မွန် NLDကိုယ်စားလှယ်လောင်း နှစ်ဦးကို ပြောင်းလဲ

0
379

လာမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်လောင်းနှစ်ဦးအား အပြောင်းအလဲလုပ်လိုက်ကြောင်း မွန်ပြည်နယ် NLDပါတီ တာဝန်ရှိသူတို့ထံမှ သိရသည်။

မွန်ပြည်နယ် ရေးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂)အတွက် ကိုယ်စားလှယ်လောင်း ဦးချစ်တင်နေရာအစား ရေးမြို့နယ် NLDပါတီ ဥက္ကဋ္ဌ ဦးကျော်မိုးအေးနှင့် မုဒုံမြို့နယ်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)အတွက် ကိုယ်စားလှယ်လောင်း ဦးထွန်းကြည်နေရာတွင် ဒေါ်ခင်ကျော့ဖြူတို့ဖြင့် အစားထိုးလဲလှယ်ခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု

NLDပါတီအနေနှင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်လိုက်သည့် အဆိုပါကိုယ်စားလှယ်လောင်းများထဲမှ အချို့ကို ပြန်လည်စိစစ်ပေးရန် ပါတီဝင်များနှင့် NLDကို ထောက်ခံသည့်ဒေသခံတို့က လက်မှတ်ရေးထိုးပြီး ကန့်ကွက်ခဲ့ကြပြီးနောက် ပါတီဗဟိုအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ ကိုယ်စားလှယ်လောင်း ၁၂ ဦးကို လဲလှယ်ခဲ့ရာတွင် မွန်ပြည်နယ်မှ နှစ်ဦးပါဝင်ခဲ့ခြင်း ဖြစ်သည်။

“အန်တီတို့ မွန်ပြည်နယ်မှာ ရေးမြို့နယ် အပြောင်းအလဲဖြစ်တယ်။ မုဒုံမြို့နယ် အပြောင်းအလဲဖြစ်တယ်” ဟု မွန်ပြည်နယ် NLD ဒုတိယဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

မွန်ပြည်နယ်တွင် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် ၄၅ နေရာရှိရာ NLDပါတီက နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေနှင့် ဇူလိုင်လ ၂၉ ရက်နေ့က စပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် အမည်စာရင်းတင်သွင်း လျက်ရှိသည်။