ကိုဗစ်ကာလ အောက်လမ်းက အိမ်အပြန်

885
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အခုတလော ခိုးဝင်၊ ခိုးဝင်ဆိုတဲ့ ပြောဆိုသံတွေ ခပ်စိပ်စိပ်ရှိလာပါတယ်။ နယ်စပ်ဂိတ်ကို တရားမဝင် နည်းလမ်းနဲ့ ဖြတ်ကျော် ဝင်ရောက်လာသူတွေကို ပြောဆိုကြတဲ့ အသံတွေပါ။

ခိုးဝင်လာတာ အပြစ်လားလို့မေးရင် ဥပဒေရှုထောင့်ကနေ ကြည့်ရင်တော့ ပြစ်မှုမြောက်ပါတယ်။ ကိုဗစ်ကန့်သတ်ချက်ကြောင့် နယ်စပ်ဂိတ်တွေ ဖြတ်ခွင့်မရတဲ့အချိန်မှာ ကျောင်းဖွင့်ကာလ ကျောင်းတက်ဖို့ အချိန်မီပြန်လာတဲ့ ကျောင်းသားတစ်ယောက်ဆိုရင်ရော ပြစ်မှုမြောက်တယ်လို့ ကောက်ချက်ဆွဲ ကြမလား။

ထားဝယ်ဒေသ၊ ရေဖြူမြို့နယ်က ဆယ်တန်းကျောင်းသား မောင်ပိုင်ပိုင်ဆိုရင် ထိုင်းနိုင်ငံက မြို့တစ်ခုမှာ ဆီအုန်းခြံလုပ်သမားတစ်ဦးပါ။ မြန်မာပြည်မှာ ကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုတော့ သူမြန်မာပြည်ထဲ ပြန်လာရတော့မှာပါ။

မြန်မာအစိုးရကတော့ ထိုင်းနိုင်ငံက အလုပ်သမားတွေ ပြန်ဖို့ကို လေကြောင်းလိုင်းတွေ စီစဉ်ပေးနေတာရှိပါတယ်။

ခက်တာက သူက ထိုင်းနိုင်ငံကို တရားမဝင်ရောက်လာတဲ့သူ။ လေကြောင်းကနေ ပြန်ဖို့ဆိုတာက တရားဝင်သမား တွေပဲသီးသန့်ပါ။ ဆိုတော့ မြန်မာအစိုးရ အစီအစဉ်နဲ့ သူဘယ်လိုမှ ပြန်လို့မရဘူး။ ဒါကြောင့် သူထိုင်းကိုဝင်လာတုန်းက ပွဲစားကိုပဲဆက်သွယ်ပြီး မြန်မာပြည်ပြန် ဖို့ စီစဉ်ရတော့တယ်။

“ကျွန်တော်လာတုန်းက ပွဲစားဖုန်းနံပါတ်ကို ဆက်သွယ်ပြီးတော့ ပြန်လို့ရ လားလို့မေးတာ ဒီနေ့ ကားထွက်ဖို့ရှိတယ်ဆိုတာနဲ့ တက်လိုက်တာ။ အမေကိုတောင် နှုတ်မဆက်လိုက်ရတော့ဘူး” ဟု မောင်ပိုင်ပိုင်က ပြောသည်။

သူလိုက်မယ့် ပွဲစားရဲ့ကားမှာတော့ သူ့လိုပဲ မြန်မာပြည်ကို အောက်လမ်းကနေပြန်ဖို့ လိုက်လာတဲ့ လူငါးယောက်ပါလာ ပါတယ်။

သူတစ်ယောက်ပဲ ထားဝယ်သား။ ကျန်တဲ့သူတွေက မော်လမြိုင်နဲ့ ရန်ကုန်ကလို့ သူ့ကို ပြောပြတယ်လို့ ဆိုပါတယ်။ ကျန်တဲ့သူတွေကတော့ ပွဲစားခဘယ်လောက် ပေးရတယ်ဆိုတာ မသိပေမယ့် မောင်ပိုင်ပိုင်ကတော့ အိမ်ပေါက်ဝရောက်တဲ့အထိ ပွဲစားခ ထိုင်းဘတ်ငွေ ကိုးထောင်နဲ့ လိုက်လာတာပါ။ မြန်မာ ကျပ်ငွေနဲ့ဆိုရင်တော့ လေးသိန်းနီးပါး ရှိပါတယ်။

အဲဒါက လမ်းမှာ စားသောက် စရိတ်တွေမပါသေးဘူး။ အားလုံး ကိုယ့်စရိတ်ကိုယ် ဝယ်စားပြီးလာရတယ်လို့ မောင်ပိုင်ပိုင်က ပြောပါတယ်။

ထိုင်းမြန်မာ နယ်စပ်က ချွန်ဖွန် ခရိုင်ကိုလာတဲ့ လမ်းတစ်လျှောက်မှာတော့ ထိုင်းရဲတွေရဲ့ ဖမ်းဆီးတာ ခံရလေမလား။ ကိုယ်နဲ့အတူ ကားတစ်စီးတည်စီးလာတဲ့ သူတွေဆီမှာပဲ ကိုရိုနာ ဗိုင်းရပ်စ်ပိုးပါလာလေမလား စိုးရိမ်ပြီး လိုက်လာခဲ့ရတယ်လို့ သူက ပြောပါတယ်။

“ဂိတ်တွေမှာပဲ ဖမ်းပဲ ဖမ်းမိမှာလားဆိုပြီး စိုးရိမ်နေတာပေါ့။ ဖမ်းမိရင်တော့ မလွယ်ဘူး။ ထုတ်လို့လည်းမရဘူးဆိုပြီး (ပွဲစားက) ကျွန်တော်တို့ကို ပြောထားတယ်” လို့ မောင်ပိုင်ပိုင်က ပြောပါတယ်။

သူပြန်လာတဲ့အချိန်က ထိုင်းနိုင်ငံမှာ တစ်မြို့နဲ့ တစ်မြို့ကို သွားလာခွင့်ရှိနေတာဆိုတော့ မြန်မာနဲ့နီးတဲ့ ချွန်ဖွန်ကို လွယ်လွယ်ပဲ ရောက်လာခဲ့ပါတယ်။

“တည်းတဲ့အိမ်ကိုသွားတဲ့လမ်းမှာ ဂိတ်တစ်ခု ဖြတ်ရတယ်။ အင်္ကျီအဟောင်းတွေ လဲဝတ်ရတယ်။ အင်္ကျီအသစ်နဲ့ သွားမရဘူးဆိုပြီး ပြောတယ်။ မေးရင် အလုပ်လုပ်ရာက ပြန်တယ်ဆိုပြီး ပြောလို့ ရအောင်လို့ လဲခိုင်းတာ” ဟု မောင်ပိုင်ပိုင်က ပြောပါတယ်။

ရောက်ရောက်ချင်း မြန်မာဘက်ခြမ်း ကော့သောင်းမြို့နယ်ထဲက အေးချမ်းသာရွာကို ချက်ချင်းကူးဖို့ အဆင်မပြေသေးတာကြောင့် ချွန်ဖွန်ခရိုင်ဘက်မှာရှိတဲ့ မြန်မာနိုင်ငံသား
ဆိုင်ကယ်တက္ကစီသမားအိမ်မှာ ခဏတည်းနေရတယ်လို့ မောင်ပိုင်ပိုင်က ပြောပါတယ်။

ညတစ်နာရီလောက်ကျတော့ ပါချန်မြစ်ကိုဖြတ်ပြီး အေးချမ်းသာကို သူတို့အုပ်စု လှေနဲ့စကူးကြပါတယ်။ အေးချမ်းသာကိုရောက်မှ သူတို့ရဲ့ ပွဲစားနဲ့ တွေ့ရတာပါ။ လမ်းတစ်လျှောက်လုံးမှာတော့ ဘယ်နေရာကိုသွားဖို့၊ ဘယ်ကားဘယ်လို စီးဖို့ဆိုတာတွေက ပွဲစားက သူတို့ကို ဖုန်းနဲ့ လှမ်းပြောနေတာလို့ ဆိုပါတယ်။

မြန်မာဘက်ကိုရောက်လို့ လူစိမ်းတစ်ယောက်ယောက်ကမေးရင် ထိုင်းကပြန်လာတယ်လို့ သူတို့ဖြေလို့မရပါဘူး။ ထိုင်းကိုဝင်တာ နယ်စပ်ဂိတ်ပိတ်ထားလို့ ပြန်လှည့်လာရတယ်ဆိုပြီး လိမ်ပြောဖို့ သူတို့ကို ပွဲစားကမှာတာမို့ လို့ပါ။

“နင်မေ့ပြီးတော့ ပြောလိုက်ရင်တော့ ဆိပ်ဖူးရွာမှာ ကွာရန်တင်း ၂၁ ရက် ဝင်နေရမယ်လို့ (ပွဲစားက)ပြောတယ်” ဟု မောင်ပိုင်ပိုင်က ဆိုသည်။

အဲဒီရွာမှာ ကွာရင်တင်းဝင်ရမယ်ဆိုရင် အသိမိတ်ဆွေကလည်းမရှိ၊ ကိုယ့်စရိတ်နဲ့ကိုယ် ကွာရန်တင်းဝင်မှာဆိုတော့ သူ့အတွက်အဆင်မပြေဘူး။ ဒါကြောင့် ပွဲစားပြောတဲ့အတိုင်းလိုက်လုပ် ပြီး သူတို့အုပ်စု ထားဝယ်ကို လိုက်လာကြပါတယ်။ သူတို့အုပ်စု ထားဝယ်ကို ရောက်လာတာ ဇူလိုင်လ ဒုတိယအပတ်ထဲမှာပါ။

စထွက်လာတုန်းက အိမ်ပေါက်ဝအထိ ပို့ပေးမယ်လို့ ပြောထားတဲ့ ပွဲစားက ထားဝယ်ကိုလည်းရောက်ရော အချိုးပြောင်းသွားပါတယ်။ ထားဝယ် အဝေးပြေးကားဝင်းမှာ သူတို့အုပ်စုကို ချထား ခဲ့ပြီးပြန်သွားခဲ့ပါတယ်။

မောင်ပိုင်ပိုင်ကတော့ အိမ်ကို ဆိုင်ကယ်တက္ကစီငှားစီးပြန်သွားပီး ရွာရောက်တာနဲ့ အုပ်ချုပ်ရေးမှူးကို အသိပေးပြီးတော့ ကွာရန်တင်းဝင်လိုက်ပါတယ်။ ဆိုင်ကယ်သမားကတော့ သူ့အိမ်သူပြန် သူ့အလုပ်သူ ဆက်လုပ်နေမှာပေါ့။

မောင်ပိုင်ပိုင်နဲ့အတူ ပါလာတဲ့သူတွေကလည်း အဝေးပြေးကားလက်မှတ်ဝယ်ပြီး သူ့မြို့သူ အသီးသီးထွက်သွားကြပါတယ်။ သူတို့တတွေ ကွာရန်တင်းပဲဝင်နေ ကြတာလား။ အိမ်မှာပဲနေနေတာလားဆိုတာတော့ မောင်ပိုင်ပိုင် မသိနိုင်ပါဘူး။ သူကတော့ စိုးရိမ်နေရှာပါတယ်။

“စိတ်တော့ပူတာပေါ့ဗျာ။ ကိုယ့်မှာတော့ ဒီရောဂါမပါဘူးဆိုတာ သိတယ်လေ။ သူတို့မှာတော့ ပါမလားဆိုပြီးတော့ စိတ်တော့ပူတာပေါ့ဗျာ” လို့ သူက ဆိုပါတယ်။

မောင်ပိုင်ပိုင်တို့လို ဗီဇာမရှိတဲ့သူတွေပဲ နယ်စပ်ကို ပွဲစားအားကိုးနဲ့ ဖြတ်ကြတာလားဆိုတော့ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင် လုပ်ကိုင်ခွင့်ရှိသူတွေလည်း ပွဲစားနဲ့ အောက်လမ်းကနေ ဖြတ်ကူးနေကြတာပါ။ အဲဒီထဲမှာ လောင်းလုံမြို့နယ်က အသက် ၂၀ ကျော်အရွယ် မမာမာလွင်တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။

သူက ထိုင်နိုင်ငံမဟာချိုင်မြို့မှာ စက်ရုံအလုပ် လုပ်ကိုင်သူတစ်ဦးဖြစ်ပါတယ်။ မဟာချိုင်ကနေ မြန်မာနယ်စပ်မြို့ ထီးခီးကနေတစ်ဆင့် နေရပ်ကို ပြန်လာသူပါ။ လမ်းတလျှောက် ကားလေးကြိမ်ပြောင်းစီးရတာလွဲပြီး အခက်အခဲသိပ်မရှိဘူးလို့လည်း မမာမာလွင်က ပြောပါတယ်။

မြန်မာဘက်က စစ်ဆေးရေးဂိတ် တွေကိုရောက်ရင်တော့ ကားသမားက တစ်ခုခုဆင်းပြောလိုက်၊ ပြန်မောင်းလာလိုက်၊ နောက်ဂိတ်တစ်ခုတွေ့ရင် ကားသမားက ဆင်းပြောလိုက် မောင်းလာလိုက်နဲ့ ထားဝယ်အဝေးပြေးကားဝင်းထဲကို သူတို့ရောက်လာကြတယ်လို့ ဆိုတယ်။

“ဂိတ်တွေဘာတွေ တွေ့လည်း သူတို့ဘာသာဆင်းပြောလိုက်တယ်။ ကျွန်မတို့က ကားပေါ်ကတောင်မဆင်းရဘူး။ ကားပေါ်မှာပဲနေနေလို့မှာထားတယ်” လို့ မမာမာလွင်က ပြောသည်။

သူနဲ့အတူတူ သရက်ချောင်းနဲ့ ထားဝယ်မြို့နယ်တို့က သူတွေလည်း ငါးယောက်ပါလာကြတယ်လို့ ဆိုပါတယ်။ အားလုံး ဗီဇာစာအုပ် ကိုယ်စီနဲ့ပါ။

အစကတော့ အစိုးရအစီအစဉ်နဲ့ ပြန်ဖို့စဉ်းစားသေးပေမယ့် လျှောက်လွှာတင်ပြီးတာတောင် သုံးလလောက် စောင့်ရသေးတယ်ဆိုလို့ အောက်လမ်းကိုပဲ သူရွေးလိုက်တော့တာလို့ မမာမာလွင်က ပြောပါတယ်။

သူက ဗီဇာရှိလို့လားတော့ မသိဘူး။ လမ်းစရိတ်ကို ပွဲစားက ဘတ်ငါးထောင် ပဲတောင်းတယ်လို့ ဆိုပါတယ်။ အစိုးရက စီစဉ်နဲ့လာတဲ့သူတွေကတော့ ကျပ်သောင်းဂဏန်းလောက်ပဲ ကုန်ကျကြ ပါတယ်။

“လမ်းပိတ်ထားတယ်ပြောသံ ကြား လို့ သွားလို့ရလားလို့မေးတာ သွားလို့ရတယ်။ ဈေးတော့ကြီးမယ် အရင်ကနဲ့ မတူဘူးလို့ပြောတယ်။ အရင်ကဆိုရင်တော့ ဗီဇာစာအုပ်ရှိတဲ့သူဆို (ဘတ်) တစ်ထောင်ခြောက်ရာပဲပေးရတယ်လို့ ပြောတယ်” လို့ မမာမာလွင်က ပြောသည်။

သူကိုလည်း အိမ်က ဆိုင်ကယ်နဲ့ လာကြိုပေးပြီးတော့ ချက်ချင်းပဲ ကွာရန်တင်းဝင်လိုက်ပါတယ်။ ထိုင်းကနေ စထွက်လာကတည်း သူဘယ်နေ ရာရောက်နေပြီဆိုတာကို သူ့အမေကနေတစ်ဆင့် အုပ်ချုပ်ရေးမှူးကို တောက်လျှောက် သတင်းပို့ပေးနေခဲ့တာလို့လည်း ပြောပါတယ်။ အုပ်ချုပ်ရေးမှူးကလည်း မမာမာလွင် ပြောတာဟုတ်တယ်လို့ ဆိုပါတယ်။

ကော့သောင်တစ်ဘက်ကမ်း ရနောင်းမြို့မှာတော့ မောင်ပိုင်ပိုင်တို့ မမာမာလွင်တို့လို အိမ်ပြန်လာချင်နေတဲ့သူ တစ်ပုံကြီးရောက်နေကြပါတယ်။ မြန်မာဘက်ခြမ်းက ပြန်ခေါ်တာကို လာရောက်စောင့် နေတဲ့သူတွေပါ။

ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ကော့သောင်း ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာရဲ့ တာဝန်ခံတစ်ဦးဖြစ်သူ ဦးဝေမိုးပြောတာကတော့ ဇူလိုင်လ ၁၇ ရက်အထိ ရနောင်းမှာ မြန်မာနိုင်ငံသား တစ်ထောင်နီးပါး ပိတ်မိနေတယ်လို့ ဆိုပါတယ်။

အဲဒီစာရင်းကို ရနောင်းမှာရှိတဲ့ မြန်မာအလုပ်သမား သံအရာရှိရုံးက နေရတာလို့ ဆိုပါတယ်။

ဒီလို ပိတ်မိနေတာ ရက်ကြာလာတာနဲ့အမျှ အထောက်အထားစာရွက်စာတမ်းတွေ သက်တမ်းကုန်လာတာ၊ စားစရိတ် ပြတ်တာတွေ ဖြစ်လာကြလို့ နယ်စပ်တောက်လျှောက်ကနေ ခိုးဝင်တာတွေ ဖြစ်လာကြတာလို့ ဦးဝေမိုးက ဆိုပါတယ်။

“အချိန်ကြာလာတာနဲ့အမျှ အလုပ် သမားတွေရဲ့ အခက်အခဲက စားဝတ်နေရေး၊ နေထိုင်၊ သွားလာဖို့ ကအစ၊ စာရွက်စာတမ်း အထောက်အထားကအစ အကုန်လုံး အခက်အခဲတွေက ကြုံလာပြီ။ အဲလိုဖြစ်လာတဲ့အတွက် ဒီလူတွေက ရတဲ့နည်းလမ်းနဲ့ နယ်စပ်တောက် လျှောက်မှာ ခိုးဝင်လာတာတွေ ဖြစ်လာတယ်” လို့ သူက ဆိုပါတယ်။

ရနောင်းဘက်မှာ ပိတ်မိနေတဲ့သူတွေကို ပြန်မခေါ်တာဟာ တနင်္သာရီတိုင်းထဲမှာ ကွာရန်တင်းစင်တာတွေ အားလုံး လူပြည့်နေတာကြောင့်လို့ တိုင်းအစိုးရအဖွဲ့က ပြောဆိုထားပါတယ်။

ဦးမိုးဝေကတော့ အစိုးရဘက်က အဲဒီလိုပြောဆိုတာကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

“ကွာရန်တင်းစင်တာတွေ မလောက်ဘူးဆိုတဲ့ အကြောင်းပြချက်လောက်နဲ့ မခိုင်လုံဘူးဗျ။
ကွာရန်တင်းစင်တာကို တခြားနေရာတွေမှာ လုပ်လို့ရနိုင်တဲ့ နေရာတွေ အများကြီးရှိပါသေးတယ်။ ကွာရန်တင်းစင်တာမလောက်လို့ လက်ခံလို့ မရတဲ့ဟာက ကျွန်တော်တို့ အလုပ်သမားထုအနေနဲ့ကတော့ လက်ခံလို့တော့ မရဘူး” လို့ သူက ဆိုပါတယ်။

နယ်စပ်ကနေ တရားမဝင်ခိုးဝင်လာ နေတာနဲ့ပတ်သက်ပြီးတော့ အခုနောက်ဆုံး တိုင်းအစိုးရက ပြောထားတာကတော့ လူပွဲစားတွေနဲ့၊ ကားအသင်းတွေကို အရေးယူမယ်လို့ ဆိုလာပါတယ်။

အစိုးရဟာ ရွှေ့ပြောင်းလုပ်သမားတွေနဲ့ပတ်သက်ပြီး မူဝါဒ သတ်သတ်မှတ်မှတ်မရှိဘဲ ဆေးမြီးတိုတွေနဲ့ ကုနေတာပါလို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောဆိုထားပါတယ်။

ဘယ်လိုပဲပြောပြော တနင်္သာရီတိုင်း နယ်စပ်ဂိတ်တွေကနေ ခိုးဝင်လာနေသူတွေရှိနေတယ်ဆိုတာကိုတော့ ငြင်းလို့မရတဲ့ အခြေအနေပါ။ အဲဒါကြောင့် အခုဖြစ်နေတဲ့ အခင်းအကျင်းကို ဦးဝေမိုးက အောက်ပါအတိုင်း ဆိုပါတယ်။

“ကျွန်တော်တို့ပြောမယ်ဆိုရင် အခုက ပွဲစားတွေကို အားပေးသလို ပုံစံမျိုးဖြစ်နေတယ်။ လူမှောင်ခို ပုံစံမျိုး တွေဖြစ်သွားနိုင်တယ်ပေါ့နော်။ လာမယ့် အနာဂတ်တွေမှာ။ အဲဒါတွေကို စိုးရိမ် တယ်ဗျ”

ဆောင်းပါးပါဇာတ်ကောင်များကို အမည်လွှဲ၍ ဖော်ပြထားသည်။