၀က်အပြင်းဖျားရောဂါဂယက်ကြောင့် ဝက်သားရောင်းအား ထက်ဝက်ကျ

0
402

အာဖရိက ဝက်အပြင်းဖျားရောဂါဂယက်ကြောင့် ထားဝယ်တွင် ဝက်သားရောင်းအား ထက်ဝက်ခန့်လျော့ကျလာကြောင်း ဝက်သားရောင်းချသူအချို့ထံမှ သိရသည်။

တစ်ရက်လျှင် ဝက်သား ၁၅ ပိဿာ ရောင်းချနေရာမှ ငါးပိဿာမှ ၁၀ ပိဿာခန့်သာ ရောင်းရတော့သည်ဟု ထားဝယ်မြို့ ကမ်းနားဈေးတွင် ဝက်သားရောင်းသူ ဒေါ်ညိုက ပြောသည်။

ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ

“အဲဒီရောဂါနဲ့ ဝေဝေဝါးဝါး ပြောနေကတည်းက လူတွေ မဝယ်စားကြဘူး။ တစ်ချို့က အဲလိုမျိုး သတင်းတွေကြားလို့ အစ်မတို့မှာ အရောင်းအဝယ်တော့ အေးသွားတယ်” ဟု ဒေါ်ညိုက ပြောသည်။

ဝက်သားရောင်းအားကျဆင်းလာသည်မှာ တစ်လနီးပါးခန့်ရှိပြီး ဝက်သားဝယ်ယူရန် ခေါ်ဆိုပါက ဝက်သားရှောင် ထားသည်ဟု ပြောဆိုမှုများရှိနေသည်။ သို့သော် ဆရာဝန်များကမူ ဝယ်နေကျအတိုင်း ပုံမှန်လာရောက်ဝယ်ယူအားပေး နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဝက်သား အဝယ်ကျလာသော်လည်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်တစ်သောင်းမှ တစ်သောင်းနှစ်ထောင်အထိ ပုံမှန်အတိုင်းရှိသည်။

ဇူလိုင်လ ၁၀ ရက်က မြိတ်မြို့ရှိ ချောင်းမြောင်းများအတွင်း ဝက်သေအချို့ကို စွန့်ပစ်ထားမှုများဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူများက သေဆုံးနေသည့် ဝက်သေများ၏ ဓာတ်ခွဲနမူနာများကို ရန်ကုန်သို့ ပေးပို့စစ်ဆေးခဲ့ရာ အာဖရိကဝက်အပြင်းဖျား ရောဂါပိုးကြောင့် သေဆုံးခြင်းမဟုတ်ဘဲ ရာသီအကူးအပြောင်းကာလတွင် သာမန်သေဆုံးခြင်းသာဖြစ်ကြောင်း မြိတ်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာကေသီမောင်က တနင်္သာရီအပတ်စဉ်သို့ ပြီးခဲ့သည့်အပတ်က ပြောဆိုထားသည်။

သို့သော် ဇွန်လနှောင်းပိုင်းက ဧရာဝတီတိုင်း၊ ပုသိမ်၊ ဖျာပုံ၊ ဓနုဖြူမြို့နယ်မှ ဝက်များအစာစားရင်း လဲကျသေဆုံးခြင်း၊ အချို့မှာ အိပ်နေစဉ် သေဆုံးခြင်းများဖြစ်နေပြီး ယင်းကို အာဖရိကဝက် အပြင်းဖျားရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ပညာရှင်များက အတည်ပြုပြောကြားထားသည်။

ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ

ယခင်က ဝက်သားကို သိပ်မဝယ် စားဖြစ်သော်လည်း ယခုကဲ့သို့ ဝက်အပြင်းဖျားရောဂါဖြစ်ပြီး ဝက်များသေဆုံးနေသည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ဝက်သားကို လုံးဝမဝယ်စား ဖြစ်တော့ကြောင်း ထားဝယ်မြို့နယ်၊ ရှင်မုတ္တီးကျေးရွာမှ ဒေါ်မိုးမိုးခိုင်က ပြောသည်။

“အရင်ကတည်းကလည်း အိမ်မှာ သွေးတိုးသမားတွေ ဘာတွေလည်းရှိတော့ မနည်းကြာမှ တစ်ခါ ဝယ်စားဖြစ်တယ်။ အခုဆိုပြောသံကြားနေတယ် မဟုတ်လား၊ ဝက်တုပ်ကွေးတွေဖြစ်နေတယ်ဆိုပြီး။ အဲ့ဆိုတော့ ဝယ်စားလို့ ပိုပြီးမဖြစ်တော့ဘူးပေါ့” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင်လည်း ဝက်အပြင်းဖျားရောဂါ ကူးစက်လျက်ရှိကြောင်း သတင်းဌာန အချို့တွင် ဖော်ပြထားသည်။

မိုးမြင့်