ထားဝယ်မြစ်ဝက စန္ဒား

262
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ညနေလေးနာရီခန့်တွင် ထားဝယ်မြစ်အတွင်း ရေတဖြည်းဖြည်းကျစပြုလာပြီ။ သောင်တွေကို မြင်လာရသည်။

ဦးဖေအေးက ပိုက်သိမ်းဆင်းရန်အတွက် မနက်ကဝတ်ခဲ့သည့် အဝတ်အစားများကို ပြန်ဝတ်ကာ မြစ်ထဲသို့ ဆင်းရန်ပြင်သည်။ လှေကို လမ်းတစ်ဝက်လောက်အထိ တွန်းသွားပြီး စန္ဒားဆီရောက်လုနီးမှ လှော်သည်။ ဦးဖေအေးသည် လောင်းလုံးမြို့နယ်၊ သပြေရှောင်ကျေးရွာသားဖြစ်ပြီး အသက် ၆၅ နှစ်အရွယ် ဖြစ်သည်။

ကွမ်းသမားနှင့် ကိုဗစ်

ရေလုပ်ငန်းဟုပြောလျှင် ပင်လယ်အတွင်း လှေပေါ်တွင်လုပ်ကိုင်နေကြသော ရေလုပ်သားများကိုသာ အချို့က ပြေးမြင်ကောင်း မြင်နိုင်သည်။ ဒေသခံ အချို့သည်ပင် ပင်လယ်တွင်မဟုတ်သော ငါးဖမ်းနည်းကို သိသူနည်းပါးသည်။ ယင်းမှာ စန္ဒားစင်ဖြင့် ငါးဖမ်းနည်းဖြစ်သည်။

လှေအမျိုးမျိုးဖြင့် ငါးဖမ်းပါက ပင်လယ်အတွင်း နေရာစုံကိုသွားရောက် ဖမ်းဆီးနိုင်သော်လည်း စန္ဒားဖြင့်ငါးဖမ်းနည်းမှာ ရွေ့လျားဖမ်းဆီးခြင်းမျိုးမဟုတ်။ ဒီရေအတက်အကျရှိသော မြစ်၊ ချောင်းတို့တွင် နေရာတစ်ခုသတ်မှတ်ကာ သစ်တိုင်၊ ဝါးလုံးတို့ဖြင့် အခိုင်အမာဆောက်ပြီး ရေအောက်ပိုက်ချသည့် ဖမ်းဆီးနည်းဖြစ်သည်။

သပြေရှောင်ဈေးအနီးမှ အရှေ့ဘက်သို့ လမ်းခွဲဝင်ပြီး လယ်ကွက်များ နံဘေးက ကုန်ထုတ်လမ်းအတိုင်း ဆက်သွားလျှင် ဦးဖေအေး၏ တဲသို့ရောက်မည် ဖြစ်သည်။ ဤနေရာအား ထားဝယ်မြစ်ဘေးက ဆိပ်ကမ်းသာဟု အမည်ပေးထားကြသည်။ ယခုဆိုလျှင် ဆိပ်ကမ်းသာတွင် စန္ဒားခံသမား ၃၀ ကျော်တို့၏ တဲတို့ကိုလည်း တွေ့ရမည်။ ဆိပ်ကမ်းသာရှိ တဲအားလုံးမှာ ဦးဖေအေး၏တဲနှင့် ဆင်တူကြသည်။ တဲအားလုံးသည် ထားဝယ်မြစ်အတွင်း တစ်ဝက်၊ ကုန်းပေါ်တွင်တစ်ဝက် ဖြစ်သည်။ ထိုနေရာတွင် ဆောက်ထားသည့်တဲများက ဦးဖေအေးတို့လို စန္ဒားခံသမားတို့၏ ဒုတိယအိမ်ဖြစ်သည်။

“အစတုန်းကဆိုရင် ဒီနေရာမှာ ဘာမှမရှိဘူး။ ချောင်းဟိုဘက်ကမ်းမှာပဲ ရှိကြတာ။ အခုနောက်ပိုင်းမှ ဒီနေရာ မှာစည်လာတာ” ဟု သူက ဆိုသည်။

စန္ဒားဖြင့် ငါးဖမ်းခြင်းမှာ ကျားပါးစပ်ဖမ်းနည်းနှင့် ဆင်တူသော်လည်း စန္ဒားက ရေကြမ်းသည့်နေရာတွင် အဆင်မပြေပေ။ ကျားပါးစပ်က တိုင်နှစ်လုံးနှင့် ပိုက်သာလျှင် အဓိက လိုအပ်သဖြင့် အကုန်အကျနည်းသည်။ တစ်နေရာမှ တစ်နေရာသို့လည်း ရွှေပြောင်းဖမ်းဆီးနိုင်သည်။ ကျားပါးစပ်တွင်သုံးသည့် ငါးဖမ်းပိုက်က ပိုက်ကွက်ကျဲပြီး စန္ဒားပိုက်ကွက်က စိပ်သည်။

စန္ဒားစင်အမြင့်မှာ ခန့်မှန်းအနည်းဆုံး ပေကိုးဆယ်(အတောင်‌ခြောက်ဆယ်ခန့်) ရှိပြီး တစ်ဝက်ကျော်ကျော်မှာ ရေပေါ် တွင်ဖြစ်သည်။ စန္ဒားဆောက်နည်းမှာ တစ်နေရာနှင့် တစ်နေရာ မတူနိုင်သော်လည်း ထားဝယ်မြစ်ဝအနီးရှိ စန္ဒားများကို အထက်ပါပုံစံအတိုင်း ဆောက်လုပ်ထားကြသည်။

လောင်းလုံးမြို့နယ်၊ သပြေရှောင်ကျေးရွာသား ဦးဖေအေးမှာ ထားဝယ်မြစ်ဝတွင် စန္ဒားခြောက်ခု ပိုင်ဆိုင်သူ ဖြစ်သည်။ အခြားသူများလည်း အနည်းဆုံး စန္ဒားနှစ်ခုစီလောက်တော့ ပိုင်ကြသည်။

ဦးဖေအေး၏ တဲတွင်းသို့ စဝင်ဝင်ချင်း တဲရှေ့ဝရန်တာတွင် ကွမ်းအစ်တစ်လုံး၊ ဓာတ်ဘူးတစ်ခု၊ ရေဒီယိုတစ်လုံးကို တွေ့ရသည်။ တဲလှေခါးမှာ သုံးဆင့်ဖြစ်သော်လည်း လေ၊ မိုး မပက်စေရန် ခေါင်းမိုးကို ခပ်နိမ့်နိမ့်ဆောက်ထားသဖြင့် ခေါင်းငုံ့ပြီးမှ တဲအတွင်းသို့ ဝင်ရသည်။

အတွင်းပိုင်းတွင် ဆားနှင့် ထင်းတို့ကို သိုလှောင်ထားသည့်နေရာ၊ လူလေး ငါးဦး အိပ်နိုင်သည့်နေရာ၊ မီးဖို စသည်ဖြင့် သူ့နေရာနှင့်သူ ပြင်ဆင်ထားသည်။ ထိုနေရာကိုကျော်ပြီးသွားလျှင် ပုစွန်ခြောက်လှန်းသည့် ကြပ်စင်တစ်ခုနှင့် အိမ်သာတစ်ခုရှိသည်။ တဲအမိုးနှင့် အကာအတွက် ဓနိကိုအသုံးပြုပြီး အခင်းမှာ ဝါခြမ်းကို အသုံးပြုထားကြသည်။

တဲခေါင်မိုးထက်တွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတစ်ခု တပ်ထားသည်။ သူတို့အလုပ်က နေ့၊ ည ဟူ၍ မခွဲထား။ ရေတက်၊ ရေကျနှင့်သာ ဆိုင်သည်။

ဦးဖေအေး သည်နေရာမှာ စန္ဒားခံ လာခဲ့သည်မှာ ၁၅ ဝန်းကျင် ရှိသွားပြီ။
“အစတုန်းကဆိုရင်တော့ မီးပုံးလေးတွေနဲ့၊ မီးအိမ်လေးတွေနဲ့လုပ်ကြ တာပေါ့။ ခေါင်းစွပ်ဓာတ်မီးဆိုတာလည်း မရှိဘူးလေ။ အခုကတော့ လူတိုင်း ခေါင်းစွပ်ဓာတ်မီးနဲ့ ဖြစ်သွားပြီ” ဟု ဦးဖေအေးက ပြောသည်။

ကမ်းမှကြည့်လိုက်လျှင် ထားဝယ်မြစ်ထဲတွင် ဝါလုံးများ ထိုးထိုးထောင် ထောင်ဖြင့် ဆောက်လုပ်ထားသော စန္ဒားများကို လှမ်းမြင်ရသည်။ ကမ်းနှင့် နီးသည့် စန္ဒားများကို ထင်ထင်ရှားရှား မြင်ရသော်လည်း ခပ်လှမ်းလှမ်းမှ စန္ဒားများကိုမူ ရေးရေးမျှသာမြင်ရသည်။ ရုတ်တရက်ဆိုလျှင် မြစ်ကို ခြံစည်းရိုးကာထားသည်နှင့် ဆင်တူသည်။

ဇူလိုင်လ ဒုတိယအပတ်သည် စန္ဒားခံချိန်ဖြစ်သော်လည်း ဒီရေအတက်အကျက ကြမ်းနေရာ ဆိပ်ကမ်းသာကမ်းတွင် လူသိပ်မရှိ။ ရှိသည့် သူအချို့ကလည်း နားနေကြသည်။ ဦးဖေအေးအပါအဝင် သုံး၊ လေးဦးခန့်သာ မြစ်ထဲဆင်း စန္ဒားခံရန်ပြင်ဆင်နေ ကြသည်။

ဒီရေ အတက်၊ အကျကြမ်းချိန်နှင့် ကြုံလျှင် ရေအရှိန်ကြောင့် ပိုက်ပေါက်ထွက်ခြင်း၊ တိုင်ကျိုးခြင်းမျိုး ဖြစ်တတ်သည်။ ထိုကြောင့် ကမ်းနှင့် နီးသူတို့ကသာ ဒီရေကြမ်းချိန်တွင် စန္ဒားခံရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ကမ်းဝေးသူတို့ကမူ တဲတွင် နားနားနေနေ နေကြသည်။

ရေကြောင်းဖြောင့်တန်းစွာစီးပြီး သောင်မထွန်းသည့်နေရာကိုရွေးကာ စန္ဒားများကို တစ်ခွင်လျှင် ၂၂ ပေခွဲ (၁၅ တောင်) စီခွဲပြီး တစ်ဆက်တည်း ဆောက်လုပ်ထားကြသည်။ စန္ဒားတစ်ခွင်လျှင် သစ်သားတိုင်နှစ်လုံးကို အဓိကအားပြုဆောက်ထားပြီး ဖောင်ဝါးလုံးများကို ဘေးတစ်ဖက်စီတွင် ငြမ်းဆင်သည့်ပုံစံအတိုင်း ဆောက်လုပ်ထားကြသည်။

ဆိပ်ကမ်းသာကမ်းအနီးရှိ စန္ဒားများဆီ လက်ခတ်လှေကို လှော်ပြီးသွားလျှင် ငါးမိနစ်ခန့်သာ ကြာသည်။ ရေကျချိန်ဆိုလျှင် ကမ်းရှိတဲနှင့် စန္ဒားမှာ အော်ပြောလျှင်ပင် ကြားရသည်။ စန္ဒားတစ်ခုနှင့် တစ်ခုကို တွဲဆက်ထားပြီးအပေါ်တွင် လျှောက်လမ်းအဖြစ် အသုံးပြုသည့် ဝါးပိုးဝါးနှစ်လုံးကို ကန့်လန့် ဖြတ်ခင်းထားကြသည်။

“နောက်တစ်‌ယောက် လာတွဲပြီး ဆောက်တာလေ။ အကုန်အကျ သက်သာအောင်ပေါ့။ ဥပမာ (စန္ဒား) တစ်ခြမ်း (တစ်ခွင်) ကို တိုင်နှစ်လုံး လိုတယ်ဆိုရင် အခုလိုမျိုး သူများစန္ဒားနဲ့ တွဲဆောက်လိုက်တော့ တိုင်တစ်လုံး ပဲလိုတော့တယ်လေ။ ဝါးလည်း အကုန်သက်သာသွားတယ်” ဟု စန္ဒားခံသမား တစ်ဦးဖြစ်သူ ဦးစုကမ်းက ပြောပြသည်။

ပိုက်ချချိန်ရောက်သည်နှင့် စန္ဒားများပေါ် ဟိုပြေး၊ သည်လွှားနှင့် စန္ဒားခံသမားများ အလုပ်ရှုပ်တော့သည်။

ပိုက်ဆွဲတင်၊ ဆွဲချပြုလုပ်ရန်အတွက် ဒလက်ပုံစံ ပြုလုပ်ထားသော ဝါးပိုးဝါးတွင် ရစ်ပတ်နေသော ကြိုးကို ဖြေလိုက်၊ ရေပေါ် သို့ပြန်ပေါ်မလာစေရန် ပိုက်အောက်နှုတ်ခမ်းကို ဝါးလုံးဖြင့် ထိုးချလိုက်ဖြင့် မိနစ်သုံးဆယ်ခန့် အလုပ်ရှုပ်သွားပြီးမှ ပိုက်ချခြင်းလုပ်ငန်း ပြီးသည်။

“တို့လုပ်ငန်းတွေက လူသက်သာတာကို မြင်ကြတယ်။ ဒါပေမယ့် အိပ်ရေး ပျက်တာခံရတယ်။ ညဆိုလည်း အချိန်နဲ့အခါနဲ့ အိပ်ရတယ်ဆိုတာမရှိဘူး။ ရေချိန်နဲ့ အိပ်ရတယ်။ မိုးဘယ်လိုကြီးကြီး၊ လှိုင်းဘယ်လိုကြီးကြီး သူ့အချိန်ကျရင် လုပ်နေရတာပဲ” ဟု ဦးစုကမ်းက ဆိုသည်။

စန္ဒားခံသည့်အလုပ်က မိသားစု အလိုက်လုပ်ရသည့်အလုပ်။ ဆိပ်ကမ်း သာကမ်းတွင်ရှိသည့် စန္ဒားသမားတွေ အားလုံးမှာ မိသားစုအလိုက်ပြောင်းလာပြီး နေထိုင်လုပ်ကိုင်ကြသည်။ ထို့ကြောင့် အိုးခွက်၊ ပန်းကန်များကို အိမ်ထောင်နှစ်စုစာ ဝယ်ထားရသလို ရိက္ခာကိုလည်း အိမ်ထောင်နှစ်စုစာ ဝယ်ထားကြသည်ဟု ဆိုသည်။

အမျိုးသားဖြစ်သူက စန္ဒားခံရလာသည့် ငါး၊ ပုစွန်များကို ဇနီးသည်က ရောင်းတန်ရောင်း၊ ပုစွန်ချဉ်၊ ပုစွန်ခြောက် လုပ်တန်လုပ်၊ ငါးပိထောင်းတန်ထောင်း စသည်ဖြင့် ကုန်ချောထုတ်ပြီး ငွေအဖြစ် ဖန်တီးကြသည်။ ပုစွန်ချဉ် လုပ်ရသည်မှာ လက်ဝင်သလို ငါးပိထောင်း ရသည်မှာလည်း ချွေးတလုံးလုံးဖြင့် မသက်သာလှပါ။

“တွက်ပုံရှိတဲ့ယောကျာ်းဆိုလည်း နင်တို့ကိုငါလုပ်လာပေးပြီးပြီးလေ။ ရော့ဆိုပြီး ပစ်တင်ပေးပြီးနေလိုက်တဲ့သူလည်းရှိတယ်။ တွက်ပုံမရှိတဲ့ယောကျာ်း ဆိုရင်တော့ ဝိုင်းလုပ်၊ ဝိုင်းစားပေါ့။ အချို့တွေကလည်း မိန်းမက အလုပ်လုပ်နေရင် ကလေးကြည့်ပေးနေတာ လည်းရှိတယ်” ဟု ဆိပ်ကမ်းသာကမ်းက အိမ်ရှင်မတစ်ဦးဖြစ်သည့် ဒေါ်ခင်ယုက ပြောသည်။

ယခုကဲ့သို့ မိုးရာသီဆိုလျှင် ပုစွန်ခြောက်ကို မီးအပူပေးပြီး ဖန်တီးရသဖြင့် အရောင်အဆင်းမကောင်း၊ ဈေးကောင်းလည်းမရပေ။ ယင်းအတွက်ကြောင့် ပုစွန်ချဉ်လုပ်သည်ကများသည်။ ပုစွန်ချဉ်ကို ထားဝယ်မြစ်ကြောင်းတစ်လျှောက် လှေဖြင့်သွားပြီး ထားဝယ်မြို့ ကမ်းနားဈေးတွင် ရောင်းချရသည်။

အချို့ငါးများကိုမူ တဲတွင် ဖောက်သည် လာယူကြသည်။
စန္ဒားလုပ်ငန်းက လူပင်ပန်းသလို ဝင်ငွေကလည်းကောင်းသည်ဟုဆိုရမည်။ တစ်လလျှင် သိန်းဆယ်ဂဏန်း ရလေ့ရှိကြောင်း ဆိပ်ကမ်းသာရှိ ရေလုပ်သားအချို့က ပြောသည်။ သို့သော် စန္ဒားတစ်ခုလုံး၏ တန်ဖိုးကလည်း ကျပ်သိန်းငါးဆယ်ဝန်းကျင်။ မလိုလားအပ်သည့် ဆုံးရှုံးမှုများလည်း ရှိသေးသည်။

ဇန်နဝါရီလမှ ဧပြီအထိ ရေခူပေါ် ချိန်ဆိုလျှင် ပိုက်အတွင်း ရေခူဝင်ပြီး ပိုက်ပေါက်ထွက်နိုင်သလို ထားဝယ်မြစ်အတွင်း သွားလာနေသည့် စက်တပ်လှေများကြောင့် ပိုက်ပျက်စီးခြင်းမျိုးလည်း ကြုံရလေ့ရှိသည်ဟုဆိုကြသည်။

“ရေခူဝင်ပြီဆိုရင် ပိုက်ကွဲရင်ကွဲ၊ တိုင်ကျိုးရင်ကျိုးပဲ။ ပန်ကာခုတ်ဖြတ် သွားတယ်ဆိုရင်လည်း ကိုယ်ဖြစ်ကိုယ် ခံပဲ” ဟု ဦးစုကမ်းက ဆိုသည်။

ယင်းသို့ဖြင့် တစ်လလျှင် ၁၅ ရက် အလုပ်လုပ် ၁၅ ရက်နားရင်း တစ်နှစ်ကုန် လျှင် နောက်တစ်နှစ်အတွက် ငါးလုပ်ငန်း ဦးစီးဌာနတွင် လိုင်စင်ပြန်လျှောက်ဖြင့် လုပ်ကိုင်လာသည်မှာ စန္ဒားလုပ်ငန်းသည် သူတို့၏ မိရိုးဖလာ အသက်မွေးလုပ်ငန်းဖြစ်နေတော့သည်။

ဒေသခံများက စန္ဒားဟုခေါ်သော်လည်း ငါးလုပ်ငန်းဦးစီးဌာနတွင် လိုင်စင် လျှောက်သောအခါ ဟေလုံရေလုပ်ငန်း အမည်ဖြင့် လျှောက်ထားရသည်။ တစ်နှစ်လျှင် လုပ်ငန်းရှင်တစ်ဦးက လိုင်စင်ကြေးအဖြင့် တစ်သောင်းကျပ်ဝန်းကျင်ဆောင်ရသည်။ ယင်းအပြင် လှေဂရန်၊ စက်ဂရန်လည်း လုပ်ကြရသေးကြောင်း သပြေရှောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောသည်။

ရေကြောင်းသွားလာရေးအတွက် အခက်အခဲဖြစ်လာနိုင်သဖြင့် စန္ဒား (ခေါ်) ဟေလုံရေလုပ်ငန်းအတွက် ငါးလုပ်ငန်းဦးစီးဌာနက လုပ်ကွက်အသစ် ချထားပေးခြင်း မရှိတော့ကြောင်း ဆိပ်ကမ်းသာရှိ ရေလုပ်သားအချို့က ပြောသည်။

လက်ရှိလုပ်ကိုင်နေသည့် စန္ဒားများကိုမူ တစ်ဦးနှင့်တစ်ဦး ရောင်းချနိုင်သလို အမွေအဖြစ်လည်း ပေးနိုင်ကြောင်း ၎င်းတို့က ပြောသည်။

“ဝယ်မယ်ဆိုရင်တော့ ယောက်မကျည်တောက်စွပ် (စန္ဒားအပါအဝင် လှေ၊ တဲ၊ အားလုံးပြီး) ပဲ ဝယ်လို့ရမယ်။ စန္ဒားအသစ်ကတော့ ထပ်ထိုးလို့မရ တော့ဘူး” ဟု ဦးစုကမ်းက ပြောသည်။

ညနေ ရေကျလာချိန်၊ ထားဝယ်မြစ်အတွင်း သောင်တို့ကို မြင်ရလာပြီဆိုလျှင် ဦးဖေအေးမှာ စန္ဒားဆီသို့သွားကာ ပိုက်တို့ကို ပြန်သိမ်းသည်။ တစ်နာရီခန့် ပိုက်သိမ်းပြီးသည့်အခါ ဖမ်းမိထားသော ငါး၊ ပုစွန်များကို ခြင်းထဲထည့်၊ ရေဆေးပြီး ကုန်းပေါ်ပြန် တက်သည်။

ရေကျသွားပြီဖြစ်သဖြင့် လှေကို ကမ်းပေါ်အထိ ပြန်မယူနိုင်တော့။ ဖမ်းမိခဲ့သော ငါး၊ ပုစွန်တို့ကို ခြင်းများ၊ ပုံးများတွင်ထည့်ကာ ၎င်းတို့ကို ကမ်းစပ်ရောက်သည်အထိ ကုန်းကုန်းကွကွဖြင့် တွန်းတက်ခဲ့ရသည်။ ကမ်းခြေက ရွှံ့မြေဖြစ်သောကြောင့် ထိုသို့တွန်းနိုင်သော်လည်း ကမ်းစပ်ရောက်လာသောအခါ ၆၅ နှစ်အရွယ် ဦးဖေအေး၏ အသက်ရှုအသံမှာ တဟောဟောတဟဲဟဲ။ ရွှံ့မြေသားက ပေါင်အလယ်နားအထိ နစ်သည်ကိုး။

ကမ်းရောက်သည်နှင့် ရေမိုးချိုး၊ အဝတ်အစားလဲပြီး ရေဒီယိုလေးဖွင့်၊ ရေနွေးကြမ်းတစ်ခွက်ငှဲ့ပြီး အနားယူရင်း နောက်တစ်ကြိမ် စန္ဒားခံချိန်ကို သူစောင့်နေတော့သည်။

“ရေတက်၊ ရေချ နှစ်ကြိမ်စလုံးခံမယ်ဆိုရင် နားချိန်တောင် သိပ်မရှိဘူး” ဟု ဦးဖေအေးက ပြောသည်။

ကျော်သူစိုး