ကော့သောင်းမှ လူကုန်တား ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးစစ်ဆေး

0
462

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့မှ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုမှူး(ကော့သောင်း) ရဲမှူးမြင့်စိုးက ပြောသည်။

ထိုင်းနိုင်ငံမှ တရားဝင် ဝင်ရောက်လာသူများကို ကွာရန်တင်းမဝင်ခိုင်းဘဲ ကားဂိတ်သို့ ပို့ဆောင်ခဲ့ရာတွင် ပွဲစားနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဇူလိုင်လ ၁၇ ရက်က ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြလာသောကြောင့် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း ရဲမှူးမြင့်စိုးက ပြောသည်။

“တိုင်ကြားထားတာမျိုး မဟုတ်ပါဘူး။ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး ဖေ့စ်ဘုတ်မှာ တင်ထားတာနဲ့ပတ်သက် ပြီးတော့မှ စစ်ဆေးဆောင်ရွက်နေတာပါ” ဟု အထက်ပါ ရဲမှူးက ပြောသည်။

ဖမ်းဆီးစစ်ဆေးခံနေရသည့် ရဲအုပ်သည် ကားသမားများနှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်သည်ကိုမူ ရဲမှူးက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

အဆိုပါ ရဲအုပ်အား စစ်ဆေးထားချက်များကို နေပြည်တော်ရှိ လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နှင်းရေးရဲတပ်ဖွဲ့ ထံ ဇူလိုင်လ ၂၃ ရက်က တင်ပြထားကြောင်း ရဲမှူးက ပြောသည်။

လက်ရှိတွင် စစ်ဆေးခံရသည့် ရဲအုပ်အား ကော့သောင်းမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ကားသမားနှင့် တရားမဝင် ဝင်ရောက်လာသူများမှာမူ ဘုတ်ပြင်းမြို့တွင် ကွာရန်တင်းဝင်နေကြောင်း ရဲမှူးမြင့်စိုးက ပြောသည်။

ကွာရန်တင်းကာလပြီးပါက ကား သမားကိုမူ အမှုဖွင့်မည်ဖြစ်ပြီး တရားမဝင် ဝင်လာသူများကိုမူ အရေးယူရန်မရှိကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုမှူး(ကော့သောင်း) ထံမှ သိရသည်။

ကျော်သူစိုး