ဓားသွေးကျောက် နှစ်လောင်းပြိုင်လူသတ်မှု လူလေးဦးကို ဖမ်းဆီး

0
1119

ထားဝယ်မြို့နယ်ရှိ ဓားသွေးကျောက် ကျေးရွာတွင်ဖြစ်ပွားသည့် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူလေးဦးကို ဖမ်းမိထားသည်ဟု တနင်္သာရီတိုင်း ဒုတိယရဲတပ်ဖွဲ့ မှူးက ပြောကြားသည်။

အဆိုပါကျေးရွာရှိ နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်စဉ်၌ အဓိကတရားခံ ၂ ဦးနှင့် ဆက်စပ်တရားခံ ၂ ဦးကို ယခုလလယ်ပိုင်းတွင် ဖမ်းမိထားကြောင်း ၎င်းက ဆိုသည်။

၎င်းတို့ကို စစ်ဆေးချက်များအရ အဓိကကျသည့်တရားခံ၏ ဖခင်သေဆုံးသည့်ကိစ္စအပေါ် ပုဂ္ဂိုလ်ရေးအမုန်းတရားကြောင့် လူငှားကာ သတ်ဖြတ်ခိုင်းသည်ဟု ထွက်ဆိုထားကြောင်း ဒုတိုင်း ရဲတပ်ဖွဲ့မှူးက ပြောသည်။

အညာဖျားကျေးရွာအုပ်စုရှိ ဓားသွေးကျောက်ကျေးရွာတွင် ဇူလိုင်လ ၁၂ ရက် နံနက်စောစောအချိန်က အသက် ၇၈ နှစ်အရွယ်နှင့် ၃၈ နှစ်အရွယ် သားအဖနှစ်ဦးကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသည်။

လက်ရှိဖမ်းဆီးထားသူ ၄ ဦးအပြင် အဓိကတရားခံ ၂ ဦးကို ဖမ်းဆီးရန်ကျန်နေသေးကြောင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။

“အဓိကကျတဲ့ တရားခံ ၂ ဦးကိုလည်း ဖမ်းဆီးအရေးယူဆောင်ရွက်နိုင် ရေးအတွက် အပူတပြင်း ဆောင်ရွက် လျက် ရှိပါတယ်။ မကြာခင်ဖမ်းဆီးရမိမှာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့အချိန်မှာ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်” ဟု ဒုတိုင်း ရဲတပ်ဖွဲ့မှူးက ဆိုသည်။

အခင်းဖြစ်ပွားသည့်နေအိမ်တွင် သေဆုံးသူနှစ်ဦးအပါအဝင် မိသားစုဝင် ၉ ဦးနေထိုင်ကြကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အခင်းဖြစ်ညက မိသားစုဝင်များ အိပ်ပျော်နေစဉ် ဆိုင်ကယ်သံကြားသည့်အတွက် သေဆုံးသွားသည့် အသက် ၃၈ နှစ်အရွယ်အမျိုးသားက အိမ်အောက်သို့ ဆင်းကြည့်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထိုသို့ဆင်းကြည့်ရာ သေနတ်ပစ်သံ ၈ ချက်ခန့်ကြားရပြီး ထိုအမျိုးသားမှာ သေနတ်ထိမှန်သွားပြီး ဇနီးဖြစ်သူကို ပြေးခိုင်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဇနီးဖြစ်သူနှင့်အတူ အငယ်ဆုံး ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထွက်ပြေးကြပြီး အသက် ၇၈ နှစ်အရွယ်အမျိုးသားက မပြေးနိုင်သဖြင့် နေအိမ်တွင် ကျန်ရစ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အသက် ၇၈ နှစ်အရွယ် အမျိုးသားနှင့်အတူ အခြားကလေး ၂ ဦးက အိမ်တွင် ကျန်ရစ်ခဲ့ပြီး အဆိုပါ အမျိုးသားကို ပစ်သတ်သွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဆိုင်ကယ်မောင်းထွက်သွားသည့် အသံကြားသဖြင့် ဇနီးဖြစ်သူက နေအိမ်သို့ ပြန်လာချိန်တွင် ခင်ပွန်းဖြစ်သူနှင့် ယောက္ခမဖြစ်သူတို့မှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားသည်။