ဂျင်းစားခရု များပြားလာခြင်းကြောင့် ဂျင်းမွေးမြူသူများ အခက်ကြုံ

0
687

ဂျင်းဟုဒေသခံများခေါ်သည့် ဂုံးကောင်များအား သတ်ဖြတ်စားသောက်လေ့ရှိသည့် ဂျင်းစားခရု ယခုနှစ်တွင်ပိုမို များပြားလာသည့်အတွက် အခက်ကြုံနေရကြောင်း ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာနေ ဂျင်းမွေးမြူသူများထံမှ သိရသည်။

ဂျင်းစားခရုများသည် ဂျင်းသားပေါက်သည့်နေရာများတွင် ယခင်ကတည်းကအနည်းအကျဉ်းနေထိုင်ကျက် စားလေ့ရှိသော်လည်း ယခုနှစ်ဂျင်းသား ပေါက်ရာသီတွင်မူ ၎င်းခရုများထူးထူး ခြားခြားများပြားလာကြောင်း ယင်းရွာသားများကဆိုသည်။

ယင်းသို့များပြားလာသည့်အတွက် ရွာသားများအား ခရုတစ်ကီလိုလျှင် ကျပ်တစ်ထောင်အခကြေးငွေပေးကာ ကောက်ရှင်းခိုင်းနေရကြောင်း ရေကန်တောင်ကျေးရွာနေအစုအဖွဲ့ပိုင် ဂျင်းမွေးမြူရေးလုပ်ကိုင်သူ ဦးလှဝေက ပြောပြသည်။

“တစ်နေ့ကို လူတစ်ဆယ်လောက်နဲ့ ကောက်တာ ကီလိုနှစ်ရာလောက်ရတယ်” ဟု၎င်းက ပြောသည်။

ကောက်ယူရရှိသည့် ခရုများကို ကျေးရွာနေလူအချို့ ကြော်လှော်စားသုံးကြသော်လည်း ယင်းခရုများသည် ဈေးကွက်တွင် ရောင်းတန်းမဝင်ကြောင်း ဦးလှဝေက ဆိုသည်။

“အရေးကြီးတာက ဒီခရုတွေကိုဖယ် ရှားပစ်ဖို့ပဲ။ အဲဒီလိုမလုပ်နိုင်ရင်တော့ ဆုံးရှုံးမှု တော်တော်များလိမ့်မယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

ရေကန်တောင်ကျေးရွာအနီး ရွှံ့သောင်ပေါ်ရှိ မြေဧကနှစ်ရာခန့်တွင် ယင်းကျေးရွာအုပ်စုနေရွာသားလေးရာခန့်မှ ငွေအရင်းအနှီး စိုက်ထုတ်ကာဂျင်းသား ပေါက်များဝယ်ယူ၍အစုအဖွဲ့ပိုင် မွေးမြူရေးလုပ်ကိုင်လျက်ရှိသည်။ အိမ်ထောင်စုတစ်ခုလျှင် ကျပ်တစ်သိန်း စိုက်ထုတ် ကြသည်။

ဂျင်းသားပေါက်များကို နှစ်စဉ်ဒီဇင်ဘာလမှ စတင်စိုက်ထည့်မွေးမြူပြီး နောက်နှစ်နိုဝင်ဘာ၊ ဒီဇင်ဘာလ ရောက်သည့်အချိန်တွင် ပြန်လည်ရောင်းချကြောင်း ဂျင်းမွေးမြူသူများက ပြောပြသည်။

အရွယ်ရောက်ပြီးသည့်ဂျင်းများကို ပြည်တွင်းဈေးကွက်နှင့် ထိုင်းနိုင်ငံတို့မှလည်း လာရောက်ဝယ်ယူနေကြပြီး လက်ရှိတစ်ကီလို သုံးထောင်ငါးရာကျပ် ဈေးပေါက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဂျင်းခေါ် ဂုံးကောင်များသည် ကျွန်းစုမြို့နယ်အတွင်းရှိ ရွှံ့သောင်များတွင် သဘာဝအလျောက်ပေါက်ဖွားလျက်ရှိပြီး ကောက်ယူသူများပြားခြင်း၊ ဒီရေတောအချို့ ပျက်စီးမှုရှိလာခြင်းကြောင့် တစ်စစရှားပါးလာပြီး လက်ရှိအချိန်တွင် နီးစပ်ရာရွာသားများက အစုအဖွဲ့ပိုင်ပြုလုပ်ကာ ထိန်းသိမ်းမွေးမြူကြခြင်း ဖြစ်သည်။

ကိုဆန်း