ဆိုက်ကား လွမ်းချင်း

0
910

သူသည် မိသားစုဝင် ငါးဦးရှိသည့် မိသားစုကို ဆိုက်ကားနင်းရင်းအိမ်တစ်ဆောင်မီးတစ်ပြောင်ဖြင့် တင့်တောင့် တင့်တယ် ထားနိုင်ခဲ့သည်။

ဆိုက်ကားနင်း၍ရသည့် ဝင်ငွေက သူတို့မိသားစု စားဝတ်နေရေး ဖူလုံရုံတင်မက ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်တွင်ရှိသည့် မြေတစ်ကွက်ကိုဝယ်ယူကာ အိမ်တစ်ဆောင်ပါ ဆောက်လိုက်သေးသည်။ ထိုမျှမကသေး။ သားသမီး နှစ်ဦးကိုလည်း အများနည်းတူ ကျောင်းထား နိုင်ခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်ဝန်းကျင်က အခြေအနေကို ဦးဇော်ဝင်းက ပြန်ပြောင်းပြောဆိုနေခြင်း ဖြစ်သည်။

ထိုအခြေအနေတို့မှာ လွမ်းမောစရာအဖြစ် ကျန်ရစ်ခဲ့ပြီ။

လက်ရှိကာလသည် ဆိုက်ကား ခေတ်မဟုတ်တော့။ ဆိုက်ကားအစား ပို၍မြန်သည့် မော်တော်ဆိုင်ကယ်တို့ဖြင့် အစားထိုးခဲ့ကြသည်မှာ နှစ်နှစ်ဆယ်နီးပါးပင် ရှိလာခဲ့ပြီ။ အချို့မှာ သုံးဘီးယာဉ်ပြေးဆွဲသူများ ဖြစ်လာသည်။ ဦးဇော်ဝင်းကမူ ရွှေထီးဆောင်းခဲ့သည့် ဆိုက်ကားခေတ်ကို ပြန်လည်သတိရ၊ တမ်းတမိနေဆဲ။

ဦးဇော်ဝင်းသည် ဘုမ္မော်ရပ်ကွက်တွင် နေထိုင်သည်။ သူသည် ၁၉၉၀ ပြည့်နှစ်တွင် ၇၅၀ဝ ကျပ်တန် ဆိုက်ကား တစ်စီးဝယ်ယူကာ ထားဝယ်မြို့မ ဈေးကြီးတောင်ဘက်ဂိတ်တွင် ဆိုက်ကားဆရာ ဘဝကို စတင်ခဲ့သည်။

ထိုခေတ်အခါက ဆိုက်ကားအမျိုးအစား သုံးမျိုးရှိသည်။ ရွှေရောင်ကြေးပိုက်များဖြင့် အလှဆင်ထားသည့် ရွှေမြိုင်ငွေ အမှတ်တံဆိပ်ဖြင့် တစ်မျိုး။ ယင်းအမျိုးအစားမှာ မန္တလေးက ထုတ်လုပ်သည်။ ဒုတိယတစ်မျိုးမှာ ရန်ကုန်မြို့မှထုတ်လုပ်သည့် ဝင်းမြင့်အမှတ်တံဆိပ် ဆိုက်ကား။ ယင်းအမျိုးအစားမှာ သံထည်ကို အဓိကထားပြီး ပြုလုပ်ထားကာ ခရီးသည်ထိုင်သော သစ်သားခုံအပါအဝင်နေရာ အများစုကို ပေါလစ်တိုက်ထားသည်။

ကြံ့ခိုင်မှုပိုကောင်းသဖြင့် ထားဝယ်ဒေသတွင် အသုံးလည်းများသည်။ နောက်တစ်မျိုးမှာ ထားဝယ်မှာပင် တပ်ဆင်သည့် ဆိုက်ကားများ ဖြစ်သည်။

ထားဝယ်ဒေသတွင် အသုံးပြုသည့် ဆိုက်ကားများက အပေါ်နှစ်မျိုးနှင့် ကွဲပြားပါသည်။ နင်းသူက ညာဘက်တွင် နေရာယူတပ်ဆင်ထားပြီး စီးသည့်ခရီးသည်က ဘယ်ဘက်တွင် ထိုင်ရသည်ဖြစ်ရာ ရန်ကုန်၊ မန္တလေးတွင်ရှိသည့် ဆိုက်ကားများက ထားဝယ်ဒေသရှိဆိုက် ကားများနှင့် ဆန့်ကျင်ဘက်အနေအထား ဖြစ်သည်။

ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ

ရန်ကုန်နှင့် မန္တလေးထုတ် ဆိုက်ကားများတွင် မည်သို့ပင်တပ်ဆင်ထား စေကာမူ ထားဝယ်သို့ ရောက်လာပါက ဒေသနှင့် ကိုက်ညီစေရန် နေရာအနေအထားကို ပြန်ပြင်ရလေ့ရှိသည်ဟု ဆိုသည်။

ဦးဇော်ဝင်း ဆိုက်ကားဆရာဘဝကို စတင်ခဲ့သည်မှာ ထားဝယ်ဒေသတွင် တပ်ဆင်သည့် ဆိုက်ကားဖြင့် ဖြစ်သည်။ တစ်နေ့တာ ဆိုက်ကားနင်း၍ရသည့် ဝင်ငွေက ပျမ်းမျှအားဖြင့် ကျပ် ၇၀ဝ ဝန်းကျင်။ ထိုခေတ်အခြေအနေဖြင့်မူ ကျပ် ၇၀ဝ ဆိုသည်က ဝင်ငွေကောင်း သည်ဟု ဆိုနိုင်သည်။ သူအိမ်ဝယ်တုန်းက ကျပ်ခုနစ်သောင်းခွဲသာ ပေးရသည်။ ရွှေတစ်ကျပ်သားလျှင် ကျပ်လေးသောင်းဝန်းကျင်သာ ရှိသည်။ ထိုအကြောင်းအရာများအား ပြန်လည် ပြောဆိုရသည့်အခါ ဦးဇော်ဝင်းမှာ အားပါးတရရှိလှသည်။

ထိုစဉ်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်လျှင် သူတို့ ကြောက်ရသည်က ယာဉ်ထိန်းရဲ မဟုတ်။ စည်ပင်ဖြစ်သည်။

“မော်တော်ပီကယ်က ဆိုက်ကားဆို မဖမ်းဘူး” ဟု ဦးဇော်ဝင်းက ပြောသည်။

ထိုအချိန်က စည်ပင်သာယာဈေး ကြီးတစ်ဝိုက်တွင် ယခုကဲ့သို့ တစ်လမ်း မောင်းစနစ် သတ်မှတ်ထားပြီး အာဇာနည် လမ်းတစ်လျှောက်လုံးကိုလည်း အနှေးယာဉ်မဝင်ရလမ်းအဖြစ် သတ်မှတ်ထားရာ ဝင်ချင်တိုင်း ဝင်၊ ထွက်ချင်တိုင်း ထွက်ရန် မလွယ်ကူခဲ့။

ဆိုက်ကားများ စည်းကမ်းဖောက်ဖျက်မှုအတွက် အဓိက အရေးယူသည်မှာ စည်ပင်ဝန်ထမ်းများပင် ဖြစ်သည်ဟု ဆိုသည်။

ယင်းအချိန်တွင် ဆိုင်ကယ်များ ရှိနေသည့်တိုင် ဆိုက်ကားတို့သည်သာ ထားဝယ်မြို့၏ အဓိကသယ်ယူပို့ဆောင်ရေး ယာဉ်။ ဆိုင်ကယ်သည် အိမ်စီးယာဉ်။

“အဲဒီခေတ်တုန်းက ဆိုက်ကားနဲ့ သွားမှ အဆင်ပြေတယ်။ ကျန်တာတွေက ရှိမှမရှိသေးဘဲကိုး” ဟု ဦးဇော်ဝင်းက ပြောသည်။

ထိုအချိန်က မြို့အတွင်းလမ်းများတွင် ယခုကဲ့သို့ ယာဉ်မများသေး။ ကား၊ ဆိုင်ကယ်တို့လည်း နည်းပါးသေးရာ ယာဉ်တိုက်မှုဖြစ်လျှင်ပင် စက်ဘီးဖြင့်သာ အများစု ဖြစ်လေ့ရှိသည်။ စက်ဘီးနှင့် ဆိုက်ကားဆိုသည်မှာ တိုက်မိလျှင်လည်း ပြင်းပြင်းထန်ထန်မရှိ။ ဒဏ်ရာ အနာတရ ကြီးကြီးမားမားလည်း မဖြစ်ရဘဲ ခြေလက်ပွန်းပဲ့ရုံမျှသာ။ ထို့ကြောင့် ပြဿနာကို ဖြေရှင်းရန်မှာလည်း လွယ်ကူလေ့ရှိသည်။

ဆိုက်ကားများသည် ထားဝယ်မြို့အတွင်းက ခရီးသည်များသာမက လောင်းလုံး၊ ပကာရီ၊ ညောင်ဇင်စသည့် ကျေးရွာတို့အထိ လိုက်ပို့ခဲ့ရသည်။

ထိုအချိန်က ထားဝယ်မြို့အတွင်းတွင် ဆိုက်ကားဂိတ် ရှစ်ခုထက် မနည်းရှိသည်ကို ဦးဇော်ဝင်း မှတ်မိသည်။ အစီးရေ ၅၀ဝ ကျော်သည်။

စည်ပင်သာယာဈေးကြီးတောင်ဘက်၊ ကမ်းနားဈေး၊ လမ်းဆုံကြီး၊ ဦးကျော်ရင်လမ်းထိပ်(မင်္ဂလာဈေး)၊ ဆေးရုံ၊ ဥတ္တံတားကြီး၊ ကရပ်ပြင်လမ်းဆုံ စသည့် နေရာများတွင် ဂိတ်ထိုးကြသည်။

အရေအတွက်များသလောက် စည်းကမ်းစနစ်ကလည်း အလွန်ကောင်းသည်ဟု ဦးဇော်ဝင်းက ဆိုသည်။

ဆိုက်ကားကို စည်ပင်ဌာနတွင် တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးရသည်။

သက်တမ်းတိုးပါက ရောက်ရှိ ခုနှစ်၊ ဆိုက်ကားအမှတ်တို့ကို ဆိုက်ကား၏ လူထိုင်သည့် သစ်သားထိုင်ခုံတွင် ဘလောက်ခတ်နှိပ်ပေးသည်။ ဘရိတ် ကောင်း/ မကောင်း၊ ခေါင်းလောင်းရှိ (ဘဲလ်) ရှိ/ မရှိ စသဖြင့် ဆိုက်ကား၏ ကြံ့ခိုင်မှုကိုလည်း စစ်ဆေးသေးသည်။ သက်တမ်းတိုးပြီးပါက လိုင်းပေါင်းစုံတွင် လိုင်းဝင်ရပြီး ထိုမှတစ်ဆင့် မိမိဂိတ်ထိုးချင်သည့် လိုင်းခွဲအသီးသီးတွင် ဂိတ်ထိုးခွင့်ရှိသည်။

ထိုခေတ်အခါက ဆိုက်ကားလိုင်း ပေါင်းစုံတွင် ချေးငွေစနစ်ရှိပြီး တစ်လအတိုးနှုန်း နှစ်ကျပ် သို့မဟုတ် သုံးကျပ်အတိုးဖြင့် အများဆုံး ကျပ်တစ်သောင်းခွဲအထိ ချေးခွင့်ရခဲ့သည်။ ငါးလအတွင်း ပြန်ဆပ်ရသည်။ ယင်းချေးငွေသည် မိသားစုစားဝတ်နေရေးအတွက် ဆိုက်ကား ဆရာများအား အသက်ရှူချောင်စေခဲ့ သည်။

ဆိုက်ကားဆရာတို့သည် လူမှုရေးဘက်တွင်လည်း လက်မနှေးခဲ့။ ထိုအချက်မှာ ဂုဏ်ယူဖွယ်ရာအဖြစ် ဦးဇော်ဝင်း အမှတ်ရနေဆဲ။ ထားဝယ်ဒေသ၏ နာမည်ကြီးစေတီဖြစ်ပြီး ရှင်ကိုးရှင် စာရင်းဝင် ရှင်မော်တောင်ဘုရား ဝေယျာဝစ္စအတွက် ဝါတွင်းသုံးလ အဖိတ်နေ့များတွင် လိုင်းခွဲအလိုက် ဥပါသကာ အလှူခံထွက်လေ့ ရှိသည်။

ဆိုက်ကား ၁၀ စီးခန့် တန်းစီပြီး ကိုယ်ပိုင်ဖျော်ဖြေရေးတီးဝိုင်းအား ဆိုက်ကားပေါ်တွင် တင်ဆောင်ကာ ထားဝယ်ဒေသအနှံ့ အလှူခံထွက်သည့်ဓလေ့က အမြင်ဆန်းစေသည့် ဓလေ့တစ်ခု ဖြစ်သည်။

လက်ရှိအချိန်အထိ ရှင်မော်တောင် ဘုရားအတွက် အလှူခံထွက်နေကြဆဲ ဖြစ်သည်။ သို့သော် ဆိုက်ကားများနှင့် မဟုတ်တော့။ ဆိုက်ကားအစား မော်တော် ကားတို့ဖြင့် ဖြစ်သည်။

ခေတ်အခြေအနေသည် ပြောင်းလဲ ခဲ့ပြီဖြစ်သည်။ တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်အခြေအနေများသည် ဆိုက်ကားဆရာများအပေါ်တွင်လည်း ရိုက်ခတ်မှု ရှိခဲ့လေသည်။ ၂၀ဝ၀ ပြည့်နှစ်ဝန်းကျင်အရောက်တွင် တိုင်းအာဏာပိုင်တို့က ဆိုင်ကယ်များကို အသင်း အဖွဲ့ဖွဲ့စည်းကာ ကယ်ရီဆွဲခွင့် ပြုလိုက်ခြင်းဖြစ်သည်။

ထားဝယ်ဒေသတွင် ဆိုင်ကယ်ဆိုသည်က သာမန်လူတန်းစားများ မစီးနိုင်သည့်အခြေအနေ။ ထိုအခြေအနေတွင် ဆိုင်ကယ်များအား ကယ်ရီပြေးဆွဲစေခဲ့ရာ ခရီးသည်များသည်လည်း ဆိုက်ကားကို ကျောခိုင်းသွားခဲ့ကြသည်။

ဆိုက်ကားဆရာများအနေနှင့် ဝင်ငွေက တဖြည်းဖြည်း ကျဆင်းလာတော့သည်။ အခြေအနေအရ ဆိုက်ကားဆရာတို့သည်လည်း မိသားစုစားဝတ် နေရေးအတွက် လုပ်ငန်းပုံစံ ပြောင်းလဲလာကြရသည်။

ဦးဇော်ဝင်းတစ်ယောက်လည်း ဆိုက်ကားပေါ်မှ ဆင်းကာ ဆိုင်ကယ်ပေါ်သို့ ပြောင်းတက်ခဲ့ရသည်။ ဆိုင်ကယ် ကယ်ရီသမား ဖြစ်လာသည်။ Z-2၊ Z-3၊ Z-4နှင့် ၁၉၉၄ မော်ဒယ် Dream ဆိုင်ကယ်များဖြင့် ကယ်ရီဆွဲခဲ့ကြသည်။

ဆိုင်ကယ်ကယ်ရီဆွဲရသည်မှာ ဆိုက်ကားလောက် အဆင်မပြေပါ။ ဆိုက်ကားဆရာမှ ဆိုင်ကယ်ကယ်ရီအဖြစ် ကူးပြောင်းလာကြသူကလည်း ဒုနဲ့ ဒေး။ စနစ်တကျလည်း မရှိဖြစ်ရာ ဝင်ငွေမကောင်းတော့။

ဦးဇော်ဝင်းမှာ ဆိုက်ကား ရွှေခေတ်ကိုသာ ပြန်လည် သတိရမိနေသည်။

“ဆိုက်ကားနင်းတုန်းက အိမ်တွေ၊ မြေတွေ ဝယ်လို့နိုင်တယ်။ ဆိုင်ကယ်ဆွဲတဲ့အချိန်မှာ စားဝတ်နေရေးအတွက်ကို မနည်းရုန်းကန် ရတယ်” ဟု သူက ဆိုသည်။

လက်ရှိတွင်မူ ထားဝယ်မြို့ရှိ ဆိုက်ကား ဆရာအများစုမှာ သုံးဘီးဆရာ၊ ကား ဆရာ၊ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများအဖြစ် အသွင်ပြောင်းသွားကြပြီ ဖြစ်သည်။

ဆိုက်ကားအစီးရေမှာ ဆယ်ဂဏန်းမျှသာ ကျန်တော့ပြီး အသုံးပြုသူမှာလည်း နည်းပါးသွားခဲ့ပြီ။

အနီးအနားဝန်းကျင်သို့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရန်အတွက်သာ အသုံးပြု တော့သည်။ ထို့ကြောင့်လည်း ဆိုက်ကား ဆရာမှာတို့မှာ ဝင်ငွေက မမှန်တော့။ လက်ဖက်ရည်ဖိုးသာသာမျှကိုပင် ခက်ခက် ခဲခဲ၊ ကျပ်ကျပ်တည်းတည်း။

သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဇာတ်လိုက်ကျော်ဖြစ်ခဲ့သည့် ဆိုက်ကား များမှာ နှစ်သုံးဆယ်ကာလအတွင်း နေဝင်ချိန်ဆီသို့ တစစတိုးဝင်လျက်ရှိပြီး မကြာခင်မှာပင် ပြတိုက်သို့ ပို့ခံရမည့် အနေအထားဖြစ်သည်။ ဆိုက်ကား ရွှေခေတ်မှာ ပြန်လည်၍ လွမ်းမောတမ်း စရာအဖြစ် ကျန်ခဲ့ပြီ။

လက်ရှိအချိန်အထိ ဆိုက်ကား နင်းနေဆဲဖြစ်သည့် ဦးသောင်းကြည်၏ အောက်ပါစကားသည် ထိုအခြေအနေတို့ကို ထင်ဟပ်နေပါသည်။

“အခုတော့ ပစ္စည်းတောင် တစ်ခါတလေမှ တင်ရတော့တယ်” ဟု သူက ဆိုသည်။

ကိုဇော်