နိုင်ငံရေး ချန်ပီယံများနှင့် ရပ်ဝန်း

0
847

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်တင်သွင်းရန် ရက်နီးကပ်လာသည်နှင့်အမျှ ကိုယ်စားလှယ်လောင်း ရှာဖွေသံလည်း တညံညံ ထွက်လာသည်။

အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်း ဦးစွာ ထွက်ရှိလာသည်။ NLD ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များကို ယခု သက်တမ်းအတွင်း အားမလိုအားမရ ဖြစ်မှုများ ရှိသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းစာရင်းမှာ အပြောင်းအလဲ ကြီးကြီးမားမားမရှိဘဲ ထွက်ပေါ်လာသည်။

မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှု ၁၀ နှစ်တာကာလအတွင်း လူအများ က လွှတ်တော် နိုင်ငံရေးကို ပိုမိုစိတ်ဝင်စားလာသော်လည်း ဦးဆောင်သူများ၊ လွှတ်တော်အတွင်းမှ ကစားသမားများကို အားမလိုအားမရရှိဆဲ ဖြစ်သည်။

အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် အပြောင်းအလဲကို ဖော်ဆောင် နိုင်သော ချန်ပီယံနိုင်ငံရေးသမားများ လုံလုံလောက်လောက် မရှိဘဲ ခရီးဆက် နေရဆဲ ဖြစ်သည်။

အာဏာရ ပါတီတွင်း သော်လည်းကောင်း၊ အခြားနိုင်ငံရေး ပါတီများတွင် သော်လည်းကောင်း ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားများစွာ မရှိလှပါ။

တနင်္သာရီတိုင်းဒေသကြီးတွင် နိုင်ငံရေးရပ်ဝန်းပြင်ပ၌ စွမ်းဆောင်နိုင်သော လူပုဂ္ဂိုလ် အတော်အသင့်ရှိသော်လည်း ပါတီနိုင်ငံရေး ရပ်ဝန်းအတွင်းဝင်ရောက် လာသည်ကို များစွာ မတွေ့ရပေ။

မည်သို့သော အရေးအရာကိစ္စ ဖြစ်စေကာမူ နောက်ဆုံး အဆုံးအဖြတ်သည် နိုင်ငံရေးအာဏာတွင်သာ တည်ရာ နိုင်ငံရေး ရပ်ဝန်းအတွင်း အပြောင်းအလဲပေး နိုင်သော ချန်ပီယံများ ရှိမှသာလျှင် သိသာသော အပြောင်းအလဲ ပေါ်ထွန်းမည် ဖြစ်သည်။

ထိုကြောင့် နိုင်ငံရေးနယ်ပယ်အတွင်း စွမ်းဆောင်နိုင်သူများ ပေါ်ထွန်းလာ ရေး ၁) နိုင်ငံရေးရပ်ဝန်းတွင် လူတော်၊ ချန်ပီယံတို့ ရပ်တည်ပျော်မွေ့ရေး ပလက်ဖောင်းနှင့် ဝန်းကျင်ကောင်းများ အတူတကွ ဖန်တီးကြရန်၊ ၂) မျိုးဆက် သစ်များကို ပိုမိုမွေးမြူပခုံးထမ်းတင်ရန် အရေးတကြီးလိုအပ်ပါကြောင်း အလေးပေးဖော်ပြလိုပါသည်။

အယ်ဒီတာ (ဇူလိုင် ၂၅၊ ၂၀၂၀)