ကိုဗစ်ကပ်ဘေးအကြား မှောင်ခို KTV ဆိုင်များ

0
494

ကိုဗစ်ကပ်ဘေးကြောင့် KTV ဆိုင်များ ပိတ်ထားရန် ပြီးခဲ့သည့် မတ်လအတွင်း တိုင်းအစိုးရက ညွှန်ကြားထားသည်။

ထို့အပြင် ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် KTV ဆိုင်၊ Bar၊ နိုက်ကလပ်များ ဖွင့်လှစ်မှုမရှိစေရေး အလေးထားစိစစ်ကြပ်မတ်ရန် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇူလိုင်လ ၂၁ ရက်နေ့တွင် ထပ်မံညွှန်ကြား ထားသည်။

သို့ရာတွင် ထားဝယ်မြို့ရှိ KTV ဆိုင်အားလုံးနီးပါးက ထိုညွှန်ကြားချက်နှင့် ဆန့်ကျင်ကာ ပေါ်ပေါ်တင်တင်ပင် ဖွင့်လှစ်နေသည်။

တနင်္သာရီအပတ်စဉ်၏ စုံစမ်းချက်အရ ဇူလိုင်လ ၂၃ ရက်ညက ထားဝယ်မြို့သစ် ဧရိယာအတွင်းရှိ KTV ဆိုင် ၆ ဆိုင် ဖွင့်လှစ်ထားသည်။

ယင်းဆိုင်များဖွင့်ထားသည်မှာ တစ်လကျော်ပြီဖြစ်ကြောင်း KTV ဆိုင်များသို့ အမြဲသွားလေ့ရှိသည့် အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါဆိုင်အများစုတွင် နီယွန်မီးများထွန်းထားကြပြီး ဧည့်သည်များ၏ ကား၊ ဆိုင်ကယ်များကို အပြင်မှ မမြင်နိုင်သည့်နေရာတွင် ရပ်နားစေသည်ကို တွေ့ရသည်။

ဆိုင်အနည်းငယ်ကမူ အပြင်တွင် မီးပိတ်ထားပြီး တံခါးကို အသေပိတ်ထားသည်။

သို့ရာတွင် ဆိုင်အတွင်းတွင် လူပြည့်နေလေ့ရှိကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

“တချို့ KTV တွေက ပေါ်တင်ပဲဖွင့် ထားတယ်။ တချို့ကတော့ အပြင်က ကြည့်ရင်ဖွင့်ထားမှန်းမသိဘူး အထဲမှာတော့ လူပြည့်နေတယ်” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ခိုးဖွင့်နေသည့် KTV ဆိုင်များမဖွင့်စေရေး တာဝန်ရှိသူများက စစ်ဆေးကြပ်မတ်ရန်နှင့် စစ်ဆေးတွေ့ ရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူရန် အမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားထားသည်။

သို့ရာတွင် ထားဝယ်မြို့ရှိ ခိုးဖွင့်နေသည့် KTV ဆိုင်များကို ဇူလိုင် ၂၃ ရက်အထိ စိစစ်အရေးယူမှုမျိုး မတွေ့ရပေ။

KTV များ ယာယီပိတ်ထားရန် စာထုတ်ထားပြီး ခိုးဖွင့်နေပါက သတင်းပို့ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားကြောင်း ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ဆိုသည်။

လက်ရှိတွင် သတင်းပို့ခြင်းမရှိသဖြင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးကို ခေါ်ယူသတိပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့လည်း ရှောင်တခင်တော့ စစ်တယ်။ စစ်တဲ့အချိန်တော့ သူတို့ မဖွင့်ဘူးပေါ့လေ။ အခုလည်း ထပ်စစ်ပေးမယ်” ဟု ဦးအောင်ဆန်းဝင်းက ဆို သည်။

KTV ဆိုင်များတွင် အသံလုံခြုံမှုရှိစေရန်၊ အခန်းတွင်း ဝင်/ထွက်သည့် တံခါးရွက်တိုင်း၌ တစ်ပေပတ်လည်ရှိ မှန်အကြည်များ တပ်ဆင်ရန်၊ သီချင်းဆို အခန်းအတွက် စားပွဲထိုး အကူသီဆိုဖျော်ဖြေရန် အမျိုးသမီးများ မထားရှိရန်၊ လုံလောက်သော မီးအလင်းရောင်ထားရှိရန်နှင့် ည၁၁ နာရီအထိသာ ဖွင့်လှစ်ရန်အစရှိသည့် စည်းကမ်းချက် ၂၁ ချက်ကို တိုင်းအစိုးရက ထုတ်ပြန်ခဲ့ဖူးသည်။

သို့ရာတွင် KTV ဆိုင်အားလုံးတွင် မိန်းကလေးများခေါ်ယူနိုင်ပြီး ခေါ်ထိုင်ခအတွက် တစ်နာရီလျှင် ကျပ်သုံးထောင်မှ ကျပ်ငါးထောင်အထိ ပေးရသည်။

မြိတ်တွင် ကိုဗစ်ကပ်ဘေးကာလအတွင်း ဖွင့်လှစ်ခဲ့သည့် KTV ဆိုင် ၃ ဆိုင်ကို မတ်လအတွင်းက ဖမ်းဆီးအရေး ယူခဲ့ဖူးသည်။