ရနောင်းတွင် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး ပိတ်မိနေ

0
858

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး (၉၈၀ ဦး) ရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံ အခြေစိုက်ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသည့် ကော့သောင်း ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာထံမှ သိရသည်။

ကော့သောင်းမြို့တွင် ကွာရန်တင်း စင်တာအားလုံးပြည့်နေသဖြင့် ပိတ်မိနေသူများကို ပြန်ခေါ်ရန် အခက်အခဲရှိနေကြောင်း အထက်ပါစင်တာမှ ရွှေ့ပြောင်းအလုပ်သမား ဖွံ့ဖြိုးရေးတာဝန်ခံ ဦးဝေမိုးက ပြောသည်။

ပိတ်မိနေသူများအထဲတွင် ကျောင်းသူ၊ ကျောင်းသားများလည်း ပါဝင်ကြောင်း ဦး‌ဝေမိုးက ပြောသည်။

ရနောင်းမြို့ရှိ အလုပ်သမား သံအရာရှိနှင့် ညှိနှိုင်းချက်အရ ကော့သောင်း ကွာရန်တင်းစခန်းများတွင် အသွားအလာကန့်သတ်ထားသူများ ထွက်သွားမှ ပိတ်မိနေသူများကို ပြန်ခေါ် နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား

“အခုက ဘာပြဿနာရှိလည်းဆိုတော့ ကိုဗစ်ကာလက သုံးလနဲ့လေးလအကြား ကြာလာတာနဲ့အမျှ နေထိုင်စား ဝတ်နေရေးကနေ စာရွက်စာတမ်း အထောက်အထားကအစ အခက်အခဲတွေ ကြုံလာပြီ။ အထောက်အထားတွေ သက်တမ်းကုန်တာတို့၊ ငွေကြေး မပြည့်စုံတာတို့ ဖြစ်လာတာကြောင့် ဒီလူတွေက နယ်စပ်တောက်လျှောက်မှာ ခိုးဝင်တာတွေ ဖြစ်လာတယ်” ဟု ၎င်းက ဆိုသည်။

ဇူလိုင်လ ၁၅ ရက်ကမူ နွေရာသီ ကျောင်းပိတ်ကာလက ရနောင်းမြို့ရှိ မိဘများထံ အလည်အပတ်သွားရောက်ခဲ့သည့် ကျောင်းသူ၊ ကျောင်းသား ၂၇ ဦးကို ပြန်လည်ခေါ်ယူပြီး သက်ဆိုင်ရာ ကွာရန်တင်းစခန်းများတွင် အသွားအလာကန့်သတ်ထားကြောင်း ကော့ သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။

ရနောင်းတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများသည် ငွေရေးကြေးရေး အခက်အခဲ၊ စာရွက်စာတမ်းအထောက်အထား အခက်အခဲများအပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကိုပါ ခံစားလာနေကြရကြောင်း ကော့သောင်း ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာထံမှ သိရသည်။

ကျော်သူစိုး