Go Vote

0
346

No Vote ဆိုပြီး အသံတွေ ညံလာ သဗျ။

ဒီမိုကရေစီပဲဗျာ ကြိုက်တာအော်လို့ ရပါတယ်။ သူတို့အော်နေတာကို မအော်နဲ့လို့ သွားမတားပါနဲ့။

အမှန်တရားကို မြတ်နိုးတဲ့ … နိုင်ငံ ကြီးသားပီသတဲ့ လူငယ်တွေ No Vote ဆိုတာတွေကို သွားမတိုက်ပါနဲ့။ သူတို့ကို တိုက်ခိုက်နေမယ့်အစား Go Vote ဆိုတာ နဲ့ ပိုပြီး လှုပ်ရှားပြလို့မရဘူးလား။

ခုဆိုရင်ဗျာ မဲစာရင်းတွေကြည့်နေ ကြတယ်။ မှားတယ်ဆိုပြီး အော်နေကြတယ်။ ဒီအချိန်မှာ Go Vote လုပ်ချင်တဲ့ လူငယ်တွေအတွက် အခွင့်ကောင်းပဲ။ မှားနေတဲ့ မဲစာရင်းတွေကို အမှန်တိုင်းဖြစ်အောင် ငါတို့ ဘယ်လို ကူညီဆောင်ရွက် ပေးနိုင်မလဲ။

အမှန်တရားအတွက် Go Vote တွေ ဘယ်လိုတိုက်ပွဲဝင်ပေးနိုင်မလဲ။ No Vote ကို Go Vote ဖြစ်လာအောင် လုပ်ဆောင်ချက်တွေနဲ့ ဖော်ဆောင်ပြရမှာ။ စေတနာ နဲ့ ပြရမှာ၊ မေတ္တာနဲ့ ပြရမှာ။ တိုက်ရမှာ မဟုတ်ဘူး။ အကြံနဲ့လူတွေက အိမ်ကြက် ချင်း အိုးမည်းသုတ်ထားတာကို ရန်ဖြစ် နေလို့အပိုပဲ။

မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တာတွေ ဘာတွေ သွားပြောမ နေပါနဲ့။ ဇာတ်စင်ပေါ်တက်ပြီး ပတ်မကြီး ကို လာထိုးမဖောက်ရအောင် ကာကွယ် စောင့်ရှောက်ရမှာ Go Vote တွေရဲ့ တာဝန်တစ်ရပ်လို့ သတ်မှတ်လိုက်ရင် ပြီးတာပဲ။

Go Vote ။
ဖိလစ်ပိုင်နိုင်ငံမှာ Go Vote လှုပ်ရှား ပုံလေး ပြောပါရစေ။
Go Vote လှုပ်ရှားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တိုင်းပြည်ကို အုပ်ချုပ် ရမယ့်အစိုးရနေရာကို “လူမှန် နေရာမှန်ရောက်ရှိရေး” တဲ့

ဒီလှုပ်ရှားမှုကို လူငယ်တွေ စပြီး ပူးပေါင်းလှုပ်ရှားကြတယ်။ Go Vote အတွက် လှုပ်ရှားတဲ့ အဲဒီ လူငယ်တွေဆိုတာ NGO အနေနဲ့ လှုပ်ရှားကြတာ။

Go Vote လှုပ်ရှားမှုကို ထောက်ခံကြတာက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ အစိုးရထိပ်ပိုင်း အရာရှိကြီးတွေ၊ အစိုးရအဖွဲ့အစည်းနဲ့ မဆိုင်တဲ့ NGO အဖွဲ့အစည်း တွေ၊ ဘယ်ပါတီမှ ဘက်မလိုက်ဘဲ တိုင်းပြည်အတွက် အကောင်းဆုံး လုပ်ဆောင် ပေးနိုင်တဲ့သူတွေကို ထောက်ခံမယ်ဆို တဲ့ပြည်သူတွေ၊ မီဒီယာတွေ၊ တိုင်းပြည်မှာ လူမှန်နေရာမှန်တက်လာစေချင်တဲ့ သူတွေပါ။

သူတို့ကပဲ No Vote လို့ ပြောလာတာကို Go Vote ဖြစ်အောင် လုပ်ကြစို့ဆို ပြီး တိုင်းပြည်အတွက် စေတနာထားပြီး စည်းရုံးလှုံ့ဆော်မှုတွေမှာ အင်တိုက်အား တိုက် ပါဝင်ခဲ့ကြတာပါ။

Go Vote အတွက် လှုပ်ရှားသူတွေရဲ့ ဦးတည်ချက်က

  • ဒီမိုကရေစီ ပေါ်ထွန်းရေး
  • စစ်အာဏာရှင် လွှမ်းမိုးမှုလက်အောက်မှ လွတ်မြောက်ရေး
  • ကိုယ်နှစ်သက်ရာပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေ အစိုးရဖွဲ့နိုင်အောင် အထောက်အကူပြုနိုင်ရေး
    အရေးအကြီးဆုံးကတော့ လူ့အခွင့်အရေးပဲ။ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ်လုပ်ဆောင်ရမယ့် အခန်းကဏ္ဍကို တာဝန်အကျေဆုံးဖြစ်အောင် လုပ်ဆောင် နိုင်ခဲ့ပြီးပြီလားဆိုတာ အသိပေးချင်တဲ့အတွက် Go Vote ကို လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ မဲပေးခြင်းဆိုတာ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေပါ။ နိုင်ငံအတွက် လူမှန် နေရာမှန် ဖြစ်ဖို့အရေးကြီးတယ်။ လူမှန် နေရာမှန် ဖြစ်လာရင် မလိုချင်တာတွေကိုလည်း တားလို့ရမယ်၊ လိုချင်တာတွေကိုလည်း ဖော်ဆောင်ခိုင်းလို့ ရမယ်။

တိုင်းပြည်ရဲ့ အရေးအကြီးဆုံး အုပ်ချုပ်ရေးအာဏာကို ဖော်ဆောင်ရတဲ့ နေရာမှာ လူလည်း မမှန်၊ နေရာလည်း မမှန်သူတွေ ကြီးစိုးရင် ပြည်သူတွေပဲ နစ်နာမယ်ဆိုတာ မြင်နိုင်အောင် Go Vote တွေက သူတို့နည်း သူတို့ဟန်တွေ နဲ့ လှုပ်ရှားကြပါတယ်။

ဒီမိုကရေစီမှာ မဲပေးတာ အရေးကြီးတယ်လို့ Go Vote နည်းနဲ့ပဲ တုံ့ပြန်ကြတဲ့ လူငယ်တွေ ချီးကျူးဖို့ ကောင်းပါတယ်။

ဒီမိုကရေစီကို မြတ်နိုးဖို့၊ တန်ဖိုးထားတတ်ဖို့ဆိုတာ ဒီမိုကရေစီ ကျင့်စဉ်တွေကို ကျောင်းတွေမှာကတည်းက အခြေခိုင်အောင် လေ့ကျင့်ပျိုးထောင်ခဲ့ဖို့ လိုပါတယ်။ မဲပေးတာ ငါတို့အလုပ် မဟုတ်ဘူးလို့ ဘယ်ပြည်သူ့နီတိကမှ မသင်ပါဘူး။ ဒီမိုကရေစီကို တန်ဖိုးထားတတ်အောင်နဲ့ မြတ်နိုးတတ်အောင် သင်လိုက်နိုင်ရင် No Vote ဆိုတာတွေ ပေါ်လာမယ် မထင်ဘူး။

အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကချည်းသက်သက် ပြောလို့ မရတော့ပါဘူး။ မြန်မာနိုင်ငံမှာ ကျောင်းတွေဆိုတာ နိုင်ငံရေးနဲ့ ဘယ်လိုမှ မပတ်သက် ရအောင် တားမြစ်ပိတ်ပင်ခြင်း ခံခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။ ဆရာတွေ ကိုတောင် နိုင်ငံရေးကင်းရှင်းရမယ်လို့ လက်မှတ်တွေ ထိုးခိုင်းခဲ့သေးတာ။ ပြည်သူ့ နီတိ ဆိုတာတော့ ပိုဆိုးသေး။ ခုမှ အစပျိုးကြတာ။ ဒါကြောင့် No Vote တွေ ဖြစ်လာတာ မဆန်းဘူး။

ကိုဗစ်ဖြစ်တော့ မျက်နှာမှာ မျက်နှာဖုံးတပ်ရေး၊ လက်ကိုဆေးရေးဆိုတာတွေ တောင် နိုင်ငံသားတာဝန်တစ်ရပ်အနေနဲ့ ခံယူပြီး ကျင့်သုံးကြသေးတာ။ မလုပ်ရင် သေမှာလေ။

နိုင်ငံရေးမှာ No Vote ဆိုတာကတော့ ချက်ချင်း မသေပါဘူး။ ဒါပေမဲ့
ဒီမိုကရေစီကို သေဆုံးအောင်လုပ် နေတယ်ဆိုတာ သဘောပေါက်လာအောင် ပြောဖို့ လိုပါတယ်။

Go Vote နည်းနဲ့ပဲ လက်တုံ့ပြန်ကြဖို့ တိုက်တွန်းချင်ပါတယ်။

(ဖိလစ်ပိုင်နိုင်ငံ၏ Go Vote Movement လှုပ်ရှားမှုကို ရည်ညွှန်းကိုးကားပါသည်)

တင်ညွန့်