မဲစာရင်းအပေါ် မွန်လူထု စိတ်ဝင်စားမှုနည်း

0
321

မွန်ပြည်နယ်တစ်ခုလုံး၏ အခြေခံ မဲဆန္ဒရှင်များစာရင်းကို ဇူလိုင်လ ၂၅ ရက် နေ့က စတင်ကြေညာထားပြီး မဲစာရင်းအပေါ် မွန်လူထုတို့၏ စိတ်ဝင်စားမှု နည်းပါးသည်ဟု သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ထံမှ သိရသည်။

မဲစာရင်းကြေညာသည့်နေ့နှင့် ဒုတိယနေ့၊ တတိယနေ့တို့တွင်လည်း လာရောက်ကြည့်ရှုသူ နည်းပါးကြောင်း ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲနှင့် ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

မော်လမြိုင်မြို့ပေါ် ရပ်ကွက်တစ်ခု ဖြစ်သည့် သီရိမင်္ဂလာရပ်ကွက်တွင် မဲစာရင်းအား တသီးတသန့် လာရောက်ကြည့်ရှုခြင်းထက် အခြားအကြောင်းကိစ္စတို့နှင့် တွဲဖက်၍ လမ်းကြုံအားဖြင့်သာ ဝင်ရောက်ကြည့်ရှုကြလေ့ရှိသည်ဟု ပြောသည်။

“လူတွေက မဲစာရင်းကြည့်ဖို့ထက် ဝမ်းစာက အရေးကြီးတော့ အလုပ်ပဲ သွားကြတာလေ။ လာမကြည့်ကြဘူး” ဟု သီရိမင်္ဂလာရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြော သည်။

မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်တွင်လည်း စိတ်ဝင်စားမှုသည် ပုံမှန် အနေအထားသာရှိနေသည်ဟု အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေက ပြောသည်။

မော်လမြိုင်အပါအဝင် မွန်ပြည်နယ် တစ်ခုလုံး၏ အခြေခံမဲဆန္ဒရှင်များစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့စပြီး သြဂုတ် လ ၇ ရက်နေ့ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားပေးမည်ဖြစ်သည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်က မဲစာရင်းကြည့်ရှုသူ ပိုမိုများလာအောင် တက်နိုင်သလောက်ဆောင်ရွက်နေသည်ဟု ပြောသည်။

လက်ရှိကြေညာထားသည့် မဲစာရင်း တွင် နာမည်မှားခြင်း၊ မှတ်ပုံတင်နံပါတ် လွဲခြင်း၊ မိဘနာမည်မမှန်ခြင်း စသည့် လွဲမှားမှုမျိုး များပြားသလို မဲစာရင်းတွင်မပါဘဲ ကျန်ရစ်သူတချို့လည်း ရှိနေသည်ဟု ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့ထံမှ သိရသည်။


ယင်းသို့မှားယွင်းမှုများကို မပါသင့် သူများပါဝင်ခြင်း၊ မှားခြင်း၊ ပယ်ဖျက် ခြင်းဆိုသည့် ပုံစံသုံးမျိုးဖြင့် မဲစာရင်း အသစ်လျှောက်ပြီး ပြင်ဆင်နိုင်သည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် တပ်မတော်နှင့် အတူနေမိသားစုမဲစာရင်းအပါအဝင် အခြေခံမဲဆန္ဒရှင်များစာရင်း ၁၇ သိန်း ခြောက်သောင်းကျော်ရှိသည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။