အစိုးရတည်ဆောက်ရေး လုပ်ငန်းအချို့ကို ပြင်ပအဖွဲ့အစည်းဖြင့် စစ်မည်

0
427

အစိုးရ၏ တည်ဆောက်ရေး လုပ်ငန်းအချို့ကို သေချာစွာ စိစစ်နိုင်ရန် ပြင်ပတတိယအဖွဲ့အစည်း (Third Party) ဖြင့် စစ်ဆေးတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြော ကြားသည်။

လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တိုင်းအစိုးရဘဏ္ဍာငွေဖြင့် တည်ဆောက်မည့် ကျပ်သန်းသုံးရာနှင့်အထက် လုပ်ငန်းအချို့ကို ယင်းသို့ စစ်ဆေးသွားမည်ဖြစ်ပြီး လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီများဖြင့် အဆင့်ဆင့် စစ်ဆေးနေခြင်းဖြစ်ပြီး ကျပ်သန်းသုံးရာနှင့်အထက် လုပ်ငန်းများအနက် အဆောက်အအုံကြီးများ၊ တံတားများကို အဓိက စစ်ဆေးမည်ဟု မျှော်မှန်းထားကြောင်း ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

ကွမ်းသမားနှင့် ကိုဗစ်

“အရည်အသွေး ပိုပြီးမီလာအောင် ဆိုပြီးတော့ ရည်ရွယ်ပြီးလုပ်တာပေါ့” ဟု ၎င်းက ပြောသည်။

ယင်းသို့ စစ်ဆေးနိုင်ရန် ပညာရှင်များပါဝင်သည့် အဖွဲ့အစည်းကို ငှားရမ်းရမည်ဖြစ်ပြီး ထို့အတွက် တင်ဒါခေါ်ယူရ မည်ဖြစ်သည်။

လုပ်ငန်းကြီးအချို့ကို ထိုသို့ ပြင်ပအဖွဲ့အစည်းဖြင့် စစ်ဆေးမည်ဆိုပါက လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ထားဝယ်မြို့ အခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။

တိုင်းအတွင်း တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယခုဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း တစ်သိန်းခုနစ်သောင်းခန့် သုံးစွဲရန် သတ်မှတ်ထားသည်။

လာမည့်ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း တစ်သိန်းရှစ်သောင်းကျော် သုံးစွဲရန်လျာထားကြောင်း တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနထံမှ သိရသည်။

လာမည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်မည့် လုပ်ငန်းများအတွက် Soil Test (မြေသားစမ်းသပ်မှု)၊ Design (ပုံစံ)၊ Estimate (ခန့်မှန်းတွက်ချက်မှု) စသည့် အချက်များကို တင်ဒါမခေါ်မီကတည်းက ဌာနများက ရေးဆွဲထားရမည်ဖြစ်ကြောင်း ဦးအောင်သူရက ပြောသည်။