ထီးခီးလမ်းအဆင့်မြှင့်တင်ရေး လမ်းဒီဇိုင်းစစ်ဆေးမှု ပြီးစီးလုနီးဟုဆို

0
779

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံကိုဆက်သွယ်ထားသည့် ထီးခီးလမ်းအား အဆင့်မြှင့်တင်ရေးအတွက် လမ်းဒီဇိုင်းစစ်ဆေးမှုမှာ ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်ဇော်ဝင်းက ပြောကြားသည်။

ထီးခီးလမ်းအဆင့်မြှင့်တင်မည့် လုပ်ငန်းနှင့် ပတ်သက်၍ လမ်းဒီဇိုင်း အပါအဝင် အပြီးသတ်အစီရင်ခံစာကို ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံ NEDA (အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) က ဆောက်လုပ်ရေးဝန်ကြီးဌာနထံ တင်ပြထားသည်။

ထားဝယ်စီမံကိန်းကို အီတာလျံ-ထိုင်းအသက်ပြန်သွင်း၊ အဆင့်ငါးဆင့်ဖြင့် အကောင်အထည်ဖော်မည်

လက်ရှိတွင် အဆိုပါ လမ်းဒီဇိုင်းကို စစ်ဆေးသည့်ကိစ္စက ကိုးဆယ်ရာခိုင်နှုန်း ကျော် ပြီးစီးနေပြီဖြစ်ကြောင်း ဦးသက်ဇော်ဝင်းက ဆိုသည်။

“ကျွန်တော်တို့က ဖိုင်နယ်(နောက်ဆုံး) ညှိနေတဲ့ အနေအထားပေါ့။ တော်တော် ခရီးပေါက်နေပါပြီ” ဟု ဦးသက်ဇော်ဝင်း က ပြောသည်။

စစ်ဆေးပြီး ထွက်ရှိလာမည့် လမ်းဒီဇိုင်းအပေါ်မူတည်ကာ ချေးယူမည့် ငွေပမာဏ ထွက်ရှိလာမည်ဖြစ်ပြီး ငွေချေးမည့် လုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံနှင့် ဆက်လက်ညှိနှိုင်းရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါလမ်း အဆင့်မြှင့်မည့် လုပ်ငန်းအတွက် ထိုင်းနိုင်ငံ (NEDA) ထံမှ ဘတ် ၄ ဒသမ ၅ ဘီလီယံ (ကျပ်ဘီလီယံနှစ်ရာဝန်းကျင်)ချေးယူရန် ၂၀၁၈ ခုနှစ်၊ မတ်လကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ထားသည်။

ကွင်းဆင်းစိစစ်ပြီးနောက် ချေးငွေကိစ္စကို ဆက်လက်ညှိနှိုင်းပြီး ချေးငွေရရှိပါက လမ်းအဆင့်မြှင့်မည့်လုပ်ငန်းအတွက် တင်ဒါခေါ်ရမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်း က ပြောဆိုထားသည်။

နှစ်လမ်းသွားလမ်းအဖြစ် အဆင့်မြှင့်ရာတွင် ထိုင်းနိုင်ငံ၏ NEDA အဖွဲ့တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီကိုသာ တင်ဒါယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။

အဆိုပါလမ်းတွင် လမ်းနယ်အကျယ်ကို ၂၃၀ ပေ သတ်မှတ်ထားပြီး ၂၄ ပေ အကျယ်ရှိ နိုင်လွန်ကတ္တရာ(AC) လမ်းခင်းမည်ဖြစ်ကြောင်း ဦးသက်ဇော်ဝင်း က ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ဆက်သွယ်မည့် ယင်းလမ်းပိုင်းကို ၂၀၁၀ ပြည့်နှစ်တွင် အီတာလျံ ထိုင်းကုမ္ပဏီက တာဝန်ယူဖောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။