Grade-11 သင်ရိုးဟောင်း ဘာသာတွဲပြောင်းလဲခွင့်ကို တစ်ကြိမ်သာခွင့်ပြုမည်

0
917

Grade-11 (ဒသမတန်း) သင်ရိုးဟောင်း ဘာသာတွဲပြောင်းလဲခွင့်ကို တစ်ကြိမ်သာ ပြောင်းလဲဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက တိုင်းပညာရေးမှူးရုံးသို့ ဇူလိုင်လ ၂၄ ရက်နေ့က အကြောင်းစာပေးပို့ထားသည်။

ဒသမတန်းသင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ပင်ရင်းဘာသာရပ် သုံးခုနှင့် စိတ်ကြိုက်ဘာသာရပ် သုံးခုပါဝင်သော ဘာသာတွဲရှစ်တွဲဖြင့် စစ်ဆေးကျင်းပမည်ဖြစ်ပြီး မိမိတို့ စိတ်ပါဝင်စားသည့် ဘာသာတွဲအား ရွေးချယ်သင်ယူခွင့် ရှိကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ဘာသာတွဲ ရှစ်တွဲအနက် တစ်ခုခုကို ရွေးချယ်ဖြေဆိုရန် လျှောက်လွှာတင်သွင်းပြီးသော ဘာသာတွဲမှ အခြားဘာသာတွဲကို ပြောင်းလဲဖြေဆိုလိုပါက ကြိုတင် လျှောက်ထားရမည်ဖြစ်သည့်အပြင် တစ်ကြိမ်သာ ပြောင်းလဲဖြေဆိုခွင့်ပြုမည် ဟု ညွှန်ကြားစာတွင် ဖော်ပြပါရှိသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဘာသာတွဲပြောင်းလဲဖြေဆိုခွင့်ကို ယခင်ကတည်းက ခွင့်ပြုပေးထားသော်လည်း အထက်ပါညွှန်ကြားစာကို မည်သည့်ရည်ရွယ်ချက်ဖြင့် ထုတ်သည်ကိုမူ မသိရကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“တစ်နှစ်လုံးမှာ ဒီစာချည်းပဲ သင်လာပြီးမှ စာမေးပွဲဖြေခါနီးမှ နောက်စာတစ်မျိုးနဲ့ ဖြေရမယ်ဆို ဘယ်သူမှ ပိုင်ပိုင် နိုင်နိုင် ဖြေနိုင်မှာ မဟုတ်ဘူး၊ ဆိုလိုတာက ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ဖို့အတွက်ပဲ သူက ရည်စူးပြီး ထုတ်တာဖြစ်လိမ့်မယ်။ အကြိမ် ကြိမ်ပြောင်းနေတယ်ဆိုရင် ကလေးက စာနောက်ကျမှာပေါ့နော်။ ဘာသာတွဲ ဟိုဘက်ကူးလိုက် ဒီဘက်ကူးလိုက်ဆိုရင် မပိုင်နိုင်တဲ့စာတွေ များလာမှာစိုးလို့။ ဒီလိုပဲဖြစ်လိမ့်မယ်” ဟု ဒေါ်မြင့်စိန်က ပြောသည်။

အခြေခံကျောင်းများတွင် ထားဝယ်စာသင်ကြားရေး အဆင့်လေးဆင့် ဖြတ်ရန် ကျန်

ယင်းအပြင် သင်ရိုးသစ် ဒသမတန်း (Grade-10) တွင် ဘာသာတွဲလေးခုအနက် နှစ်သက်ရာဘာသာတွဲတစ်ခုကို ရွေးချယ်သင်ယူနိုင်ပြီး ထိုဘာသာတွဲကို မသင်ယူလိုပါက ကျောင်းဖွင့်ပြီး တစ်လအတွင်း ဘာသာတွဲပြောင်းခွင့်ပြုရန်အတွက် အခြေခံပညာဦးစီးဌာနက အမျိုးသားပညာရေးမူဝါဒကော်မရှင်သို့ တင်ပြထားဆဲဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး(ပညာ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနောင်က ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တနင်္သာရီတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၂၃၆၈၆ ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

မိုးမြင့်