ပညာရေးတက္ကသိုလ်တက်မယ်

0
979

မခိုင်ဝတ်ရည်ထွန်း (တစ်နိုင်ငံလုံး အမှတ်အများဆုံး စာရင်းဝင်)

မြိတ်မြို့ရှိ ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ပြီး ဝိပ္ပံတွဲတွင် စုစုပေါင်း ရမှတ် ၄၉၅ မှတ်ဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံး ဆယ်ဦး စာရင်းဝင်သော လေးဘာသာဂုဏ်ထူးရှင် မခိုင်ဝတ်ရည်ထွန်းနှင့် တနင်္သာရီအပတ်စဉ် ဆက်သွယ်မေးမြန်းမှုကို ဖော်ပြလိုက်ပါသည်။

မခိုင်ဝတ်ရည်ထွန်းသည် မောင်နှမလေးဦးတွင် အကြီးဆုံးဖြစ်ပြီး သင်္ချာ၊ ဓာတု၊ ရူပနှင့် ဘောဂဗေဒ တို့တွင် ဂုဏ်ထူးထွက်ခဲ့ခြင်းဖြစ်သည်။

ကွမ်းသမားနှင့် ကိုဗစ်

“အောင်စာရင်းမထွက်ခင်တုန်းကတော့ ဂုဏ်ထူးငါးဘာသာလောက်တော့မှန်းထားတာပေါ့နော်။ အခုထွက်လာတော့ လေးခုနဲ့ Top Ten (တစ်နိုင်ငံလုံး အမှတ်အများဆုံး စာရင်းဝင်) ဝင်တယ်ဆိုတော့ ဂုဏ်ထူးကတော့ မှန်းထားသလောက် မရဘူးဆိုပေမဲ့ Top Ten မှာလည်းဝင်တယ်ဆိုတော့ ကိုယ်မှန်းထားတာထက် အောင်မြင်တယ်ပေါ့နော်။ မှန်းထားထက်ကို ပိုနေတယ်။ စိတ်ထဲမှာတော့ တအားပျော်နေတာပေါ့။ ပြောမတတ်အောင်ကို။

ဒီလိုအောင်ရတာကလည်း ကန်စွန်းအင်းကျောင်းရဲ့ ကျေးဇူးကြောင့်လည်း ပါတာပေါ့နော်။ ပြီးတော့ မိဘတွေရဲ့ ထောက်ပံ့မှုတွေလည်း ပါတယ်။ ကိုယ်ကိုယ်တိုင်ကတော့ အချိန်အားလပ်မှုမရှိအောင် တောက်လျှောက်အာရုံစူးစိုက်ပြီး ကြိုးစားခဲ့ရတာပေါ့နော်။

ပညာရေးတက္ကသိုလ်တက်မယ်။ ကျောင်းဆရာမပဲ ဝါသနာပါလို့လေ။ အဖေ၊ အမေကလည်းသဘောတူပါတယ်။ အမေကလည်း ကျောင်းဆရာမပဲလေ။ မူလတန်းကျောင်းဆရာမ”

မခိုင်ဝတ်ရည်ထွန်း

“သူဝါသနာပါတာကိုပဲ လုပ်ခိုင်းရမှာပေါ့။ အခြေအနေကတော့ ဂုဏ်ထူးငါးဘာသာမှန်းထားတဲ့နေရာမှာ လေးခုပဲထွက်တာဆိုတော့ ဒါပေမဲ့ မြန်မာတစ်နိုင်ငံလုံးမှာ Top Ten ဝင်တယ်ဆိုတော့ မှန်းထားတာထက် ပိုနေတယ်ပေါ့။

ညဦးကတည်းက အခုထိတောင် မအိပ်သေးဘူး။ (ဆက်သွယ်မေးမြန်းချိန်တွင် နံနက် ၂ နာရီကျော်နေပြီဖြစ်သည်) စောင့်နေကြတာ ပင်ပန်းခံရကျိုးနပ်တာပေါ့နော်။ ရွှေဒူးကနေ ကန်စွန်းအင်းကမြို့ထဲဆိုတော့ အဝေးကြီးပဲလေ။ သူကတော့ အဲဒီမှာ ကျောင်းအိပ်ကျောင်းစားနေတာပေါ့။ စာမေးပွဲဖြေခါနီးကျတော့ ကျောင်းမှာမထားတော့ဘူး။ အိမ်ကနေပဲ ကြိုပို့လုပ်တော့တယ်။ ကျွန်မက နေ့ဘက်ကျောင်းသွားပို့ပြီးဆို သူ့အဖေက ညဘက်ဆို သွားကြို၊ ပင်ပန်းရကျိုးနပ်သွားတာပေါ့”

ဒေါ်နုနုထွေး
(မခိုင်ဝတ်ရည်ထွန်း မိခင်)