ကိုဗစ်ကာလ အလုပ်ရှာဖွေသူ မြင့်တက်

0
522

ထားဝယ်မြို့ အာဇာနည်လမ်းမပေါ်ရှိ ဖုန်းအော်ပရေတာ အရောင်းပြခန်း တစ်ခုအရှေ့တွင် ဇူလိုင်လ ၂၁ ရက်က ရာနှင့်ချီသော လူအုပ်တစ်ခု တိုးဝှေ့အလုပ်လျှောက်နေကြသည်။

အဆိုပါ ဖုန်းအော်ပရေတာ၏ မီတာဘေဝန်ဆောင်မှုအသစ်အတွက် ခန့်ထားမည့် ကွင်းဆင်းဝန်ထမ်း ၁၅၀ ဦးအတွက် တိုးဝှေ့အလုပ်လျှောက်နေကြခြင်း ဖြစ်သည်။

စုစုပေါင်းလျှောက်ထားသူ ခြောက်ရာကျော်ရှိကြောင်း အဆိုပါဖုန်းအော်ပရေတာ အရောင်းပြခန်း ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ မီတာဘေဝန်ဆောင်မှုအတွက် အလုပ်လျှောက်သူအချို့ကို မေးမြန်းကြည့်ရာ အလယ်တန်းကျောင်းသူ၊ ကျောင်းသားများ၊ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ၊ မူကြို ဆရာမနှင့် ကျေးလက်နေသူများ စသည်ဖြင့် နယ်ပယ်စုံ နေရပ်စုံမှ ဖြစ်သည်။

လျှောက်လွှာမရတော့သဖြင့် ပြန်သွားရသူများလည်း ရှိသည်။

ထို့အတူပင် အစိုးရဌာနဆိုင်ရာ အလုပ်များအတွက်လည်း အလုပ်လျှောက်ထားသူများ မြင့်တက်လာနေကြောင်း တနင်္သာရီတိုင်း အလုပ်သမားဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်မိုးမိုးသွင်က ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က အလုပ်သမားဦးစီးဌာနတွင် တာဝန်ထမ်းဆောင်မည့် အငယ်တန်းစာရေးရာထူးအတွက် လျှောက်ထားသူတိုင်းအတွင်း ခြောက်ဦးသာရှိခဲ့သော်လည်း ယခုနှစ်ကိုဗစ်ကာလ အတွင်းခေါ်ယူသည့် အငယ်တန်းစာရေး ရာထူးအတွက် လျှောက်ထားသူ ကိုးဆယ်ကျော် (၉၂ ဦး) အထိ တိုးလာကြောင်း ၎င်းက ပြောသည်။

ကိုဗစ်ကာလအတွင်း တိုင်းအတွင်းရှိ အလုပ်သမားလျှော့ချခြင်း၊ ယာယီ အလုပ်ရပ်ဆိုင်းမှုတို့ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူအပြင် ထိုင်း၊ မလေးရှား နိုင်ငံတို့ဘက်မှ ပြန်ဝင်လာသူရှိလာသဖြင့် အလုပ်ရှာဖွေသူများ တိုးလာခြင်းဖြစ်ကြောင်း ဒေါ်မိုးမိုးသွင်က ပြောသည်။

ယင်းကဲ့သို့ အလုပ်လိုအပ်သူမြင့်မားလာနေချိန်တွင် တစ်ဘက်မှ စီးပွားရေးလုပ်ငန်းရှင်များမှာလည်း ကိုဗစ်အရှိန်ကြောင့် လုပ်ငန်းအသစ် မစနိုင်ခြင်း၊ လုပ်ငန်းချဲ့ထွင်မှု မရှိခြင်းတို့ကြောင့် အလုပ်ခေါ်ယူသူနည်းပါးနေကြောင်း ၎င်းက ပြောသည်။

“အခုချိန်မှာ Demand နဲ့ Supply (အလုပ်သမားလိုအပ်ချက်နဲ့ ခန့်ထားမယ့်ဦးရေ)က မမျှဘဲ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်ဒေသ အလုပ်များမျှဝေရာ ( Jobs in Dawei) Facebook Group အတွင်းတွင်လည်း ကိုဗစ်ကာလအတွင်း အလုပ်ရှာဖွေသူအဖွဲ့ဝင်များ ရုတ်တရက်များလာကြောင်း ယင်း Facebook Group ကို ကိုင်တွယ်သူက ပြောသည်။

ယင်း Facebook Group တွင် အလုပ်ရှာဖွေသူများမှာ အသက် ၁၈နှစ်မှ ၂၄ အရွယ်က အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ၂၅ နှစ်မှ ၃၄ နှစ်အရွယ်များဖြစ်ကြောင်း သိရသည်။

ကျော်သူစိုး