်တွင် ထိုကာကွယ်ရေးအစီအမံများသည် ကပ်ဘေးကို ထိန်းချုပ်ရန်ဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ ရောဂါကာကွယ်ရေးအတွက် ပြင်ဆင်မှုများကို များစွာမတတ်နိုင်သော နိုင်ငံဖြစ်နေသောကြောင့် စည်းကမ်းဖြင့် လူစုလူဝေးရှောင်ရှားရန် အစီအမံများကို ဆောင်ရွက်မှသာ ထိန်းနိုင်မည်။ သို့ရာတွင် ထိုအရေးပေါ် ကာကွယ်ရေးအစီအစဉ်များ ခေါင်းစဉ်အောက်တွင် အာဏာပြ လိုမှုများရှိသည့် အုပ်ချုပ်ရေးခေါင်းဆောင်များအဆင့်ဆင့်အတွက် အခွင့်အရေး ဖြစ်သွားနိုင်ကြောင်းကို သတိချပ်နိုင် ကြရန်ဖြစ်သည်။

မတ်လအစောပိုင်းတွင်ပင် အဖွဲ့ဝင်ပေါင်း ၂၅၀ ကျော် ပါဝင်သော အရပ်ဘက်လူ့အဖွဲ့အစည်းများက အောက်ပါ ကြေညာချက်တွင် ဤသို့ထုတ်ပြန်ခဲ့သည်။

“နိုင်ငံရေးနှင့် စီးပွားရေးပါဝါများကို လက်ဝယ်ဆုပ်ကိုင်ထားသူများက ပိုအခွင့်အရေး ရနိုင်သော ကိုဗစ်အရေးပေါ် ကာလအတွင်း အစစ်အဆေးမရှိ သုံးနိုင်သော အာဏာစက်သည် အချို့အခြေအနေများတွင် လူ့သိက္ခာနှင့် ဒီမိုကရေစီ၏ တန်ဖိုးများကို တိုက်စားသွားနိုင်သည့် အရေးကို များစွာပူပန်ပါသည်။ အာဏာကို အီလစ်တစ်စု၏ လက်ဝယ်တွင်ထားရှိရသော အခြေအနေမျိုးတွင် မြန်မာနိုင်ငံ၏ အခြေအနေမှာ ပို၍ပင် ဆိုးနိုင်ပါ သည်။”

ဧပြီလအစောပိုင်းတွင် မြန်မာနိုင်ငံ၏ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ရှမ်း၊ ကယား၊ ကရင်နှင့် မွန် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ အရေးပေါ်ကာလ ညမထွက်ရ အမိန့်များကို ကျင့်သုံးခဲ့ပြီး အပြင်မထွက်ရန်၊ လူစုလူဝေးမပြုရန်စည်းကမ်းများကိုလည်း တင်းတင်းကျပ်ကျပ်ပင် ချမှတ်ခဲ့ပါသည်။

ထိုစည်းကမ်းများထဲတွင် အများသုံးသယ်ယူပို့ဆောင်ရေးစနစ်များကို ရပ်တန့်ခြင်းနှင့် လူငါးဦးထက် ပိုစုခွင့်မပြုခြင်း အစရှိသည်တို့ ပါဝင်ခဲ့ကြသည်။ ထိုစည်းကမ်းများကြားတွင် အဆင်းရဲဆုံးသော သူများအဖို့မူ ကိုဗစ်ကာလသည် အငတ်ဘေးပါဆိုက်ရန် အခြေအနေမျိုးကို ဖန်တီးသည်။ မည်မျှကြာကြာ ဒုက္ခရောက်နေမည်ကိုလည်း မမှန်းဆနိုင်။

ထိုအထဲတွင် ရပ်ရွာက ချမှတ်ထားသော စည်းကမ်းအတိုင်း မနေနိုင်လျှင် ဥပဒေများ စည်းမျဉ်းစည်းကမ်း များက သူတို့ကို အပြစ်ပေးရန်စောင့်ဆိုင်း နေကြသည်။
ဇွန်လနှောင်းပိုင်းအထိ ရန်ကုန်တွင်ရှိသောမြို့နယ်များမှ အုပ်ချုပ်ရေး အဖွဲ့အစည်းများသည် နှာခေါင်းစည်း မတပ်သူများကို ဖမ်းဆီးသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြသည်။ ထိုအဖွဲ့များက ဖမ်းဆီးပြီး တရားရုံးသို့ ပို့ဆောင်သော နှာခေါင်းစည်း မတပ်သူများ နေ့တိုင်းပင် ရှိကြသည်။

သို့ရာတွင် အချို့နေ့များတွင် အပူချိန် ၄၀ ဒီဂရီနား ကပ်သော ပြီးခဲ့သည့် မေလကဲ့သို့သော အပူချိန်မျိုးအောက်တွင် တစ်နေ့လုံး နှာခေါင်းစည်းတပ်ရန်မှာ နေပူထဲတွင် ကျောပူခံကာ အလုပ်လုပ်ကြရသူတို့အဖို့ မဖြစ်နိုင်သလောက်နီးပါးပင်ဖြစ်သည်။ အထူးသဖြင့် အိမ်တွင် နှစ်လနီးပါးအပြင် မထွက်နိုင်ဘဲ မေလရောက်မှ အလုပ်စတင်ကြရမည့် ခေါင်းရွက်ဗြတ် ထိုးဈေးသည်များအဖို့ အကျပ်အတည်းသည် နှာခေါင်းစည်း တစ်ခုတည်း မဟုတ်ပါ။

အဖမ်းခံရသူတို့သည် ကံကောင်းထောက်မလျှင် တရားရုံးတွင် နေ့တစ်ဝက်လောက်သာ အချိန်ကုန်ခံကြရပြီး ဒဏ်ငွေဆောင်ကာ ပြန်လွတ်လာနိုင်သည်။ ကိုဗစ်ကာလ စည်းကမ်းများကို ချိုးဖောက်သူများသည် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေသို့မဟုတ် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေတို့ဖြင့် အရေးယူခံရ နိုင်သည်။ သို့ရာတွင် အထက်တွင်ဆိုခဲ့သည့် အတိုင်း လူတိုင်းမှာ ဥပဒေရှေ့မှောက်တွင် တညီတညာတည်း ဆက်ဆံခံရသည် မဟုတ်ပါ။

ဆိုရှယ်မီဒီယာများပေါ် တွင် ဆူညံစွာ မကျေနပ်ခဲ့ကြသည့် ကိစ္စတစ်ခုမှာ မေလနှောင်းပိုင်းတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ၎င်း၏အစိုးရ ကိုယ်တိုင်ချမှတ်ထားသော စည်းမျဉ်း ဥပဒေများကို မလိုက်နာဘဲ ဘာသာရေး အခမ်းအနားကို လူစုလူဝေးဖြင့် ကျင်းပခဲ့သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော လုပ်ရပ်ကို ပြုခဲ့သော်လည်း အပြစ်မရဘဲ လွတ်ကင်းခွင့်ရှိခြင်းက ပြည်သူများစွာ ကို မကျေမနပ်ဖြစ်စေခဲ့ပါသည်။ အဘယ် ကြောင့်ဆိုသော် ထိုကဲ့သို့သောလုပ်ရပ်မျိုးကို အခြားနေရာတွင် ပြုလုပ်ခဲ့သူတို့သည် ဥပဒေကို ချိုးဖောက်ရန် မရည်ရွယ် သည့်တိုင်အောင် မလိုက်နာခြင်း ထင်ရှားသဖြင့် ထောင်ကျနေကြသော ကြောင့်ဖြစ်သည်။

ထိုသူတို့ထက်ပို၍ အခြေအနေပိုဆိုးသူတို့မှာ လက်နက်ကိုင်တိုက်ပွဲ များကြားတွင် ပိတ်မိနေသော ပြည်သူ များဖြစ်ကြသည်။ ထိုသူတို့သည် ကိုဗစ် -၁၉ ကာကွယ်ရာတွင် အဓိကကျသော ပြည်သူ့ကျန်းမာရေး ပညာပေးလုပ်ငန်းများကိုကောင်းစွာ ကြားသိရန်ခက်သလို ကျန်းမာရေး စောင့်ရှောက်မှုကို ရနိုင်ရန်၊ သန့်ရှင်းသောဝန်းကျင်တွင်နေထိုင်နိုင်ရန် မဖြစ်နိုင်သည့် အခြေအနေတွင် ရှိပါသည်။

အထူးသဖြင့် စစ်ဖြစ်ပွားနေသော မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ် စစ်ဇုန်များတွင် လုံခြုံရေးအကြောင်း ပြချက်ဖြင့် အင်တာနက်ကို ဖြတ်တောက်ထားသောကြောင့် အခြားနိုင်ငံသားတို့ကဲ့သို့ သတင်းစကားများ အချိန်နှင့်တပြေးညီရနိုင်သည့် အခွင့်အရေးမရှိပါ။ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ် များတွင်လည်းကောင်း ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တွင်လည်းကောင်း ယမန်နှစ်ဇွန်လမှစတင်ကာ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်။

အင်တာနက် ဖြတ်တောက်ထားသည့်အတွက် ထိုဒေသများမှ ပြည်သူများ၏ စားနပ်ရိက္ခာပြဿနာများနှင့် အသက်အိုးအိမ်မလုံခြုံမှုပြဿနာများကို သိရှိနေ ရန် အလွန်ခက်ခဲသွားတော့သည်။ သတင်းများကို အမှောင်ချထားနိုင်သည်နှင့်အတူ ၂၀၁၈ ဒီဇင်ဘာလမှ ၂၀၂၀ မေလ အထိကြည့်လျှင် ဤဒေသမှ ပြည်တွင်းစစ်သည် အရပ်သားပြည်သူပေါင်း ၂၅၇ ဦးကို သတ်ဖြတ်ခဲ့ပြီး ၅၇၀ ဦးခန့်ကို ဒဏ်ရာအနာတရဖြစ်စေခဲ့ပြီ။

ကိုဗစ် ကာလအတွင်းတွင်လည်း အိုးအိမ်မဲ့ ထွက်ပြေးရသူများအရေအတွက် ပိုမိုမြင့်မားလာခဲ့သည်။
ထိုကဲ့သို့ စစ်ဘေးအတွင်း မလုံခြုံ မှုများကြီးစိုးနေချိန်တွင် ကပ်ရောဂါအကြောင်း သတင်းအချက်အလက်များကို ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ သတင်းအချက်အလက် အလွန်အရေးကြီးသည့်ကာလထဲမှာပင် ထို ပြည်သူတို့၏

သတင်းအချက်အလက် ရပိုင်ခွင့်ကို ငြင်းပယ်ခဲ့ကြသည်။ ရခိုင်အရပ်ဘက်လူ့အဖွဲ့အစည်းများသည် အရပ်ဘက်ပြည်သူများ၏ လူသားလုံခြုံ ရေးကို အလေးအနက် တောင်းဆိုထားကြပြီး အင်တာနက်ပိတ်ထားခြင်းမှာ ခွဲခြားဆက်ဆံခြင်း ဖြစ်သောကြောင့် ချက်ချင်းရပ်တန့်ပေးရန် အစိုးရကိုတိုက် တွန်းခဲ့သည်။

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံအရပ်ရပ်တွင် ရှိကြကုန်သော အခြားပဋိပက္ခနယ်မြေများရှိပြည်သူများနှင့် စစ်ကြောင့် နယ်စပ်တစ်လျှောက် အိုးအိမ်မဲ့ရွှေ့ပြောင်း နေထိုင်နေရသူများအတွက် ကိုဗစ်-၁၉ကာလ ကျန်းမာရေးပညာပေး ဆိုင်ရာအချက်အလက်များကို ရရှိရန်၊ ကျန်းမာရေးစောင့်ရှောက်မှုကိုရရှိရန်၊ ကိုဗစ်ကာကွယ်ရေးနှင့် ကုသရေးအတွက် မဖြစ်မနေ လိုအပ်သော ပစ္စည်းကိရိယာ များရရှိရန်မှာလည်း အလွန်ကြီးမားသော စိန်ခေါ်မှုပင်ဖြစ်သည်။

ကိုဗစ်-၁၉ နှင့် ရင်ဆိုင်နေရချိန်တွင် ပဋိပက္ခဒေသများ တွင် အပစ်အခတ်အားလုံး ရပ်စဲထားကြ ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး António Gutierres က ၂၀၂၀ မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သော ပန်ကြား ချက်သည် မြန်မာပြည်မှကြားရန် အတော်ပင် အလှမ်းဝေးပုံရပါသည်။ မေလ ၁၀ ရက်နေ့သို့ ရောက်သည့်အခါကျမှပင် တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးနှင့် အပစ်အခတ်ရပ်စဲရန် တစ်ဖက်သတ် ကြေညာပါသည်။

သို့ရာတွင် ထိုကြေညာချက်မှာ ရခိုင်တပ်များနှင့် အကျုံးမဝင် ပါ။ အပစ်အခတ်ရပ်စဲရန် ကြေညာချက်ကို မထုတ်ပြန်မီကလေးတွင်ပင် ရက္ခိုင့် တပ်မတော် AA အား တရားမဝင်အဖွဲ့ အစည်းအဖြစ် ကြေညာထားပြီးဖြစ်သည်။ မြန်မာပြည်၏ ပြည်တွင်းစစ်သည် မည်သူကမျှ ရပ်ရန်ပြောမရသည့် အခြေအနေတွင် ကိုဗစ်-၁၉ ဟူသော နောက်ထပ် စစ်ပွဲတစ်ပွဲက ရောက်လာပြီ ဖြစ်သည်။

ကိုဗစ်-၁၉ နှင့် ရင်ဆိုင်ရသည့် တိုက်ပွဲတွင် မြန်မာနိုင်ငံသို့ “တရား မဝင် ဝင်လာသူများ၊ ထို့ကဲ့သို့ ဝင်လာခြင်းကို သိလျက်နဲ့၊ လက်သင့်ခံသူများ၊ ဖုံးကွယ်ထားသူများကို ဥပဒေအရ တင်း ကျပ်စွာအရေးယူမည်။}” ဟု အစိုးရက ကြေညာခဲ့သည်။ ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သော ထိုပြဋ္ဌာန်းချက်အသစ်သည် နယ်စပ်တစ်လျှောက် ပဋိပက္ခနယ် မြေများတွင် နေထိုင်ကြသူများ၊ မြန်မာပြည်ဘက်မှ သတင်းအစုံအလင်ကို သိရှိနေရန် မသေချာသောသူများ၊ မြန်မာ ပြည်ထဲသို့ မိမိတို့ သွားလာနေကျလမ်းကြောင်းများမှ ပြန်လာနေကြသည့် အိမ်နီးချင်းနိုင်ငံများမှ ဝင်လာသော မြန်မာရွှေ့ပြောင်း လုပ်သားများအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။

ကိုဗစ်-၁၉သည် မည်သည့်နေ့ရက်တွင် ကူးစက်ပျံ့နှံ့မှုရပ်တန့်ပြီး ပုံမှန် အခြေအနေဆီ ပြန်ရောက်နိုင်မည်ဟု မည်သူကမျှမပြောနိုင်ပါ။ မျှော်လင့်ထားကြသော အခြေအနေသစ် (New Normal) ထဲသို့ ရောက်မည်ကြံဆဲတွင် ပင် ရောဂါကူးစက်မှုများလာသောကြောင့် နောက်ပြန်ဆုတ် ရခြင်းများ ရှိနေမြဲပင် ရှိသေးသည်။ မြင့်မားလာနိုင်သည့် ကူးစက်မှုကို ကာကွယ်ရေးအတွက် အစိုးရအဖွဲ့ အစည်းများသည် လူအများစည်းကမ်း လိုက်နာမှုကို ကြီးကြပ်ရန် ပြစ်ဒဏ် စနစ်များကို ကျင့်သုံးနေကြရပေဦးမည်။

သို့ရာတွင် မချိန်မဆဘဲ အပြစ်ပေးသော ဖြစ်စဉ်များ၊ ပြည်သူများကို သတင်းအချက်အလက်ပေးချိန်တွင် မရှင်းလင်း မလုံလောက်ပါဘဲ အာဏာကို သုံးစွဲကြ ချိန်တွင်သာ အပြစ်ရရန် သေချာရေရာ နေခြင်းများကြောင့် ဆင်းရဲနွမ်းပါးသူ များရင်ဆိုင်ရသည့် ဝန်ထုပ်ဝန်ပိုးများ ပိုမကြီးလာစေသင့်ပါ။ သို့ဖြစ်ရာ တရားဥပဒေစိုးမိုးရေးဘက်တွင် ပါဝင်ဆောင် ရွက်နေကြသူအပေါင်းတို့သည် အရေးပေါ် ကာလအတွင်း ကုလသမဂ္ဂက ချမှတ်ထားသောမူများကို မဖြစ်မနေ ထည့်သွင်းပြင်ဆင်ကာ ကျင့်ကြံကြရန် အရေးကြီးလှပါသည်။

အရေးပေါ်အခြေအနေများကို ကိုင်တွယ်ရာတွင် အာဏာကို တလွဲ မသုံးနိုင်ကြရန် ချမှတ်ထားသော အဓိက မူလေးချက်မှာ တရားဥပဒေနှင့်အညီ မျှတစွာစီရင်ခြင်း၊ မဖြစ်မနေလိုအပ် ကြောင်း သေချာမှသာ အာဏာကိုသုံးခြင်း၊ ကြီးသည့်အမှု ကြီးသလို ငယ်သည့်အမှုကို ငယ်သလို သင့်တင့်စွာ စီရင်တတ်ခြင်း၊ အဂတိမပါဘဲ ခွဲခြားဆက်ဆံ မှု ကင်းခြင်းတို့ ဖြစ်ကြသည်။

စည်းမျဉ်း စည်းကမ်းနှင့် ဥပဒေများကို အများလိုက်နာအောင် ဆောင်ရွက်ရာတွင် ဘောင်မဝင်ဘဲ စိတ်ထင်သလိုပြုခြင်းများ၊ ကျိုးကြောင်းမသင့်သော အပြုအမူ များမရှိဘဲ ဆောင်ရွက်ရန် ကုလသမဂ္ဂက တိုက်တွန်းထားသည်။ ပြည်သူတို့သည် ၎င်းတို့အပေါ်တွင် သက်ရောက်နိုင်သော ဥပဒေ အကျိုးအပြစ်များကို ကောင်းစွာနားလည်ထားရမည်ဖြစ်ပြီး ထိုသို့ ဥပဒေအရ ကျင့်ထုံးများရှိကြောင်းကို လည်း ပြည်သူက အလွယ်တကူသိရှိနိုင်ရမည်။

အကယ်၍ တရားရုံးတွင် အမှု ရင်ဆိုင်ရလျှင် လွတ်လပ်မျှတသော ကြားနာမှုရှိရန်လိုအပ်ပြီး အရေးပေါ်အခြေ အနေဖြစ်နေသောကြောင့် ပြစ်မှုများကို အလျင်စလို ချသည့်အတွက် မတရားဖြစ်ခြင်းကို ရှောင်ရှားကြရမည်။ ရာဇဝတ် မှုဖြင့်ရောက်ရှိလာလျှင်ပင် ထိုသူတွင် အပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနိုင်သည့် အခြေအနေများရှိနိုင်ပုံကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

ထို့ပြင် ပြည်သူ တို့အပေါ် ချမှတ်သည့် ချုပ်ချယ်မှုများသည် ပြည်သူတို့ ကျန်းမာစွာ နေထိုင်နိုင်ခွင့်နှင့် ဆန့်ကျင်နေလျှင် မလိုလားအပ်သည့် နောက်ဆက်တွဲများဖြစ်ပေါ်လာနိုင်သည်။ စည်းကမ်းများ လိုအပ်သည်မှာ မှန်သော်လည်း ပြည်သူတို့၏ အသက်ရှင်နေထိုင်ရန်လို အပ်ချက်များ မရနိုင်တော့သောကြောင့် ဘဝအခြေအနေ ပိုမို ဆိုးရွားလာမည့် ဒုက္ခကို ဦးစားပေး ရှောင်ရှားကြရန်မှာ ကုလသမဂ္ဂ၏ မူတစ်ရပ်ဖြစ်ပါသည်။ မိမိတို့လိုလားသော အခြေအနေမျိုး ရရှိလာအောင် ဆောင်ရွက်ကြရာတွင် အတတ်နိုင်ဆုံးသင့်လျော် သည့်နည်းလမ်းများသုံးကာ ရပ်ရွာပြည်သူတို့ဘဝ ထိခိုက်နိုင်ခြေ အနည်းဆုံး အနေအထားကို ရွေးချယ်ကြရန် ကုလသမဂ္ဂက တိုက်တွန်းပါသည်။

နောက်ဆုံးအချက်မှာ မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများအတိုင်း လိုက်နာပြီး ခွဲခြားဆက်ဆံမှုအမျိုးမျိုးကို ရှောင်ကြဉ်ကြရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ကိုဗစ်ကာလတွင်သာမဟုတ် သဘာဝဘေးအန္တရာယ် အပြွမ်းဆုံးနေရာတစ်ခုအဖြစ် သတ်မှတ် ခံထားရရာ အရေးပေါ် အခြေအနေများနှင့် မကြာခဏဆိုသလို ကြုံရနိုင်ခြေ ရှိပါသည်။ အထက်ပါ အရေးပေါ်ကာလ အာဏာကို သင့်တင့်လျောက်ပတ်စွာ ကျင့်သုံနိုင်ရေး မူများမှာ မြန်မာနိုင်ငံအတွက် ဘေးအန္တရာယ်ရင်ဆိုင်ရာတွင် အသင့်ဖြစ်စေရေးအတွက် လိုအပ်သည့် မူများပင် ဖြစ်သည်။ ယခုကိုဗစ်ကာလ ရောဂါထိန်းချုပ်ရေးအစီအမံများ ဆောင်ရွက်ကြရာတွင်လည်း သတင်းအချက် အလက်နှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ မရရှိနိုင်သည့် အခြေအနေမျိုးကို မည်သူ တစ်ဦးတစ်ယောက်ကမျှ မကြုံ စေသင့်ပေ။ အားလုံးညီတူမျှတူ လုံခြုံဘေးကင်းခွင့်ရရှိကာ စည်းကမ်းဖောက်သဖြင့် ပြစ်ဒဏ်ရသင့်သူတို့အဖို့လည်း အနာနှင့်ဆေး သင့်ရုံသာဖြစ်စေသင့်ပါသည်။

ဒေါက်တာနွဲ့ကေခိုင်