မြိတ်မီးလင်းရေးကုမ္ပဏီ မြေယာလုပ်ပိုင်ခွင့် မရသေးဟုဆို

0
367

ဇူလိုင်လ ၁၉ ရက်နေ့မှစ၍ မြိတ်မြို့တွင် လျှပ်စစ်မီးပေးနေသည့် Petro & Trans မီးလင်းရေးကုမ္ပဏီသည် လက်ရှိအချိန်တွင် မြေနေရာလုပ်ပိုင်ခွင့် မရရှိသေးကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

တိုင်းအစိုးရနှင့် စာချုပ်ချုပ်ဆိုထားသည့်အတိုင်း မြိတ်မြို့နယ်အား HFO စက်ကြီးများဖြင့် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရန် Petro & Trans ကုမ္ပဏီမှ မြေ ၄ ဒသမ ၈၅ ဧကကို ကလွင်ကျေး ရွာအုပ်စုအတွင်း လျာထားခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ လျှပ်စစ်ဖြန့်ဖြူးရေး၊ အထွေထွေမန်နေဂျာ ဦးတင်ထွန်းဦးက ပြောသည်။

“စာချုပ်မှာပါတဲ့တည်နေရာဟာ လယ်ယာမြေ ဖြစ်နေပါတယ်။ ဒါကြောင့် အခြားနည်းအသုံးပြုခွင့် ဆောင်ရွက်ပြီးမှသာလျှင် ဖြန့်ဖြူးခွင့် ပြုမယ်ဆိုပြီး ညွှန်ကြားလာပါတယ်” ဟု၎င်းက ပြောသည်။

မြိတ်မြို့နယ်အတွက် HFO လောင်စာဖြင့် အသုံးပြုပြီး ၂၀ မဂ္ဂါဝပ် လျှပ်စစ်ဖြန့်ဖြူးရန် ခွင့်ပြုချက်ရရှိထားပြီး လက်ရှိ ကိုဗစ်ကာလအခက်အခဲကြောင့် ပြည်ပတွင်ဝယ်ယူထားသည့် ယင်းစက်များ သွားရောက်သယ်ယူရန် အခက်အခဲဖြစ်လျက်ရှိနေကြောင်း ဦးတင်ထွန်းဦးက ဆိုသည်။

လယ်ယာမြေပေါ် အခြားနည်း အသုံးပြုခွင့် ရလျှင်တည်ဆောက်ရေး လုပ်ငန်းချက်ချင်းဆောင်ရွက်မည်ဖြစ်ပြီး အစောဆုံး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် HFO စက်ကြီးများဖြင့် မြိတ်မြို့တွင် လျှပ်စစ်ဖြန့်ဖြူးရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောဆို သည်။

ယင်း ကုမ္ပဏီသည် တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် လျှပ်စစ်မီးပေးရန် တိုင်းအစိုးရတွင် တင်ဒါအောင်မြင်ထားပြီး လက်ရှိအချိန်တွင် ယင်းကုမ္ပဏီအနေဖြင့် မြိတ်တောင်ကျေးရွာ၊ ကုန်းဖောက်ရပ်ကွက်ရှိ မြေတစ်ဧကကျော်တွင် ဒီဇယ်အင်ဂျင်စက်များ အသုံးပြုကာ မြိတ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိသည်။