ကိုဗစ်ကာလ နိဗ္ဗာန်ဆော် တစ်ဖွဲ့ ၁၅ ဦးထက် မပိုရ

0
784
ဝါတွင်းကာလ ဘုန်းကြီးကျောင်းများ လူများပါက အသုတ်လိုက် သီလပေးရန် မေတ္တာရပ်ခံ

ကိုဗစ်ကာလ ဝါတွင်းတွင် နိဗ္ဗာန်ဆော်အဖွဲ့များကို ပုံမှန်အတိုင်း အလှူခံထွက်ခွင့်ပြုမည်ဖြစ်သော်လည်း တစ်ဖွဲ့ ၁၅ ဦးထက် မပိုရန်ကဲ့သို့သော ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာရမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။

ထားဝယ်ဒေသတွင် ဝါတွင်းကာလ၌ အပတ်စဉ် အဖိတ်နေ့နှင့် အကြိုအဖိတ်နေ့(တောဖိတ်)တို့တွင် နာမည်ကြီးဘုရားများ၊ ဘုန်းတော်ကြီးကျောင်းများ၏ ဝေယျာဝစ္စအတွက် ဥပါသကာအဖွဲ့ များက အလှူခံထွက်လေ့ရှိသည်။

ထို့အပြင် ရပ်ကွက်/ကျေးရွာအလိုက် ဥပါသကာအဖွဲ့များလည်း ရှိသေးသည်။

လာမည့် ဝါတွင်းကာလတွင် နိဗ္ဗာန်ဆော်အဖွဲ့တွင် လိုက်ပါအလှူခံမည့် ဥပါသကာအရေအတွက်ကို ၁၅ ဦးထက် မပိုစေရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေခြား နေရန်၊ နှာခေါင်းစည်းတပ်ဆင်ရန် အစရှိသည့် ကျန်းမာရေးညွှန်ကြားချက်များအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။

“အလှူခံနဲ့ ပတ်သက်ပြီးတော့ အခုလက်ရှိကတော့ လာတင်တဲ့သူမှန်သမျှ အကြောင်းကြားထားတယ်။ သက်ဆိုင်ရာ သာသနာရေးကလည်း သူတို့ကို (နိဗ္ဗာန် ဆော်အဖွဲ့များ) ပြောပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ဥပါသကာများတွင် နှာခေါင်းစည်းအပြင် မျက်နှာကာတပ်ဆင်နိုင်က ပိုကောင်းမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။

ဝါတွင်းကာလအလှူခံရာတွင် တိုင်းနှင့် ပြည်နယ်ကျော် အလှူခံအဖွဲ့များကို လာရောက်ခွင့်မပြုဘဲ ခရိုင်အတွင်း အလှူခံအဖွဲ့များကိုသာ လက်ခံကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီတင်းဆောက်တည်ရန်အတွက် သီလပေးရာတွင် လူများနေပါက အသုတ်လိုက်ပေးရန် မေတ္တာရပ်ခံထားကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။

ထားဝယ်ဒေသတွင် ဝါတွင်းကာလ၌ အလှူခံထွက်သည့် နိဗ္ဗာန်ဆော်အဖွဲ့ ပေါင်း ဆယ်ချီရှိသည်။

ကိုဇော်