ရှစ်လေးလုံးအထိမ်းအမှတ်ကျောက်တိုင် စိုက်ထူရေး မြိတ် ၈၈ လိုလားနေဆဲ

0
418

အစိုးရက ခွင့်ပြုချက်ချမပေးသေးသော်လည်း မြိတ်ခရိုင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့် ရှစ်လေးလုံးအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူရေးအတွက် ဆန္ဒပြင်းပြနေဆဲ ဖြစ်သည်။

ယနေ့ သြဂုတ်လ ၈ ရက်တွင် ကျရောက်သည့် ၃၂ နှစ်ပြည့် ရှစ်လေးလုံးနှစ်ပတ်လည်အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားကို မြိတ်မြို့၊ ရွှေကျောင်းလမ်းလေးဆုံတွင် အောက်မေ့ ဖွယ်အခမ်းအနားကို ပြုလုပ်ခဲ့သည်။ ယင်းနေရာသည် ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကာလအတွင်းက ကျောင်းသားခေါင်းဆောင် ကိုကိုဦးနှင့် ညီညီလွင်တို့ ကျဆုံးခဲ့သည့် နေရာလည်း ဖြစ်သည်။

ကွမ်းသမားနှင့် ကိုဗစ်

အဆိုပါနေရာတွင် အဝိုင်းအကျယ် ၁၅ ပေ၊ အမြင့် ၁၃ ပေရှိ အထိမ်းအမှတ် ကျောက်တိုင်အား စိုက်ထူရန် လွန်ခဲ့သည့် နှစ်နှစ်ကတည်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြတောင်း ဆိုခဲ့သော်လည်း ယနေ့အချိန်အထိ ခွင့်ပြုချက်မရသေးဟု မြိတ်ခရိုင် ၈၈ အဖွဲ့က ဆိုသည်။

“ဒီနေရာဟာ သွေးစွန်းခဲ့တဲ့ သမိုင်းဝင် နေရာပါ။ ဒါကိုတိုင်းအစိုးရက ခွင့်မပြုပေးဘူးဆိုတော့ သေရင်တောင် အသေဖြောင့်မှာ မဟုတ်ဘူး” ဟု မြိတ် ၈၈၊ လူထုဆက်ဆံရေးတာဝန်ခံ ဦးလှမော်က ပြောသည်။

ယင်းနေရာတွင် ကျောက်တိုင်စိုက်ထူခြင်းကြောင့် ယာဉ်အသွားအလာကို ထိခိုက်စေမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

အစိုးရဘက်ကမူ အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူခြင်းသည် အတိမ်းအစောင်းအထိအရှမခံသည့် ကိစ္စဖြစ်သည်ဟုသာ အကြောင်းပြချက်ပေးခဲ့သည်ဟု ဆိုသည်။

“တိုင်းအစိုးရက ဘာကိုကြောက်နေလဲလို့ပဲ မေးခွန်းထုတ်ချင်တယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ရှစ်လေးလုံးအထိမ်းအမှတ် ကျောက်တိုင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ထူခွင့် ရခဲ့သော်လည်း မြိတ်မြို့တွင် မရရှိခဲ့သည့်အတွက် မိမိတို့တွင် တာဝန်မကျေဟု ခံစားရကြောင်း မြိတ်ခရိုင် ၈၈ အဖွဲ့ ကျောင်းသားခေါင်းဆောင် ဦးပိုအင်က ပြောဆိုသည်။

ယင်းနေရာတွင်အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု မြိတ်ခရိုင် ၈၈ ငြိမ်း/ပွင့် အဖွဲ့မှ ခေါင်းဆောင်များက ပြောသည်။