ရုံးရောက် ဂတ်ရောက်နေ့ရက်များ

0
663

နယူးဇီလန်ရဲ့ဆောင်းနဲ့ အသားကျလာတာနဲ့အမျှ အိမ်ပြန်ရမယ့် အချိန်တွေလည်း နီးကပ်လို့လာတယ်။ မြန်မာပြည်မှာတော့ ပြည်ပလေကြောင်းလိုင်းတွေကို ခွင့်မပြုသေးဘဲ လေဆိပ်ပိတ်ထားဆဲ။ ကျွန်တော်တို့ ဝယ်လင်တန် ဝိတိုရိယ တက္ကသိုလ်က မဟာတန်းပြီးလို့ အိမ်ပြန် ရမယ့် မြန်မာကျောင်းသူ ကျောင်းသား အချို့ လေယာဉ်မရှိလို့ နယူးဇီလန်မှာ စောင့်နေရဆဲ။

မြန်မာအစိုးရက သြစတေးလျ ဆစ်ဒနီမြို့ကို ရန်ကုန်ကနေ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) စီစဉ်ပေးပါတယ်။ နယူးဇီလန်မှာ မြန်မာသံရုံးရယ်လို့ သီးခြားမရှိတာမို့ သြဇီ ကမ်ဘာရာမြို့က မြန်မာသံရုံးကပဲ နယူးဇီလန်ရောက် မြန်မာတွေအတွက် တာဝန်ယူပါတယ်။ လေယာဉ်ခရီးစဉ်ကိစ္စတွေအတွက် သံရုံးကပဲ တာဝန်ယူညှိနှိုင်းဆောင်ရွက် ပေးပါတယ်။ ပြန်မယ့်သူကများလေတော့ လူတိုင်းကို လေယာဉ်နဲ့ ခေါ်မသွားနိုင်တာမို့ တချို့ကျန်ခဲ့လေရဲ့။

နောက်တစ်စီး ထပ်စောင့်ပေါ့လေ။ ပြီးတော့ လေယာဉ်စီးဖို့အတွက် နယူးဇီလန်ကနေ သြဇီကို သွားဖို့က ဗီဇာလျှောက်ရသေးတယ်။ ကိုဗစ်အခြေအနေဆိုးလာနေတဲ့ သြဇီမှာ စည်းကမ်းဥပဒေတွေ တင်းကျပ်ထားတာမို့ အခုလိုအချိန် ခရီးသွားရတာ မလွယ်ရေးချ မလွယ်။

သည်လိုခေတ်ကျပ်ကြီးထဲ မြန်မာပြည်ပြန်လို့ရအောင် လေယာဉ်စီစဉ်ပေးတဲ့ အစိုးရကို ကျေးဇူးတင်ရတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းလောက်က ကျွန်တော်တို့ တက္ကသိုလ်ကနေ သင်တန်းတွေပြီးလို့ မြန်မာပြည်က ကျောင်းသူကျောင်းသားတွေ အစိုးရရဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာပြည်ပြန်ခွင့်ရကြတယ်။ သူတို့တွေဟာ နယူးဇီလန်မှာ သင်တန်းလာတက်ခွင့်ရတဲ့ မြန်မာအစိုးရဌာန အသီးသီးတွေက အရာရှိဝန်ထမ်းတွေပါ။

သူတို့ထဲက အချို့ကတော့ သြဇီ ဆစ်ဒနီကနေ ရန်ကုန်ပြန်တယ်။ တချို့ကတော့ နယူးဇီလန်ကနေ စင်္ကာပူအထိ လေယာဉ်စီးပြီး စင်ကာပူမှာ လာကြိုတဲ့ မြန်မာကယ် ဆယ်ရေးလေယာဉ်နဲ့ ရန်ကုန်ပြန်ခွင့်ရခဲ့တယ်။ ကျွန်တော့်မှာ အဲဒါကို ကြည့်ပြီး တို့မြန်မာအစိုးရက သူ့ပြည်သူတွေ ဝန်ထမ်းတွေကိုတော့ ကြည့်သားပဲလို့ တွေးရင်း ပီတိဖြစ်ရပါရဲ့။

ဒါပေမဲ့လည်း လေယာဉ်မရှိလို့ မပြန်နိုင်သေးတဲ့ အခြားနိုင်ငံက အစိုးရဝန်ထမ်းတွေကို တွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။ သူတို့တွေဟာ ပြန်သွားတဲ့ မြန်မာပြည်က ဝန်ထမ်းတွေနဲ့အတူ သင်တန်းတက်ခဲ့ ကြတဲ့ အာဆီယံနိုင်ငံတွေက သူတွေပါပဲ။ သူတို့အစိုးရတွေက လေယာဉ်မစီစဉ် ပေးနိုင်လေတော့ သူတို့ခမျာ အိမ်မပြန် ကြရရှာပါဘူး။

ကျွန်တော်တို့လို သင်တန်းမပြီးသေးတဲ့ သူတွေအတွက်ကတော့ အိမ်ပြန်ရမယ့်ရက်ကို တွေးလို့ မသေချာ မရေရာမှုတွေထဲ စိတ်ကူးယဉ်ကြည့်နေရတာ အမောပေါ့။ အိမ်ပြန်ချင်တယ်လေ။ အိမ်ကို လွမ်းတာပ။ ကျွန်တော်တို့လည်း မကြာခင် သင်တန်းပြီးတော့မယ်။ ပြန်ရမယ့်ရက်ကိုလည်း အတိအကျသိတယ်။ လေယာဉ် လက်မှတ်တွေလည်း မှာထားပြီးသား။ ဒါပေသိ ကိုဗစ်ရောဂန္တရကပ်ထဲမယ် ဘာမဆို ချက်ချင်း ပြောင်းလဲသွားနိုင်တယ်လေ။ သည်ကီဝီတောမှာပဲ ဆက်သောင် တင်နေမလား။ အိမ်ပြန်ရမလား။ ဘယ်သူ သိနိုင်မတုန်းလေ။ ကဲ.. ရုံးရောက် ဂတ်ရောက်အကြောင်း ဆက်ကြဦးစို့ ရယ်။

ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ

ဘဝမှာ နှာခေါင်းနဲ့ လူတွေကို နှုတ်ဆက်ရမယ်ရယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူးရယ်။ လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်တာ၊ လက်အုပ်ချီတာမျိုးတော့ လုပ်ခဲ့ဖူးရဲ့။ သည်နယူးဇီလန်ဌာနေ တိုင်းရင်းသား မွာရီတွေဟာ တစ်ယောက်နဲ့တစ်ယောက် နှာခေါင်းချင်းထိလို့ နှုတ်ဆက်ကြတဲ့ ရိုးရာကလေး ရှိတယ်။ သူတို့ အခေါ်တော့ (Hongi) တဲ့လေ။ ကျွန်တော်တို့ မြန်မာကျောင်းသားအုပ်စု နယူးဇီလန်ရဲ့လူ့အခွင့်အရေးကော်မရှင်ကို လေ့လာရေးသွားရတော့ လူမျိုးစုရေးရာ ကော်မရှင်နာမင်းကြီးနဲ့ တာဝန်ရှိသူတွေက မွာဝီရိုးရာအရ ကျွန်တော်တို့ကို ကြိုဆိုနှုတ်ဆက်ပွဲလေးနဲ့ ကြိုတယ်။

အဲသည်မှာ အချင်းချင်း နှာခေါင်းချင်းထိ နှုတ်ဆက်ရတာကလား။ ပြီးတော့ ကျွန်တော်တို့ကလည်း မွာရီဘာသာ စကားနဲ့ ကျွန်တော်တို့ နာမည် နေရပ် နိုင်ငံ အကြောင်းတွေကို မိတ်ဆက်ပြော ပြရတယ်။ အသံထွက်တွေ မေ့မှာစိုးလို့ ကြိုလေ့ကျင့်ထားရတာရယ်။ နယူးဇီလန်ဟာ လူ့အခွင့်အရေးကို လေးစားတာနဲ့ အညီ နယူးဇီလန် လူ့အခွင့်အရေးကော်မရှင်ဟာလည်း အလုပ်တွေအများကြီး လုပ်ပါတယ်။ ပြဿနာတွေအများကြီး ရှင်းပေးပါတယ်။ နယူးဇီလန်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရှင်သန်ကျန်းမာနေဖို့အတွက် သည်ကော်မရှင်က အသက်ဆက် ပေးတဲ့အထဲ ပါပါတယ်။

စာရွက်တွေ အပေါ် စကားလုံးခန့်ခန့်ထည်ထည်တွေနဲ့ ရေးထားတဲ့ လူ့အခွင့်အရေးတွေ လူတွေကြားမှာ အသက်ဝင်လာဖို့က လက်တွေ့ ကျင့်သုံးမှရတယ်လို့ ဆိုပါ တယ်။ ကော်မရှင်ရဲ့ ဥက္ကဋ္ဌကြီးကတော့ သည်လူအခွင့်အရေးတွေကို လေးစား လိုက်နာဖို့၊ အကာအကွယ်ပေးဖို့က အာဏာရှိသူအပေါ်မူတည် (အစိုးရ) နေတယ်လို့ ဆိုလေရဲ့။ ကော်မရှင်က လူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့ တိုင်လာတဲ့ ကိစ္စအားလုံးကို ဒိုင်ခံဖြေရှင်းတယ်။

လူတိုင်းတိုင်နိုင်အောင် ဖုန်း၊ လျှပ်ချောစာစနစ်၊ စာပို့စနစ် စသဖြင့် အမျိုးမျိုး ပြင်ဆင်ပေးထားတယ်။ ပြဿနာဖြစ်လို့လာတိုင်ရင် တိုင်ကြားမှုတွေကို စစ်ပေးတာ၊ ပြဿနာ ပါဝင်တဲ့သူတွေကို ခေါ်ညှိပေးတာ၊ ကျေအေးစေတာ၊ အမှုတွဲတည်ဆောက်ပေးပြီး တရားရုံးကို ဦးတိုက်လျှောက်ထားပေးတာ၊ လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်နေတဲ့ ဥပဒေတွေကို ဆန်းစစ်ပြီး အစိုးရကိုပြင်ဖို့ အကြံပြုတာ၊ အစိုးရဌာနတွေ အတိုင်ခံရရင် ခေါ်ရှင်းပေးတာ၊ မသန်စွမ်းသူတွေနဲ့ ဆက်နွှယ်တဲ့ အခွင့်အရေးကိစ္စ၊ လုပ်ခလစာ တန်းတူညီမျှရေး၊ ကလေးသူငယ်အခွင့်အရေး ကာကွယ်ရေး၊ သုတေသနစတဲ့ အလုပ်တွေ အများကြီးလုပ်ပါတယ်။

ကော်မရှင်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေ အရာရှိတွေကလည်း လူမျိုး ဘာသာအစုံပါ။ ဒေသခံမွာရီလူမျိုးတွေပါသလို၊ တရုတ်နွယ်ဖွား၊ အရှေ့အလယ်ပိုင်း အာရတ် နွယ်ဖွား နယူးဇီလန်နိုင်ငံသားတွေ၊ ပစိဖိတ်ကျွန်းသားတွေ၊ ပြီးတော့ ဥရောပ သားတွေ အစသဖြင့် လူစုံတက်စုံပါပဲ။ ကော်မရှင်က လတ်တလော ကိုင်တွယ် နေရတဲ့ ကိစ္စတစ်ခုကတော့ လူမျိုးရေးခွဲခြားတဲ့ ပြဿနာပါပဲ။ သည်ကိစ္စက နယူး ဇီလန်လို နိုင်ငံမှာတောင် ကိုင်ရတွယ်ရ ဖြေရရှင်းရခက်တဲ့ ရာဇဝင်ချီ အမြစ်တွယ်နေတဲ့ ပြဿနာတစ်ခု ဖြစ်နေဆဲပါပဲ။

ကျွန်တော်တို့ရောက်ခဲ့ရတဲ့ နောက်ရုံးတစ်ခုကတော့ ကျန်းမာရေးနဲ့ မသန်စွမ်း မှုဆိုင်ရာ ကော်မရှင်နာမင်းကြီးရုံး ဖြစ်ပါတယ်။ ဒီရုံးကတော့ ကျန်းမာရေးနဲ့ မသန်စွမ်းမှုဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ပြဌာန်းထားတဲ့ စည်းမျဉ်းတွေကို ထိန်းကျောင်းတည့်မတ်ပေးတဲ့ ဌာနတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေး၊ မသန်စွမ်းမှု စတာတွေနဲ့ဆိုင်တဲ့ ဝန်ဆောင်မှုတွေကို ရယူကြတဲ့ ပြည်သူတွေအတွက် အခွင့်အရေးတွေကို ရေးသားပြဌာန်းထားပါတယ်။

တကယ်လို့ ဝန်ဆောင်မှုပေးတဲ့ သူက အဲဒီပြဌာန်းထားတဲ့ အခွင့်အရေး တွေထဲက တစ်ခုခုကို ချိုးဖောက်ခဲ့လို့ရှိရင် သည်ကော်မရှင်နာမင်းကြီးရုံးကို တိုင်လို့ရပါတယ်။ ဥပမာ ဆရာဝန်တစ်ယောက် (သို့) သူနာပြုတစ်ယောက်ရဲ့ ကုသမှုမှားယွင်းလို့ လူနာတစ်ခုခု ခံရတဲ့အခါမျိုးမှာ သည်ကော်မရှင်ရုံးကို တိုင်ကြပါတယ်။ ကော်မရှင်က သည်လို ကိစ္စတွေကို စုံစမ်းစစ်ဆေးနိုင်တဲ့ အာဏာ ရှိပါတယ်။ တိုင်ကြားတာတွေကို စစ်ဆေး ပြီးရင် မှားတယ်၊ မှန်တယ်ဆိုတာ ဆုံးဖြတ်ပေးသလို၊ ဘယ်သူကဘယ် အခွင့်အရေး၊ စည်းကမ်းကို ချိုးဖောက်တယ်ဆိုတာကို သတ်မှတ်ပေးပါတယ်။

ဒါပေမဲ့သည် ကော်မရှင်ရဲ့ ရည်ရွယ်ချက်က အကြောင်းအမျိုးမျိုးကြောင့် အမှားအယွင်းလုပ်မိတဲ့ ကျန်းမာရေးလောကသားတွေ ကို အပြစ်ပေးဖို့ မဟုတ်ပါဘူး။ အမှားအယွင်းကြောင့် သူတစ်ပါးနစ်နာသွားမှာကို အလေးဂရုပြုဖို့၊ ကိုယ့်ရဲ့ပညာရပ်ကို တန်ဖိုးထား အသုံးချဖို့၊ အမှားအယွင်းနည်းအောင် ကြိုးစားဖို့နဲ့ ကုသမှုခံယူ သူတွေအတွက် ဥပါဒ်မဖြစ်အောင် ကာကွယ်ပေးလိုတဲ့ရည်ရွယ်ချက်လို့ ဆိုပါတယ်။ ဒါကြောင့် ကော်မရှင်ဟာ တိုင်ကြားမှုတွေကို စုံစမ်းစစ်ဆေးမှုသာလုပ်ပြီး အတိုင် ခံရသူတွေ အမှားလုပ်ခဲ့တာ ရှိမရှိကိုပဲ အဖြေထုတ်ပါတယ်။

လျော်ကြေးပေးစေတာ၊ ကော်မရှင်အနေနဲ့ တရားစွဲတာ၊ ဆေးကုသခွင့်လိုင်စင်ရုပ်သိမ်းစေတာမျိုး မလုပ်ပါဘူး။ အဲသည် လိုလုပ်ပိုင်ခွင့်လည်း ကော်မရှင်မှာ မရှိပါဘူး။ သက်ဆိုင်ရာ ဆေးကောင်စီနဲ့ တရားရုံးလို ဌာနတွေကပဲ ကော်မရှင်ရဲ့ အဖြေအပေါ်မူတည်ပြီး သက်ဆိုင်သူတွေကို အရေးယူဆောင် ရွက်တာမျိုးရှိပါတယ်။

သည်လိုရုံးတွေ မရောက်ခဲ့ခင်က နယူးဇီလန်ရဲ့မြို့တော်ဖြစ်တဲ့ ဝယ်လင်တန်မြို့ရဲ့ ဝယ်လင်တန်မြို့တော်ကောင်စီနဲ့ ဝယ်လင်တန်ဒေသဆိုင်ရာကောင်စီရုံးတွေကို သွားပြီး စပ်စုခွင့်ရခဲ့ပါသေးတယ်။ ကောင်စီတွေဆိုတာ နယူးဇီလန်ရဲ့ ဒေသန္တရ အစိုးရအဖွဲ့တွေပဲဖြစ်ပါတယ်။ မြို့တော်ဝန်ဦးဆောင်ပြီး လိုအပ်တဲ့ မြို့ပြရေးရာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ အခြေခံအဆောက်အဦကိစ္စ၊ အိမ်ရာ၊ ကားပါကင်၊ အမှိုက်၊ ရေ နဲ့ မိလ္လာစနစ် စတာတွေကို စီမံခန့်ခွဲ ပါတယ်။ ဒေသန္တရ ဥပဒေတွေ ထုတ်ပါ တယ်။ မြို့တော်ကောင်စီ ရွေးကောက်ပွဲက သီးခြားရှိပါတယ်။ ကျွန်တော်တို့ မြို့တော်ကောင်စီ ရုံးရောက်တော့ လူထုကြားနာပွဲတစ်ခုကို လေ့လာခွင့်ရကြပါ တယ်။ ကြားနာပွဲဆိုတာက မြို့တော်မှာနေကြတဲ့ ပြည်သူတချို့က သူတို့အနေနဲ့ တင်ပြလိုတဲ့ ကိစ္စတွေကို ကောင်စီဝင်တွေကို လူကိုယ်တိုင် လာရောက်ပြောဆို ဆွေးနွေးတဲ့ အစည်းအဝေးပါ။

ကောင်စီဝင်တွေက အဲသည်ကြားနာပွဲမှာ သူတို့ သိချင်တာတွေကို မေးမြန်းဆွေးနွေးပေး ပါတယ်။ ဝယ်လင်တန် ဒေသဆိုင်ရာ ကောင်စီဆိုလည်း အလားတူပါပဲ။ သူက ဝယ်လင်တန်မြို့တင်မဟုတ်ဘဲ ဝယ်လင်တန်ဒေသလို့ခေါ်တဲ့ နယ်မြေကြီးတစ်ခုလုံးရဲ့ ပို့ဆောင်ဆက်သွယ်ရေး (ဘတ်စ်၊ ရထားစနစ်)၊ သဘာဝပတ်ဝန်းကျင်၊ မြေယာ၊ သစ်တော၊ မြစ်ချောင်းစတဲ့ အရေးကိစ္စတွေကို ကိုင်တွယ်ပါတယ်။ သည်ကောင်စီတွေက လူထုဆီက အခွန်ကောက်ပြီး လူထုအတွက် ဝန်ဆောင်မှု တွေပြန်ပေးတဲ့ ဌာနတွေပါပဲ။

တစ်ခါခါ ကောင်စီက ဘတ်ဂျက်မလောက်တဲ့အခါ ဘဏ်တွေဆီက ငွေချေးရပါသတဲ့။ ဗဟို အစိုးရကလည်း သူတာဝန်ယူရတဲ့ အပိုင်းအလိုက်ပဲ သူ့ဘာသာ ဆောင်ရွက်လေ့ ရှိပါတယ်။ ဒေသကိစ္စတွေကို တော်ရုံ ဝင်မစွက်ပါဘူး။ ဗဟိုအစိုးရနဲ့ ကောင်စီတွေအကြား တစ်ခါခါ အားပြိုင်တာမျိုး၊ ညှိရနှိုင်းရတာမျိုးနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးတွေ ရှိပါတယ်တဲ့။ ကြားရသိရတာများ အတော်စိတ်ဝင်စားဖို့ ကောင်းတာပ။

ရုံးတွေ အတော်များများရောက်ခဲ့ ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ဂတ်ကို ရောက်ပါလေရော။ ရောက်ခဲ့ရတာမှ နယူးဇီလန်ရဲ့ ပုလိပ်ဌာနချုပ်ကြီးကို ဆိုက်ဆိုက်မြိုက်မြိုက်ပါပဲ။ ပုခုံးမှာ ကြယ်သုံးပွင့်တပ်ထားတဲ့ ရဲဝတ်စုံနဲ့ ခန့်ခန့်ထည်ထည်ရှိလှတဲ့ ရဲအရာရှိကြီးတစ်ယောက်က ကျွန်တော်တို့ မြန်မာ ကျောင်းသားအုပ်စုကို လာကြိုလေရဲ့။ ကျွန်တော့်မှာ ရဲမြင်ရင် လန့်တတ်တဲ့ ရောဂါက မြန်မာပြည်မှာကတည်းက စွဲနေတာလေတော့ သူ့ကိုမြင်တော့ နည်းနည်းတော့ ထိတ်သွားမိခဲ့ရဲ့။

ဒါပေသိ သူ့ရဲ့ ဖော်ရွေမှုတွေ၊ ရယ်စရာလေးတွေ ညှပ်ပြီး ရဲလုပ်ငန်းတွေအကြောင်း ရှင်းပြတာတွေကြောင့် ထိတ်နေမိတာလေးတွေ ပျောက်သွားပြီး ရဲတွေကို ယုံကြည်တဲ့ စိတ်လေးစားတဲ့ စိတ်တွေ ဖြစ်လာမိရဲ့။ အဲသည်အရာရှိက တကယ်တော့ မှုခင်းစုံထောက်ဖြစ်ပြီး ရဲလုပ်သက် အတော်ရင့်ပါတယ်။ နယူးဇီလန်ရဲတွေဟာ သာမန်အခြေအနေတွေမှာ လက်နက် မကိုင်ပါဘူး။ သေနတ်မကိုင်ပါဘူး။ အရပ်ထဲ ကင်းလှည့်နေတဲ့ ရဲတွေမှာ သေနတ်ခါးကြားထိုးထားတာမျိုး တွေ့ရသိပ်ခဲမှာပါ။

သေနတ်မရှိတော့ လူဆိုးဖမ်းရာမှာ မခက်ဘူးလို့လားလို့ ဦးရဲကြီးကို ကျောင်းသားတစ်ယောက်ကမေးခွန်းထုတ်တော့ သူက သည်လိုပြန်ဖြေပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကအဆောင်က ကျွန်တော်တို့ရဲ့ နှုတ်ပါပဲ။ စကားပါပဲ။ ပြောဆိုဆက်ဆံမှုပါပဲ။ ကျွန်တော်တို့ဟာ ပြည်သူတွေကို ကာကွယ်ပေးဖို့ ကူညီပေးဖို့ ဆက်သွယ်ပြောဆိုမှုကို သိပ်အလေးဂရုပြုရပါတယ်။ ပြည်သူတွေကို ကျွန်တော်တို့က လက်နက်နဲ့ ခြိမ်းခြောက်ဖိအားပေးတာမျိုး မလုပ်ပါဘူး။

ဒါကြောင့်လည်း ကျွန်တော်တို့ ရဲဌာနကို ရဲဝန်ဆောင်မှုလို့ပဲ ခေါ်ပါတယ်။ Police Force မဟုတ်ပါဘူး။ Police Service ပါ။ ကျွန်တော်ရဲ့ ဆယ်စုနှစ်များစွာ အတွေ့အကြုံအရ လက်နက်မရှိဘဲနဲ့ ပြဿနာများစွာ ဖြေရှင်းလို့ ရခဲ့တာပါပဲ။ အလွန်အကျွံဖြစ်လာမှပဲ လျှပ်စစ်သေနတ်လို ဟာမျိုးနဲ့ ချိန်ပြီး လက်နက်ချခိုင်းရ တာမျိုး ရှိပါတယ်။ သေနတ်မရှိတဲ့ ရဲတစ်ယောက်ကို ပြန်ပြီး ရန်ပြုခဲလှပါတယ်။ တကယ်တော့ ပြစ်မှုကျူးလွန်တဲ့ သူတွေဆိုတာလည်း ဒုက္ခတွေတစ်ပုံကြီးနဲ့ပါ။

သူတို့ခမျာ လူမှုစီးပွားဆိုင်ရာ ပြဿနာတွေ၊ ပညာချို့ငဲ့ခဲ့ရတာတွေ၊ စိတ်ဒဏ်ရာတွေ ရနေသူရယ်ပါပဲ။ ကျွန်တော်တို့က ဒါတွေကို စာနာနားလည်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ပြည်သူတွေပဲလေ။ ကျွန်တော်တို့ရဲတွေအနေနဲ့ ပြည်သူတွေ မကြိုက်တဲ့ဟာကို မလုပ်ပါဘူး။ ဒီမိုကရေစီစနစ်မှာ ကျွန်တော်တို့ ပြည်သူတွေကို အလေးထားရပါတယ်။ ပြည်သူတွေကြုံရတဲ့ နေ့စဉ်ဘဝထဲက ပြဿနာတွေကို အေးအေးချမ်းချမ်းနဲ့ ကူညီဖြေရှင်းရမှာက ကျွန်တော်တို့ရဲ့ ပညာရပ်ပါပဲ။

ကျွန်တော်တို့ဟာ ရဲလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု၊ လေးစားမှု၊ တည်ကြည်မှု၊ ဒေသခံတိုင်းရင်းသားမွာရီတွေနဲ့ ဝိုင်တန်ဂီ စာချုပ်အပေါ် အလေးထား အသိအမှတ်ပြု ဆောင်ရွက်မှု၊ ကိုယ်ချင်းစာနာမှု၊ မတူကွဲပြားတာတွေကို တန်ဖိုးထားမှုစတာတွေကို တန်ဖိုးထားလေးစားပါတယ် ခင်ဗျ။ ရဲအရာရှိ တစ်ယောက်ဆီကသည်လို စကားမျိုးကြားရလေတော့ ကျွန်တော်ဖြင့် အံ့သြမိရဲ့။ ဆွေးနွေးပွဲပြီးလေတော့ ကျွန်တော်တို့ကို ရဲဌာနနေရာအချို့ကို လိုက်ပြပါတယ်။

ရဲဌာနမှာ အလုပ်လုပ်တဲ့ သူတိုင်းက ရဲ မဟုတ်ပါဘူး။ သာမန် အရပ်သားပညာရှင်တွေလည်း အများကြီး။ တစ်နိုင်ငံလုံးကို စောင့်ကြည့်နေတဲ့ ထိန်းချုပ်ရေးစခန်းတွေ၊ အရေးပေါ် အခြေအနေမှာ ဝန်ကြီးချုပ်နဲ့တကွ တာဝန်ရှိသူတွေ တစ်နေရာတည်းထိုင်ပြီး အခြေအနေတစ်ရပ်ရပ်ကို ကိုင်တွယ်တဲ့ အခန်းတွေကို ပြပါတယ်။ ကျနော့်အဖို့ တွေးဆစရာတွေအများကြီး သယ်လာခဲ့ မိရဲ့။

ပုလိပ်ဌာနချုပ်ကြီးကနေ ပြန်ခဲ့ပြီးလို့ မကြာပါဘူး။ ကျနော်တို့တတွေ တရားသူကြီး တစ်ယောက်နဲ့ သွားတွေ့ ရပါလေရော။ သည်တရားသူကြီးကလည်း နှယ်နှယ်ရရတော့မဟုတ်။ သူ့ကို လွှတ်တော်ကနေ တိုက်ရိုက်ခန့်အပ်တာ ဝန်ပေးထားတာမို့ လွှတ်တော်က တရားရေးကော်မီတီနဲ့ တရားရေးဝန်ကြီးဆီကိုပဲ သူကိုင်တဲ့ဌာနက အစီရင်ခံရတာ။ သူကိုင်တဲ့ အဖွဲ့ကို ရဲလုပ်ငန်းဆိုင်ရာ ကြီးကြပ်စီမံရေးလွတ်လပ်သော အာဏာပိုင် (အဖွဲ့) လို့ဆိုရမလား သူတို့အခေါ်တော့ (Independent Police Conduct Authority) လို့ အမည်တွင်ပါတယ်။

ဆိုတော့ သည်အဖွဲ့က ရဲတွေကို ကြီးကြပ်ပါတယ်။ ရဲတွေ အလုပ်ကောင်းကောင်း လုပ်သလား။ ဥပဒေနဲ့ အညီလုပ်သလားဆိုတာတွေကို စောင့်ကြည့်ပါတယ်။ တစ်ယောက်ယောက်က ရဲတွေရဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ တိုင်ကြားလာရင် သည်အဖွဲ့က ရဲလုပ်ငန်းတွေကို အသေအချာစိစစ်ပြီး တိုင်ကြားချက်ကို စုံစမ်းပါတယ်။ သည်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်က ဘယ်လောက်ရှိသလဲဆိုရင် ရဲတွေရဲ့ လုပ်ဆောင်ချက် မှတ်တမ်းတွေကို သူတို့အချိန်မရွေး စစ်လို့ရအောင် ရဲမှတ်တမ်းတွေ အကုန်လုံးကို သူတို့ရုံးနဲ့ချိတ်ထားပါတယ်။

ဒါကြောင့်မို့လည်း ရဲတွေအနေနဲ့ သည်တရားသူကြီး ဦးစီးတဲ့အဖွဲ့ကို အလေးဂရုထားကြရပါတယ်။ တိုင်ကြားချက်တွေ မှန်တယ်၊ ရဲတွေအနေနဲ့ ဥပဒေနဲ့ အညီဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင် သည်တရားသူကြီးက ရဲတွေကို အမှန်တိုင်းဖြစ်အောင် ပြန်လုပ်ဖို့ အမိန့်ပေး ညွှန်ကြားနိုင်ပါတယ်။ သည်လို လုပ်ပိုင်ခွင့်ရှိအောင်လည်း ဥပဒေပြဋ္ဌာန်းပြီး သည်အဖွဲ့ကို အားဖြည့်ပေးထားပါတယ်။ ရဲတွေအနေနဲ့ လူတွေကို ထိန်းသိမ်းရာမှာ တရားဥပဒေနဲ့ညီသလား၊ နှိပ်စက်ကလူပြု တာမျိုးရှိသလား၊ ရဲတွေအတွက် ဘယ်ဥပဒေက ဘယ်လို အကျိုးသက်ရောက်နေလဲစသဖြင့် စောင့်ကြည့်၊ သုတေသနပြုတာ မျိုးလည်းလုပ်ပါတယ်။

ဘယ်ပြည်သူ မဆို အလွယ်တကူ တိုင်ကြားနိုင်အောင်လည်း စီမံထားတာမို့ ရဲတွေနဲ့ ပတ်သက်လို့ ပြသနာတက်ရင် ဖုန်းဆက်လိုက်ရုံ၊ မေးလ်ပို့ရုံပါပဲ။ တရားသူကြီးနဲ့ ရင်းရင်း နှီးနှီး တွေ့ဆုံစကားပြော မေးမြန်းကြရင်း ကျွန်တော်မှတ်မိနေတဲ့ သူရဲ့ စကား တချို့ရှိရဲ့။ သူက.. စဉ်းစားကြည့်လေ။ ရဲတွေက တို့လို ပြည်သူတွေ လိုက်နာနေရတဲ့ ဥပဒေတချို့ကို သူတို့ဖောက် ဖျက်လို့ရတာရှိတယ်။ ဥပမာ သူတို့ ရဲကားတွေ ဥသြဆွဲပြီး အမြန်မောင်းလို့ ရတယ်။ မိုင် (၁၀ဝ) ကန့်သတ်ထားတဲ့ အမြန်လမ်းမှာ သူတို့ ပိုပြီးမောင်းကြတယ်။ တစ်ခါခါအဲလို အမြန်မောင်းပြီး အလုပ်ကို သေချာမလုပ်ကြဘူး။ ကြည့်လေ။ အဲလို တို့တွေ မြန်မြန်မောင်းရင် ဘာဖြစ်မယ်ထင်လဲ။ သူတို့က တို့ကို အရေးယူမပေါ့။

ဒီလိုကိစ္စမျိုးတွေ ဥပဒေကို အသာစီးယူပြီး ပြည်သူတွေအတွက် အလုပ်သေချာမလုပ်တာမျိုးကို ထိန်းကျောင်းရတယ်။ ဥပဒေကို ဘယ်သူမဆို လိုက်နာဖို့ တလွဲမသုံးဖို့ အရေးကြီးတယ်တဲ့။ သြော်….လို့သာ ကျွန်တော့်မှာ ပြောနိုင် တော့တယ်။ ကျွန်တော်တို့ဆီမှာမရှိတဲ့ အထိန်းအထေစနစ်တွေ ဌာနတွေအကြောင်း သိလာရတော့ ကိုယ့်ဆီမှာလည်း ရှိစေ့ချင်လာမိရဲ့။

နယူးဇီလန်ရဲ့ ဆောင်းလေအေးအေး၊ တစ်ခါခါ မိုးစိုစို လေထန်ထန် ဝယ်လင်တန် ရာသီဥတုကြားမှာ ကျွန်တော် တဖြည်းဖြည်းနဲ့ အသားကျလာရဲ့။ အိမ်ပြန်ရမယ့်တွေက နီးကပ်လို့လာတယ်။ အိမ်မပြန်ခင် အခု လတ်တလောတော့ ဝယ်လင်တန် မြို့တော်ကြီးမှာ ကျွန်တော်ရဲ့ ရုံးရောက်ဂတ်ရောက် နေ့ရက်များကို ဖြတ်သန်းနေရလေရဲ့ ခင်ဗျ။

ဝေယံထွဏ်း