ရှုမြင်ခြင်း

0
368

အပင်တစ်ပင်ကို တစ်ယောက်ယောက်က စိုက်နေသည်ကို မြင်သည့်အခါ အတော်များများ ဦးတည်မေးလေ့ရှိကြသည်က ဈေးကွက်ဝင်အပင် ဖြစ်လားဟူ ၏။ တစ်နည်းဆိုရလျှင် တိုက်ရိုက် ငွေဖြစ်သည့် အပင်ဖြစ်မဖြစ် ဦးတည် မေးကြသည်။

အပင်တစ်ပင်ကို ခုတ်မခုတ်၊ သတ်ပစ်မပစ်ကိုလည်း ထိုသို့ စဉ်းစား ဆုံးဖြတ်ကြသည်။
ပညာရေးတွင်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီး တက္ကသိုလ်တက် မည့် ဘာသာရပ်ရွေးပြီဆိုပါက ဝင်ငွေကောင်းသည့် အလုပ်ရနိုင်သည့် ဘာသာရပ် ဖြစ်မဖြစ်ကို စဉ်းစားပြီး ရွေးချယ်ကြသည်။

အပင်များကဲ့သို့ပင် လတ်တလော အလုပ်အကိုင်ဈေးကွက်တွင် ရေပန်း မစားသည့် ဘာသာရပ်များကိုလည်း ပစ်ပစ်ခါခါ သဘောထားကြသည်။

လက်ရှိ ကိုဗစ်ကပ်ဘေးဖြစ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဂေဟစနစ်ရှုထောင့်က လေ့လာချက် တစ်ခုလုံးကို ဖတ်ကြည့်သည့်အခါ ခြုံပြီး ကောက်ချက်ချနိုင်သည်မှာ ကပ်ဘေး သည် လူသားတို့၏ ငွေကြေးကိုသာ ဦးတည်သည့် လုပ်ရပ်များကြောင့်ဟု ပြောနိုင်သည်။

တောပြုန်း တောင်တုံး၊ မြစ်ရေညစ်၊ ချောင်းကော စသဖြင့် ဖြစ်သည်အထိ ငွေကိုသာ စဉ်းစားပြီးလုပ်ခဲ့ကြသဖြင့် လူနှင့် တောရဲတိရစ္ဆာန် ရောထွေးယှက်တင် ဖြစ်ကာ ကူးစက်ရောဂါသစ်များ ဖြစ်ရသည်။

ပညာရေးတွင်လည်း ထိုနည်းလည်းကောင်းပင်။ ငွေကြေးကိုသာ ဦးတည် သည့် စဉ်းစားချက်များကြောင့် ဉာဏ်ပညာဆိုင်ရာ ဂေဟစနစ် ပျက်ယွင်းကြရသည်။

လူအဖွဲ့အစည်းတွင်လည်း ကိုဗစ်ကပ်ဘေးနှင့်ဆင်သည့် လူမှုဆိုင်ရာ ကပ် ရောဂါများ၊ စိတ်ဝိညာဉ်ဆိုင်ရာ ကပ်ရောဂါများ ကျရောက်နေပြီဟု ဆိုနိုင်သည်။ ယင်းကလည်း ကိုဗစ်ကဲ့သို့ ကပ်ဘေးများကို ပိုဖြစ်စေသည်ဟု ဆိုနိုင်ပါသည်။

အပင်စပြီး အပင်နှင့် အဆုံးသတ်ပါမည်။

ဈေးကွက်မဝင်သည့် တောပန်းပင်လေးပင်ဆိုလင့်ကစား သဘာဝလောကကို များစွာ အကျိုးပြုနေသည်ကို သတိပြုစေလိုပါသည်။

ပညာတွင် ဉာဏ်ပညာရှုထောင့်မှ တန်ဖိုးတွက်ချက်သကဲ့သို့ပင် အပင်များ ကိုလည်း နှလုံးသား အာဟာရနှင့် ဇီဝစုံလင်ခြင်း ရှုထောင့်မှ ရှုမြင်ရန် အရေးကြီး လှပေသည်။

အယ်ဒီတာ(ဇူလိုင် ၁၈ ၊ ၂၀၂၀)