ပါးစပ်နှင့် နှာခေါင်းစည်းဝတ်တာ လွယ်သလား

0
333

ကိုဗစ်ကပ်ရောဂါ ကာကွယ်ဖို့အတွက် ပါးစပ်နှင့် နှာခေါင်းစည်း ဝတ်ဆင်ရမယ်လို့ အများစုက မှတ်ထားကြပေမယ့် ပါးစပ်နှင့် နှာခေါင်းစည်းကို ကိုဗစ်ကပ်ရောဂါ ကာကွယ်တာအပြင် အခြား အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက်လည်း အသုံးပြုရမှာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ
ဖျားခြင်း၊ နှာချေချောင်းဆိုးခြင်း၊ အသက်ရှူရ ခက်ခဲခြင်းစတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ရှိသူတွေဟာ ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အထက်ပါ ရောဂါလက္ခဏာရှိသူတွေကို အနီးကပ် ပြုစုစောင့်ရှောက်သူတွေကလည်း ပါးစပ်နှင့် နှာခေါင်းစည်းကို အသုံးပြုရမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ကတော့ အခြေအနေအပေါ် မူတည်ပြီး ပါးစပ်နှင့် နှာခေါင်း စည်းသုံးမလား၊ N 95 အမျိုးအစား ပါးစပ်နှင့် နှာခေါင်းစည်း သုံးမလားဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ

ဒါကြောင့် နှာခေါင်းစည်းတပ်တာက ကိုဗစ်ကာလတစ်ခုတည်းမဟုတ်ဘဲ ကိုဗစ်ကာလအလွန်အထိ လူမှုအသိုင်းအဝိုင်းထဲမှာ တည်ရှိနေမှာ ဖြစ်ပါတယ်။ ဆိုတော့ မေးစရာ ရှိပါတယ်။

ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ဝတ်တာ လွယ်ပါသလား။
အဲဒီမေးခွန်းကို ကြားရင် လူတိုင်းက ဒါလေးများလို့ ပြန်ပြောမယ် ထင်ပါတယ်။
တကယ်တော့ ထင်သလောက် မလွယ်ကူဘူးဆိုတာ ပါးစပ်နှင့် နှာခေါင်းစည်းတပ်သူတိုင်း ကိုယ်တွေ့ ကြုံဖူးမှာပါ။

ပျာယာပျာယာနဲ့ ကောက်တပ်လိုက်တာ အပေါ်အောက် ဇောက်ထိုးဖြစ်လိုဖြစ်၊ အတွင်း အပြင် ပြောင်းပြန်ဖြစ်လိုဖြစ် ကြုံရတဲ့အပြင် အခြားရှောင်ရမယ့်ဟာတွေကို သတိမမူဘဲ ပြုမူမိတတ်ကြ ပါတယ်။

တချို့က မသိလို့၊ တချို့က သိလျက်နဲ့ ပေါ့ဆပြီး လုပ်တာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားတာကတော့ ပါးစပ်နှင့် နှာခေါင်းစည်း ဝတ်ဆင်တာနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် အချက် ၈ ချက် ရှိပါတယ်။

အဲဒါတွေကတော့
၁) ပါးစပ်နှင့် နှာခေါင်းစည်း မကိုင်မီ လက်ဆေးပါ။

ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား

၂) ကိုယ်ဝတ်ဆင်မယ့် ပါးစပ်နှင့် နှာခေါင်းစည်းဟာ စုတ်ပြဲနေတာ၊ ညစ်ပေနေတာမျိုး ရှိမရှိ စစ်ဆေးပါ။

၃) သတ္တုချောင်း သို့မဟုတ် ကော်ချောင်းပါတဲ့ဘက်ကို အပေါ်မှာ ထားပါ။

ဘာကြောင့် အဲလိုလုပ်ဖို့ လိုပါသလဲ။ အဲဒီ သတ္တုချောင်း (သို့မဟုတ်) ကော်ချောင်းကို နှာခေါင်းပေါ် မှာ ဖိလိုက်ရင် နှာခေါင်းနဲ့ တစ်သားတည်းဖြစ်ပြီး နှာခေါင်းစည်း လျှောကျတာမျိုးလည်း မဖြစ်သလို ပိုလည်း လုံခြုံပါတယ်။ မကြာခဏဆိုသလို သတိမမူမိဘဲ သတ္တုချောင်း (သို့မဟုတ်) ကော်ချောင်းပါတဲ့ဘက်ကို အောက်ထားပြီး ဝတ်မိတတ်ပါတယ်။

၄) အရောင်ပိုရင့်သော မျက်နှာပြင်ကို အပြင်ဘက်မှာ ထားပါ။
ဒါလည်း မကြာခဏ မှားတတ်ပါတယ်။ နှာခေါင်းစည်းက အရောင်အမျိုးမျိုးရှိတော့ ပိုဆိုးပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် အများစုဖြစ်သော နှာခေါင်းစည်းတွေမှာ အဖြူရောင်တစ်ဖက်၊ အပြာနုရောင်တစ်ဖက် ပါတာဖြစ်တဲ့အတွက် အပြာနုရောင်ကို အပြင်ဘက်မှာ ထားရမှာ ဖြစ်ပါတယ်။ အခြားအရောင်ကွဲ နှာခေါင်းစည်းတွေကို ဝတ်ရင်လည်း ဒီသဘောအတိုင်းပဲ သတိပြုပြီး ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။

၅) ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာ ဖုံးအုပ်ပါ။

၆) ပါးစပ်နှင့် နှာခေါင်းစည်းကို ဖယ်ရှားမယ်ဆိုရင် ကြိုးကနေကိုင်ပြီး ဖယ်ရှားပါ။

၇) ပါးစပ်နှင့် နှာခေါင်းစည်းကို ဖုံးပါတဲ့ အမှိုက်ပုံးထဲသာ စွန့်ပစ်ပါ။

၈) ပါးစပ်နှင့် နှာခေါင်းစည်း ချွတ်ပြီးတိုင်း စနစ်တကျ လက်ပြန်ဆေးပါ။

ရှောင်ရမယ့် အချက်က ၆ ချက် ရှိပါတယ်။
၁) ပါးစပ်နှင့် နှာခေါင်းစည်း ဝတ်တဲ့အခါ ပါးစပ်ကိုသာ ဖုံးတာမျိုး၊ နှာခေါင်းကိုသာ ဖုံးတာမျိုး မဖြစ်စေရပါဘူး။

၂) ကိုယ့်ရဲ့ မျက်နှာအရွယ်အစားနဲ့ မကိုက်ဘဲ သေးလွန်း၊ ကြီးလွန်း ဖြစ်နေတဲ့ ပါးစပ်နှင့် နှာခေါင်းစည်းကို အသုံးမပြုပါနဲ့။

၃) စုတ်ပြဲ ညစ်ပတ်နေသော နှာခေါင်းစည်းများကို အသုံးမပြုရပါ။

၄) စကားပြောဆိုဖို့အတွက်ဆိုပြီး ပါးစပ်နှင့် နှာခေါင်းစည်းကို လက်နဲ့အောက်ကို လျှောချတာ၊ မေးမှာ ချိတ်ထားတာမျိုး မပြုလုပ်ရပါ။

၅) ပါးစပ်နှင့် နှာခေါင်းစည်း တပ်ပြီးရင် လက်နဲ့ကိုင်တာမျိုး မလုပ်ပါနဲ့။

၆) အသုံးပြုပြီးသား ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်းများကို ပြန်မသုံးပါနဲ့။

ရင်းမြစ်- ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန