ကပ်ဘေးထဲက တော်လှန်ရေး

0
430

အခန်း(၈)
ရှေ့ခရီး

မျှော်လင့်ချက်
အနာဂတ်ကို မျှော်ကြည့်တဲ့အခါ မရေရာမှုပဲ ကြီးစိုးတယ်။ ဒါပေမဲ့ ဘယ်လိုပဲလာလာ ကျွန်မတို့ ပါဝင်ပြောင်းလဲပုံဖော်နိုင်တဲ့ အခွင့်အလမ်းနဲ့ ဖြစ်နိုင်ခြေလည်း အမြဲတမ်းရှိတယ်။ ဒါကိုပဲ မျှော်လင့် ချက်လို့ ကျွန်မနားလည်တယ်။


ရေဗက္ကာစလိုနစ်

ပျော်ရွှင်မှု
စိတ်ညစ်စရာအခြေအနေတွေထဲမှာ ပျော်ရွှင်အောင် ဘယ်လိုနေလဲလို့ မေးကြတယ်။ ပျော်ရွှင်မှုဟာ ရှာဖွေဖန်တီးနေရတဲ့အရာလို့ ကျွန်မ မထင်ဘူး။ တောထဲမှာ တော်လှန်ရေးသမားတွေနဲ့ မိုင်ပေါင်းများစွာ ကျွန်မလမ်းလျှောက်ခဲ့ဖူးတယ်။ ရေမြုပ်လာနေတဲ့ ရွာတွေထဲက ရေကာတာ ဆန့်ကျင်တဲ့ရွာသားတွေနဲ့ အတူနေခဲ့ဖူးတယ်။ အဲဒီလို အခြေအနေတွေမှာတောင် ဟာသဟာ ပျောက်ဆုံးမနေဘူး။ တကယ်တော့ ရယ်စရာ၊ ပြုံးစရာက နေရာတိုင်းမှာရှိနေတာပဲ။


Arundhati Roy

စနစ်ဟောင်း
သဘာဝဘေး၊ ကပ်ဘေး စတာတွေမှာ နေသားကျနေတဲ့ ပုံစံအဟောင်းက ပျက်ယွင်းသွားတယ်။ ဖွဲ့စည်းပုံစနစ်ပျက်ယွင်းတယ်။ အစိုးရရဲ့ စီမံနိုင်မှုပျက် ယွင်းတယ်။ ပြည်သူကို ကာကွယ်နိုင်မှု ပျက်ယွင်းတယ်။ ဘဝရပ်တည်ရေး အခက်အခဲတွေကြုံတယ်။ ဒါပေမဲ့ ဒီပျက်ယွင်းမှုတွေက ကပ်ဘေး၊ သဘာဝဘေး မလာခင်ကတည်းက ရှိနေတာပဲ။ ဘေးဒုက္ခက မီးမောင်းထိုးပြလိုက်တော့ ပိုပြီးထင်လင်း သွားတယ်။ ဘေးဒုက္ခက ဟန်ဆောင်ဖုံးဖိထားတာတွေကို လှုပ်ခါခွာချ ပစ်လိုက်တယ်။ ဒီမှာပဲ မပြောင်းဘူးလို့ ထင်ထားတာတွေ စပြောင်းလာတယ်။ အပြောင်းအလဲလုပ်ဖို့ ဖြစ်နိုင်ခြေတွေ စတွေ့တယ်။ ပိုနေမြဲ ကျားနေမြဲအခြေအနေနဲ့ အကျိုးစီးပွားဖြစ်နေတဲ့ အာဏာပါဝါချုပ် ကိုင်ထားသူတွေကတော့ အထိတ်တလန့်ဖြစ်ကြတာပေါ့။


ရေဗက္ကာစလိုနစ်

စိတ်ကူးများ
အကျပ်အတည်းကြုံတဲ့အခါမှာ စိတ်ကူးစိတ်သန်းလှုပ်ရှားမှု ပေါ်လာတယ်။ အကျပ်အတည်း ကာလမှာ မဖြစ်နိုင်ဘူးထင်ရတဲ့ စိတ်ကူးတွေ ရုတ်တရက်ဖြစ်နိုင်ခြေရှိလာတယ်။ ဒါပေမဲ့ ဘယ်လို စိတ်ကူးမျိုးတွေလဲ၊ မျှတကောင်းမွန် လုံခြုံကျန်းမာတဲ့ဆီကို သွားမယ့် စိတ်ကူးတွေလား၊ အားနည်းသူတွေက ထပ်နိမ့်ကျ၊ အားကြီးသူတွေ ထပ်တန်ခိုးထွားစေမယ့် နိုင်ရာစားစိတ်ကူးမျိုးတွေလား။

ပြည်သူ့ဘဝကို ရှေးရှုတဲ့ စိတ်ကူးမျိုးတွေဖြစ်ဖို့ လူထုက ကြိုးစားကြတယ်။ အခွင့်အာဏာပိုင်လူတန်းစားကလည်း သူတို့အကျိုးစီးပွားကို ပိုနက်ရှိုင်းစေမယ့် မူဝါဒတွေ ထုတ်ယူလာပြီး ပွဲလန့်တုန်း ဖျာခင်းဖို့ ကြိုးစားကြလေ့ရှိတယ်။

စိတ်ပျက်စရာဖြစ်လေ့ရှိတာက ဘေးဒုက္ခ နံပါတ်(၁)အဖြစ် ကပ်ဘေး၊ သဘာဝဘေး၊ စီးပွားပျက်ကပ်တွေအရင်လာတယ်။ ဘေးဒုက္ခနံပါတ်(၂)အဖြစ် လူနည်းစုရဲ့အကျိုးစီးပွားအတွက် ပြည်သူ့ဘဝကို ရေရှည် နစ်နာစေတဲ့မူဝါဒတွေလာတယ်။


နာအိုမီကလိန်း

မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ

တိုက်ပွဲ
ဒီကပ်ဘေးရဲ့ နိုင်ငံရေး ရလဒ်ကို ကျုပ်တို့ရဲ့အားထုတ် ရုန်းကန်မှုကပဲ ဆုံးဖြတ်မှာ။ ကြုံနေရတဲ့ ကိစ္စတွေကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုနားလည်မလဲဆိုတဲ့ အတွေးအမြင်တိုက်ပွဲနဲ့ဆုံးဖြတ်မှာ။ ပြဿနာရဲ့ဇာစ်မြစ်က ဘာလဲ။ ဘာကို ဖြေရှင်းကုစားလို့ရနိုင်မလဲ ဆိုတာကို ညွှန်ပြနိုင်မှုက ဆုံးဖြတ်မှာ။


မိုက်ဒေးဗစ်

ခရီးသွားများ
တစ်ယောက်ခံစားနေရတာကို တစ်ယောက်က မျှဝေယူရအောင်။ တစ်ယောက်တိုက်ပွဲမှာ တစ်ယောက်က ပါဝင်ကြအောင်။ ကိုယ့်ကိုကိုယ် မဖက်တွယ်ဘဲ တခြားသူကို ကာကွယ်ကြရအောင်။


Arundhati Roy

တံခါး
စိတ်ပျက်စရာတွေကြားထဲမှာပဲ ဒီကပ်ဘေးဟာ ကျွန်မတို့ ကိုယ်တိုင်တည်ဆောက်နေခဲ့ကြတဲ့ ကမ္ဘာဖျက်ယန္တရားကြီးကို ပြန်ဆင်ခြင်ဖို့ အခွင့်အရေးရတယ်။

နိုင်ငံရေးအကျပ်အတည်းက ရှိနေပြီးသား။ စီးပွားရေးအကျပ် အတည်းကရှိနေပြီးသား။ ကမ္ဘာမှာ ပုံမှန်အခြေအနေ ပြန်သွားတာထက် ဆိုးတာမရှိ လောက်ပါဘူး။ ဒီကပ်ဘေးဟာ ဂိတ်တံခါးပါ။

အမုန်းတွေ၊ အစွဲတွေ၊ အာဃာတတွေ၊ အတောမသတ်တဲ့ လောဘတွေ၊ စိတ်ကူးအသေတွေ၊ မြစ်အသေတွေ၊ မှုန်မှိုင်းနေတဲ့ ကောင်းကင်လို အလုပ်မျိုးတွေကို ဆက်သယ်မသွားလို့ရတယ်။ အမြင်ဟောင်း၊ အတွေးဟောင်းဝန်ထုပ်တွေကို ချန်ခဲ့ပြီး ပေါ့ပါးစွာ တခြားသောကမ္ဘာလောကကို မျှော်ရည်လျှောက်လှမ်းလို့ရတယ်။ အဲဒီလိုကမ္ဘာဖြစ်အောင် ရုန်းကန်ဖို့အသင့်ဖြစ်ကြရအောင်ပါ။


Arundhati Roy

အခန်း(၉)
ခြေလှမ်းများ

လက်ရှိအယူဝါဒက လွဲနေတယ်ဆိုရင် ဘယ်အယူဝါဒကို သွားရမှာလဲလို့ မေးတဲ့မေးခွန်းဟာ သိပ်ဟန်မကျဘူးလို့ထင်တယ်။ ဒီနေ့ ကျွန်မတို့ရောက်နေတဲ့နေရာဟာ အရင်ဆုံးဖြတ်ချက် အများကြီးရဲ့ ရလဒ်လေ။

ရေကာတာတွေ ဆောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျောက်မီးသွေး၊ ဘိလပ်မြေစတဲ့ညစ်ညမ်းတဲ့စက်ရုံတွေ ဆောက်ဖို့ဆုံးဖြတ်ခဲ့တယ်။ သယံဇာတတွေထုတ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ ဌာနေပြည်သူတွေရဲ့ အခွင့်အရေးကို ငြင်းပယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

တခြားလမ်းတွေကို ပယ်ပြီး ဒီလမ်းဆက်သွားမယ်ဆိုတာကို ဆုံးဖြတ်ချက်တွေနဲ့ လုပ်ခဲ့တာ။

နောက်ထပ်ဆုံးဖြတ်ချက် တစ်ခုချင်းစီမှာ ဘယ်လမ်းသွားမလဲလို့ ရွေးလို့ရတာပဲ။ ဘယ်အလုပ်တွေ မလုပ်ဘူးလဲ၊ ဘယ်အလုပ်တွေ လုပ်မှာလဲ။

လွန်ကျွံသွားတဲ့ ကိစ္စတွေ၊ ဆင်းရဲဒုက္ခဖြစ်စေတဲ့ကိစ္စတွေအတွက် ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ ပြန်ကုစားမလဲ။

ဒေါက်တာမြင့်ဇော်