MCL ဘိလပ်မြေစက်ရုံကုန်ထုတ်လုပ်မှု ရပ်တန့်

0
633

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်နေသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ Mawlamyine Cement Ltd. (MCL) ကုန်ထုတ်လုပ်မှုများ ရပ်တန့် လိုက်ပြီဖြစ်ကြောင်း စက်ရုံ၏ ထုတ်ပြန်ချက်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ဘိလပ်မြေထုတ်လုပ်ရာမှာ အဓိကကျသည့် ကုန်ကြမ်းဖြစ်သော ထုံးကျောက်ကုန်ကြမ်း ပြတ်လပ်မှုကြောင့် ဇူလိုင်လ ၁၅ ရက်နေ့မှစပြီး ကုန်ထုတ်လုပ်ငန်းများ ရပ်တန့်မည်ဖြစ်ကြောင်း မော်လမြိုင် ဘိလပ်မြေစက်ရုံ၏ ရှယ်ယာ အများဆုံးပိုင်သည့် SCG ကုမ္ပဏီ မြန်မာပြည်ရုံးခွဲ၏ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ကြေညာထားသည်။

ယင်းသို့ ပိတ်သိမ်းမည့်အကြောင်း တင်ပြသည့်စာကို မွန်ပြည်နယ်အစိုးရသို့ မိတ္တူပေးပို့ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ

ကုန်ထုတ်လုပ်ငန်းများ ရပ်တန့်သွားသည့်အတွက် စက်ရုံရှိ အလုပ်သမား ၁၀ဝ၀ ခန့် အလုပ်လက်မဲ့ဖြစ်မည်ဟု သိရသည်။

“၈ လပိုင်းကျရင် စက်ရုံပိတ်မယ်လို့ တော့ ပြောတယ်။ အလုပ်သမားတွေအတွက် နစ်နာကြေးပေးမယ်လို့တော့ ပြောနေပေမယ့် လောလောဆယ်တော့ ဘာမှ မသိသေးဘူး။ ၈ လပိုင်းကြမှ သေသေချာချာ သိမယ်” ဟု MCL ဘိလပ်မြေစက်ရုံတွင် အလုပ်လုပ်နေသည့် ကိုမင်းဇော်က ပြောသည်။

ကုန်ကြမ်းပြတ်လပ်သည်ဟူသည့်အချက်နှင့် စက်ရုံကုန်ထုတ်လုပ်မှု ရပ်တန့်မည့်ကိစ္စ၊ အလုပ်သမားကိစ္စတို့ကို အသေးစိတ်သိရှိနိုင်ရန် MCL ဘိလပ်မြေစက်ရုံ ရုံးသို့ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍မရသဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

သြဂုတ်လကုန်ပိုင်းတွင် SCG အမှတ်တံဆိပ် ဘိလပ်မြေများ ဈေးကွက်အတွင်း ပြတ်လပ်မှု ကြုံတွေ့နိုင်ပါကြောင်းကိုလည်း MCL ဘိလပ်မြေစက်ရုံက ပြည်သူတို့အား အသိပေးထုတ်ပြန်ထားသည်။

MCL လပ်မြေစက်ရုံသည် မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ SCG (Siam Cement Group) မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် ပုဂ္ဂလိကအကျိုးတူ အမေရိကန်ဒေါ်လာ သန်း (၄၀ဝ) ရင်းနှီးမြှုပ်နှံ ထားသည်။

MCL ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးသုံးလောင်စာဖြင့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စီးပွားဖြစ် စတင်လည်ပတ်ခဲ့ပြီး တစ်နေ့ ဘိလပ်မြေတန်ချိန် ၅၀ဝ၀ ထုတ်လုပ်သည်။

MCL ဘိလပ်မြေစက်ရုံသည် ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်သည့်အတွက် ဒေသခံပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတို့၏ ဆန့်ကျင်ကန့်ကွက်မှုနှင့်လည်း ရင်ဆိုင်နေရသည်။

ယဉ်စနိုင်း