NLDထိပ်ပိုင်းခေါင်းဆောင်ဟောင်း သရက်ချောင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး ရွေးကောက်ပွဲမဝင်

0
615

လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် သူ့အနေနှင့် ဝင်ရောက်အရွေးချယ်ခံမည် မဟုတ်တော့ကြောင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက တနင်္သာရီအပတ်စဉ်သို့ ပြောသည်။

နိုင်ငံရေးကို မှန်ကန်ဖြောင့်မတ်စွာ လုပ်ချင်သော်လည်း လုပ်ခွင့်မရသည့်အတွက်ကြောင့် ရွေးကောက်ပွဲမဝင်တော့ ခြင်းဖြစ်သည်ဟု ဦးအောင်စိုးက ဖွင့်ဟသည်။

ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု

“တစ်သီးပုဂ္ဂလည်း မဝင်တော့ဘူး။ တခြားပါတီကနေလည်း မဝင်တော့ဘူး။ ဒေသအကျိုးကိုပဲ အတတ်နိုင်ဆုံးနိုင်တဲ့ဘက်က ကူညီတော့မယ်လို့ ဆုံးဖြတ်ထား တယ်” ဟု ၎င်းက ဆိုသည်။

၎င်းသည် NLDပါတီ စတင်တည်ထောင်စဉ်မှစ၍ ပါတီတာဝန်အရပ်ရပ်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် တနင်္သာရီတိုင်းဥက္ကဋ္ဌ၊ ၂၀၁၆ ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံထားရသူ ဖြစ်သည်။

ယင်းအပြင် ၎င်းသည် အဂတိလိုက်စားမှုဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသော တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် ခဲအိုတော်စပ်သူလည်းဖြစ်သည်။

၎င်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် ပါတီတာဝန်အားလုံး ရပ်ဆိုင်းလိုက်ပြီးနောက် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။

ထားဝယ်ဒေသတွင် အကောင်အထည်ဖော်ရန် ကြိုးစားလျက်ရှိသော ရေနက်ဆိပ်ကမ်း၊ ထီးခီးလမ်း၊ ငါးလေလံဈေး စသည်ကိစ္စများ အောင်မြင်ရေး၊ လျှပ်စစ်မီးရရှိရေးအတွက် ဒေသတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“နိုင်ငံရေးဆိုတာ အင်မတန်ရိုး စင်းပါတယ်။ နိုင်ငံ့အရေး၊ ပြည်သူ့အရေးကို ကောင်းသထက်ကောင်းအောင်လုပ်တဲ့ အလုပ်ဖြစ်တယ်။ ဒါကိုကျွန်တော့် အနေနဲ့ မှန်မှန်ကန်ကန်ပဲ လုပ်ချင်တယ်။ တခြားနည်းလမ်းနဲ့ ဘယ်အလုပ်ကိုမှ မလုပ်ချင်ဘူး။ ကိုယ့်ဘဝကိုလည်း သန့်သန့်ရှင်းရှင်းပဲ တည်ဆောက်ချင်တာ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးပတ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေနှင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာတွင် ဦးအောင်စိုးအပါအဝင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သရက်ချောင်းမြို့နယ်ရှိ မဲဆန္ဒနယ်များမှ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည့် ကိုယ်စားလှယ်လေးဦးစလုံးကို ချန်လှပ်ခဲ့ပြီး လူသစ်များဖြင့် အစားထိုးခဲ့သည်။

ကျော်သူစိုး