ဦးနေမျိုးဇင်အမှု ချေဖျက်ခွင့် တိုင်းတရားလွှတ်တော်လက်မခံ

0
500

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(က) ဖြင့်တပ်မတော်မှတရား စွဲဆိုထားသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင် အမှုတွဲပါ တရားလွှတ်တော်ရှေ့နေဦး ကြီးမြင့်နှင့်ကဗျာစောဝေတို့၏ အမှုချေဖျက်ခွင့်ကိုတနင်္သာရီတိုင်းတရားလွှတ် တော်ကလက်မခံကြောင်း ဇူလိုင်လ ၂၉ ရက်က အမိန့်ချလိုက်သည်။

အမှုချေဖျက်ခွင့် လျှောက်ထားသူတို့ဘက်ကတင်ပြသည့် အချက်အလက်များသည်အမှုကို ချေဖျက်ရထိုက်သည့် အချက်များမဟုတ်သဖြင့် လက်မခံဘဲ ပလပ်လိုက်ခြင်းဖြစ်ကြောင်း တိုင်းတရား လွှတ်တော်ပြန်ကြားရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင်က ပြောသည်။

ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ

၂၀၁၉ခုနှစ်ဧပြီလက ကော့သောင်း မြို့တွင်ပြုလုပ်သည့် “၂၀၁၈အခြေခံ ဥပဒေ ပြင်ဆင်ရေး ၄၅ဦး ကော်မတီထောက်ခံပွဲ” တွင်ဟောပြောချက်များသည်တပ်မတော် အကြီးကဲနှင့်တပ်မတော်သားများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ ကော့သောင်းမြို့နယ်တရားရုံးတွင်စွဲဆိုထားသောအမှုကို ချေဖျက်ခွင့်တင်ထားခြင်း ဖြစ်သည်။

၂၀၁၉ခုနှစ် ဖေဖော်ဝါရီလတွင် အမှုတွဲချေဖျက်ခွင့်ကို တိုင်းတရားလွှတ်တော်က လက်ခံခဲ့ပြီး ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၉ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကော့သောင်းမြို့နယ်တရားရုံးတွင် တပ်မတော်၏ တရားစွဲခံထားရသူတို့မှာ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်၊ ကဗျာစောဝေတို့ သုံးဦးဖြစ်သော်လည်း အမှုတွဲချေဖျက်ခွင့်တင်သူထဲတွင်မူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်မပါဝင်ကြောင်း ဦးဇော်မင်းနိုင်က ပြောသည်။

“ယခုလို အမှုတွဲချေဖျက်ပေးရန် လျှောက်ထားမှုတွေကို ပလပ်ခဲ့တဲ့အမိန့်ကို ကျေနပ်မှုမရှိရင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ ရက်ပေါင်းခြောက်ဆယ်အတွင်းမှာ ရာဇဝတ်ပြင်ဆင်မှုတက် ရောက်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

၎င်းအမှုသည် ဥပဒေအရအမှုပျက်နေပြီဖြစ်ပြီး တိုင်းတရားလွတ်တော်မှ အမှုချေဖျက်ပေးလိမ့်မည်ဟု ဥပဒေကြောင်းအရ မျှော်လင့်ကြောင်း တိုင်းတရားလွှတ်တော်ထံ အမှုတွဲချေဖျက်ခွင့် လျှောက်ထားစဉ်က တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က တနင်္သာရီအပတ်စဉ်ကို ပြောဆိုခဲ့ဖူးသည်။

လက်ရှိတွင်တိုင်းတရားလွှတ်တော် ကအမှုတွဲချေဖျက်ခွင့်ကို လက်မခံသဖြင့် ဦးကြီးမြင့်၊ ကဗျာဆရာစောဝေတို့သည် မူလတရားရုံးဖြစ်သည့် ကော့သောင်းမြို့နယ် တရားရုံးတွင်ပင်ဆက်လက်အမှု ရင်ဆိုင်ရမည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော်ထံမှ သိရသည်။

ကျော်သူစိုး