ခိုးဝင်ပြန်လာသူများတွင် ဗွေဆော်ဦး ပိုးတွေ့

0
554

ကော့သောင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက် ကြိုတင်တွက်ဆထားသည့်အတိုင်းဖြစ်လာပြီဖြစ်သည်။ ကော့သောင်းမြို့တွင် ကိုရိုနာရောဂါပိုး တွေ့လူနာရှိလာလေပြီ။

တနင်္သာရီတိုင်းသားများ အများဆုံးရွှေ့ပြောင်းလုပ်ကိုင်နေသည့် ထိုင်းနှင့် မလေးရှားနိုင်ငံတွင် ကိုဗစ်ကူးစက်မှုများနေခြင်း၊ ယင်းအလုပ်သမားများမှာ ကော့သောင်းနယ်စပ်မှ နည်းအမျိုးမျိုးဖြင့် ဝင်လာနေခြင်းတို့ကြောင့် ထိုကဲ့သို့ မှန်းဆထားခြင်းဖြစ်ကြောင်း ဒေါက်တာလင်းထိုက်က ပြောသည်။

ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု

“နယ်စပ်ကလည်း မိုင်အများကြီးလေ။ ဝင်ပေါက်တွေကအများကြီး။ လုံးဝ မဝင်ရဘူးလို့ ပိတ်ဖို့ကလည်း အခက်အခဲ ရှိတယ်လေ။ အဲဒီထဲမှာ မလေးပြန် ဆိုတာက အန္တရာယ်များတယ်လေ။ မလေးမှာက ဖြစ်ပွားမှုများတာလည်းပါတယ်။ များတဲ့အတွက်ကြောင့် နယ်စပ်ကို မထိန်းနိုင်ရင်တော့ တစ်ချိန်ချိန်မှာ ဒါဖြစ်မယ်ဆိုတာ မှန်းထားပြီးသားပေါ့” ဟု ဒေါက်တာလင်းထိုက်က ပြောသည်။

ဇူလိုင်လ ၂၈၊ ၂၉ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိုဗစ်ပိုးတွေ့လူနာသုံး ဦးရှိသည်။ ထိုသူ သုံးဦးအနက် နှစ်ဦးမှာ မလေးရှားမှ ပြန်လာသူများဖြစ်ပြီး ကော့သောင်းနယ်စပ်မှ တစ်ဆင့်ပြည်တွင်းကို ခိုးဝင်လာသူများ ဖြစ်နေသည်။

၎င်းကိုဗစ်လူနာနှစ်ဦးမှာ လူနာ အမှတ် ၃၅၃ နှင့် လူနာအမှတ် ၃၅၁ တို့ဖြစ်သည်။ လူနာအမှတ် ၃၅၁ မှာ မော်လမြိုင် ဆေးရုံတွင်လည်းကောင်း၊ လူနာအမှတ် ၃၅၃ မှာ ကော့သောင်းခရိုင် ဆေးရုံကြီးတွင်လည်း ကောင်းအသီးသီး ဆေးကုမှုခံယူနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တွင်နေထိုင်သူ လူနာအမှတ် ၃၅၁ နှင့်အဖွဲ့ သည် ကော့သောင်းတွင် ကားတစ်စီးလုံးငှားပြီး နေရပ်သို့ပြန်လာခဲ့ကြောင်း လူမှုကူညီရေး အဖွဲ့တစ်ခုမှ ကိုကျော်လင်းခိုင်က ဆိုသည်။ ကိုကျော်လင်းခိုင်တို့ အဖွဲ့မှာ ကရင်ပြည်နယ်မှ လူမူကူညီရေးအဖွဲတစ်ဖွဲ့ ဖြစ်ပြီး မလေးရှားပြန်အဖွဲ့၏ ဆက်သွယ်မှုကြောင့် စောင့်ကြည့်ရေး စခန်းဝင်ရန် လမ်းခုလတ်ဖြစ်သော မုဒုံမြို့တွင် သွားကြိုခဲ့သည်။ ထိုအဖွဲ့တွင် ဆယ်ဦးပါဝင်သည်ဟု ဆိုသည်။

ကိုကျော်လင်းခိုင် အပါအဝင် သွားကြိုသူများသည်လည်း စောင့်ကြည့်ရေးစခန်း ဝင်လျက်ရှိသည်။

ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ

“သူတို့စီးလာတဲ့ကားကိုတော့မသိ လိုက်ဘူး။ ကျွန်တော်တို့နဲ့တွေ့တဲ့ အချိန်ဆိုကားက မရှိတော့ဘူး။ သူတို့ (လူနာ အမှတ် ၃၅၁) ပြောတာကတော့ ကော့သောင်းမှာ သိပ်မကြာဘူးလို့တော့ ပြောတယ်။ မုဒုံကိုအားချင်းလာတယ်လို့တော့ပြောတယ်” ဟု ကိုကျော်လင်းခိုင် က ဆိုသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်နေ့တွင်ပင် နောက်ထပ်ကိုဗစ်ပိုးတွေ့လူနာတစ်ဦး ကော့သောင်းတွင် ပေါ်လာပြန်သည်။ ၎င်းမှာ လူနာအမှတ် ၃၅၃ ပင်ဖြစ်သည်။

မွန်ပြည်နယ် ကျိုက်မရောဇာတိ လူနာအမှတ် ၃၅၃ သည်လည်း ကော့သောင်းမြို့နယ် ၂၂ မိုင်ဘက်မှ တစ်ဆင့် ခိုးဝင်လာသူများအနက် တစ်ဦးဖြစ်ပြီးသူနှင့်အတူ မိသားစုဝင် ခြောက်ဦးပါလာကြောင်း ယင်းလူနာနှင့်အဖွဲ့ကို သွာကြိုခဲ့သည့် ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ မဉ္ဇူသကခန်းမ ကိုဗစ်ထိန်းချုပ်စောင့် ကြည့်ရေးစခန်းတာဝန်ခံ ဦးဇော်မင်းဦးက ပြောသည်။

ထိုင်းနိုင်ငံ ရနောင်းစစ်ဆေးရေး ဂိတ်ကိုရှောင်ကာ ကော့သောင်းမြို့ ၂၂ မိုင်ဘက်ရှိ ဆီအုန်းခြံတစ်ခုမှ ကားတစ်စီးကို ထိုင်းဘတ်ငွေ ၁၈၀ဝ ဖြင့် ငှားလာပြီး ဆယ်မိုင်ကမ်းခြေကိုရောက်လာကြောင်း ဦးဇော်မင်းဦးက ပြောသည်။

“အဲဒီကားကလည်း လမ်းကြောင်း ကားပဲလို့ ကျွန်တော်တို့ကတော့ ယူဆတယ်ပေါ့နော်။ လာတဲ့သူတွေလည်း လမ်းကြောင်းတွေလို့ပဲ ယူဆတယ်” ဟု ၎င်းက ပြောသည်။

လမ်းကြောင်းကားဆိုသည်မှာ ခိုးဝင်လာသူများကို သယ်ဆောင်ပေးလေ့ရှိသည့် ကားဖြစ်သည်။

ဆယ်မိုင်ကမ်းခြေဘက်တွင် ဦးဇော်မင်းဦးတို့အဖွဲ့က သွားခေါ်လာပြီး မဉ္ဇူသကခန်းမတွင် စောင့်ကြည့်ရေး စခန်းဝင်ခိုင်းကာ ဓာတ်ခွဲနမူနာ စစ်ဆေးခဲ့ရာ ခုနစ်ဦးအနက် လူနာအမှတ် ၃၅၃ တစ်ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

လူနာနှင့် အတူပါလာသူများတွင် ပထမအကြိမ် စစ်ဆေးစဉ်က ပိုးမတွေ့သော်လည်း ပိုမိုစိတ်ချစေရန် နောက်တစ်ကြိမ် ထပ်မံ ဓာတ်ခွဲစစ်ဆေးမည်ဖြစ်ကြောင်း ကော့သောင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ပြောသည်။

လူနာ ၃၅၃ နှင့်အဖွဲ့ကို သွားခေါ် လာသည့် ခုနစ်ဦးကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်နေကြောင်း ဒေါက်တာလင်းထိုက်က ဆိုသည်။

လူနာအမှတ် ၃၅၃ မှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ကိုဗစ်ရောဂါ သံသယလက္ခဏာလည်းမပြကြောင်း ၎င်းက ပြောဆိုသည်။

ယင်းကဲ့သို့ ကော့သောင်းမြို့တွင် ကိုဗစ်ဂယက်ဖြစ်ပွားပြီးနောက် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်ရေး စည်းရုံးလှုံ့ဆော်မှုများ တဖန်ပြန်လည် လုပ်ဆောင်လာသည်။ နှာခေါင်းစည်းမတပ်ပါက ဒဏ်ရိုက်မည်ဟုလည်း ထပ်မံကြေညာထားကြောင်း ဒေါက်တာလင်းထိုက်က ပြောသည်။

ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံဘက်မှ နည်းလမ်းအမျိုးမျိုးဖြင့် ခိုးဝင်မှုများ မကြာခဏ ဖြစ်ပွားနေပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံရှာဖွေကာ ကိုဗစ်ထိန်းချုပ် စောင့်ကြည့်ရေးစခန်းများကို ပို့ဆောင်ပေးနေရကြောင်း ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်မာမာဆွေက ပြောသည်။

ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းကလည်း လူပွဲစားတစ်ဦးကို ဖမ်းဆီးရမိထားပြီး ၎င်းလူပွဲစားအား စခန်းသွင်း စောင့်ကြည့်ကာလပြီးပါက အရေးယူမည်ဖြစ်ကြောင်း ပြောဆိုသည်။

လူနာအမှတ် ၃၅၁ နှင့် ၃၅၃ တို့မှာ ရနောင်း- ကော့သောင်းလမ်းကြောင်းမှ ခိုးဝင်လာနေသူများအနက် ပထမဆုံး ကိုဗစ်ပိုးတွေ့ လူနာများအဖြစ် တပ်လှန့်လိုက်လေပြီဖြစ်သည်။

မဉ္ဇူသကခန်းမ ကွာရန်တင်းစခန်းတာဝန်ခံ ဦးဇော်မင်းဦးကမူ ထိုင်း၊ မလေးရှားနိုင်ငံတို့မှ ပြန်ဝင်လာသူများတွင် မကြာခဏ ကိုဗစ်ပိုးတွေ့ရှိနေသဖြင့် အောက်ပါအတိုင်း မှတ်ချက်စကားဆိုလေသည်။

“ပွိုင့်ကျတဲ့လမ်းကြောင်းတွေမှာ စောင့်ကြည့်တာတွေ ပြန်လုပ်စေချင်တယ်။ အခုက မြို့ဝင်၊ မြို့ထွက်ဂိတ်တွေ ပြန်ဖြုတ်လိုက်တာတွေက ကျန်တဲ့မြို့တွေမှာ ဖြုတ်ပေမယ့် ကော့သောင်းလို နယ်စပ်မြို့တွေမှာတော့ မဖြုတ်သင့်သေးဘူးလို့ ယူဆပါတယ်” ဟုဆိုလေသည်။

ကျော်သူစိုး