ကီဝီတောက ဒုက္ခများ

290
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကီဝီတောဆိုတာကတော့ ကျွန်တော် လက်ရှိ ကျောင်းတက်နေတဲ့ နယူးဇီလန် နိုင်ငံလေးကို ညွှန်းတာပါပဲ။ အများက နယူးဇီလန် နိုင်ငံသားတွေကို ကီဝီလို့ နာမည်ပြောင် ချစ်စနိုးနဲ့ ခေါ်ကြတာက လား။ ဆိုတော့ ကီဝီတွေရှိတဲ့ အရပ်မို့ ကျွန်တော်ကလည်း ကီဝီတောလို့ နယူး ဇီလန်ကို တင်စားတာပ။ ကီဝီဆိုတာက နယူးဇီလန်မျိုးရင်း မပျံတတ်တဲ့ ငှက် တစ်မျိုးရဲ့ နာမည်ပါ။ နှုတ်သီးချွန်ရှည် ရှည်နဲ့ ကြက်လိုပုံစံမျိုးရှိတဲ့ငှက်။ နေ့ဘက်မှာ မြင်ရခဲတဲ့ ငှက်မျိုး။

ကီဝီသီးဆိုတာလည်း ရှိသေးရဲ့။

ထားပါ။ ကျွန်တော်က ကီဝီဆိုတဲ့ နာမည်ကို ဋီကာချဲ့ချင်တာ မဟုတ်ရပါ ဘူး။ ကီဝီတောလို့ ညွှန်းထားတဲ့ နယူးဇီလန် နိုင်ငံလေးရဲ့ ပြဿနာတွေ ဒုက္ခတွေ အကြောင်း ကျွန်တော်တွေ့ရကြုံရ သင်ယူရ သမျှတွေကို ဝေမျှချင်တာရယ်။

နယူးဇီလန်လို့ဆိုလိုက်ရင် တောင် ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ် လေးတစ်ခု။ စိမ်းစိမ်းစိုစို တောအုပ် တောင်တန်းတွေနဲ့ လှလှပပ ဣန္ဒြေတရနဲ့ နေချင့်စဖွယ် သုခဘုံလေးလို့ မြင်ကြတာ များမယ်လို့ ထင်ပါရဲ့။

ဟုတ်လည်း ဟုတ်ပါရဲ့။ စီးပွားရေး ဆိုလည်း ချမ်းသာတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံ။ နို့နဲ့ နို့ထွက်ပစ္စည်း၊ အသား ထုတ်လုပ် တင်ပို့တာတွေနဲ့ ကျော်ကြားသလို ဘဏ် စနစ်ကောင်းတာမို့လို့ ယုံကြည်ရတဲ့ ဘဏ် စနစ်ဆိုပြီး ကမ္ဘာမှာ နာမည်ရပါတယ်။ နိုင်ငံရေးဆိုရင်လည်း ပါလီမန် ဒီမိုကရေစီ စနစ် အမြစ်တွယ်နေပြီး လူ့အခွင့်အရေး၊ လွတ်လပ်မှုတွေကို မြတ်နိုးတဲ့နိုင်ငံအဖြစ် ကျော်ကြားပါတယ်။ ပညာရေးဘက် ကြည့် ပြန်တော့လည်း ကမ္ဘာနဲ့ ရင်ဘောင်တန်း နိုင်တဲ့ ပညာရေးမျိုး တည်ဆောက်ထား နိုင်တယ်။ နယူးဇီလန်က တက္ကသိုလ်တွေ ဆိုရင် အာရှက တရုတ်၊ ဂျပန်၊ ဗီယက်နမ် ထိုင်းစတဲ့ နိုင်ငံတွေက ကျောင်းသူကျောင်း သားတွေရဲ့ ပညာရေးအတွက် ရွေးချယ် ကြတဲ့နေရာတစ်ခုလို့လည်း ဆိုလို့ ရပါ တယ်။ မြန်မာပြည်က ကျောင်းသူကျောင်း သားတွေလည်း ကီဝီတောမှာ တက္ကသီလာ ကျောင်းလာတက်ကြတာ နှစ်စဉ်လိုလို မနည်းလှပါဘူး။ သည်လို ကောင်းခြင်း တွေနဲ့ ပြည့်နေတဲ့ နိုင်ငံမှာ ကြီးကြီးကျယ် ကျယ် ပြဿနာတွေ၊ ဒုက္ခတွေရယ်လို့ ရှိပါ့မလားလို့တောင် တွေးခဲ့ဖူးပါတယ်။

ဒါပေသိ ဒုက္ခဟာ နေရာတိုင်းမှာ ရှိတယ်ဆိုတဲ့ စကားအတိုင်းပဲ ကီဝီတော မှာလည်း ဒုက္ခတွေ မနည်းလှပါဘူး။

ပြဿနာတွေလည်း တစ်ပုံတစ်ပင်ပါပဲ။

ကီဝီတောရဲ့ အကြီးဆုံးပြဿနာ၊ အရှုပ်ဆုံး ပြဿနာ၊ ရှင်းဖို့ အခက်ဆုံး အသိမ်မွေ့ဆုံး ပြဿနာကို ပြောပါဆိုရင် တော့ လူမျိုးရေးခွဲခြားတဲ့ ပြဿနာလို့ ကျွန်တော်မြင်ပါတယ်။ ဒါကလည်း သမိုင်းနဲ့ချီလာတဲ့ ပြဿနာ။ မျိုးဆက် များစွာ လက်ဆင့်ကမ်း ထမ်းပိုးလာခဲ့ရတဲ့ ဒုက္ခအိုးကြီး။ နယူးဇီလန်ရယ်လို့ ဖြစ်မလာခင်ကတည်းက ကျွန်းပေါ်မှာ အခြေချနေတဲ့ ဒေသခံမွာရီ (သြမေင) တိုင်းရင်းသားတွေ ရှိပါတယ်။ ဒီကျွန်း ကို အောတီအာရိုဝါ (ဗသအနမေသေ) လို့ ဒေသခံတွေက ခေါ်ပါတယ်။ ၁၈ ရာစု နှောင်းပိုင်းလောက်မှာ အင်္ဂလိပ်တွေက ဒီကျွန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တဲ့နောက် ဥရောပသားတွေ သည်မှာ အခြေချ လာခဲ့ကြပါတယ်။ ဒေသခံ မွာရီ တွေနဲ့ ဗြိတိသျှ ထီးနန်းအကြား ဝိုင်တန်ဂီ စာချုပ်ချုပ်ဆိုပြီး အုပ်ချုပ်ရေး၊ လူမျိုးရေး ကိစ္စတွေ ဆွေးနွေးသဘောတူခဲ့ပေမဲ့ အင်္ဂလိပ်တွေရဲ့ အုပ်ချုပ်မှုအောက် ရောက်သွားတဲ့ မွာရီတွေ ခမြာ သူတို့ မြေယာတွေကို အဓမ္မ အသိမ်းခံရ၊ ရောင်းချဖို့ ဖိအားပေးခံရပြီး မြေယာများ စွာ လက်လွှတ်ဆုံးရှုံးသွားခဲ့ရပါတယ်။ အင်္ဂလိပ်တွေရဲ့ ပညာရေးစနစ်အောက်မှာ မွာရီကလေးတွေဟာ သူတို့ရဲ့ မိခင်ဘာသာ စကားကိုတောင် ပြောဆိုခွင့်မရခဲ့ရှာပါ ဘူး။ ကျောင်းမှာ မွာရီစကား ပြောမိရင် ပြင်းပြင်းထန်ထန် ဒဏ်ပေးခံခဲ့ရပါ တယ်။ သည်လိုမျိုး ဖြစ်ရပ်တွေကြောင့် မွာရီတွေခမြာ မိခင်ဘာသာ စကားတောင် ပျောက်ကွယ်လူမတတ် ဖြစ်သွားခဲ့ပါ တယ်။ ယဉ်ကျေးမှု ဓလေ့တွေ လက်လွှတ် ဆုံးရှုံးရလုနီးနီး ဖြစ်ခဲ့ရပါတယ်။ ဥရောပ သား အင်္ဂလိပ်တွေရဲ့ လူမျိုးကြီးဝါဒ၊ လူမျိုးရေးခွဲခြားမှုအောက်မှာ ဒေသခံမွာရီ တွေ အနှိမ်ခံ ဘဝရောက်ခဲ့ပါတယ်။ ဒီပြဿနာဟာ အခုထိလည်း အမြစ်တွယ် ဆဲ ဖြစ်ပါတယ်။ ဥရောပသား လူဖြူများ ဆိုလျှင် တစ်မျိုး၊ မွာရီဆိုလျှင် တစ်ဖုံ၊ ပစိဖိတ် ကျွန်းနိုင်ငံများကလာသည့် ပစိဖိတ်က ဟုခေါ်သည့် လူများက တစ်သွယ်၊ အာရှသားများက တစ်ခြား စသဖြင့် လူမျိုးရေးခွဲခြားမှုတွေ မသိမသာ ရှိနေဆဲ၊ အားကောင်းနေဆဲ ဖြစ်ပါတယ်။

ဥပမာ တစ်ခုဆိုရရင် နယူးဇီလန်မှာ ထောင်ဒဏ် ကျခံနေရတဲ့ အကျဉ်းသားတွေကို ကြည့် ရင် အကျဉ်းသား စုစုပေါင်းရဲ့ ထက်ဝက် ကျော်ဟာ ဒေသခံမွာရီတွေ ဖြစ်နေပါ တယ်။ ကျန်တဲ့ အကျဉ်းသားတွေထဲမှာ ပစိဖိတ်ကျွန်းနိုင်ငံကလာတဲ့ သူတွေ၊ အာရှသားတွေနဲ့ ဥရောပသား နည်းနည်း ပါပါတယ်။ မြန်မာနိုင်ငံကနေ နယူးဇီလန် မှာ အခြေချနေသူတွေ အတော်များများ ဟာ ဒုက္ခသည်တွေအဖြစ် ရောက်ကြတာ မို့ မြန်မာပြည်က လို့ဆိုလိုက်ရင် ဥရောပ သားများဟာ ဒုက္ခသည်တွေလားလို့ မေးတတ်ကြပါတယ်။ နယူးဇီလန်မှာ ကိုဗစ်ပျံ့နှံ့မှုနှုန်းတက်နေချိန်က ဆိုရင် အာရှသား အထူးသဖြင့် တရုတ်လူမျိုး မျက်နှာပေါက်ရှိသူတွေဟာ တစ်နည်းတစ်ဖုံ နဲ့ ဖယ်ကြဉ်မှု ခံရတာမျိုး ရှိခဲ့ပါတယ်။ ဒီပြဿနာဟာ အခုထိရှိနေဆဲ ဖြစ်ပါတယ်။

အမြစ်တွယ်နေဆဲ ဖြစ်ပါတယ်။ ဥရောပသား လူဖြူများဟာ နေရာတိုင်း မှာ ထိပ်ပိုင်းနေရာက ရှိနေဆဲ ဖြစ်ပါ တယ်။

ကီဝီတွေရဲ့နောက်ထပ် ပြဿနာ တစ်ခုက ငွေရေးကြေးရေးအခက်အခဲနဲ့ နေစရိတ် ကြီးမြင့်တဲ့ ကိစ္စပါ။ နယူးဇီလန် ဟာ တိုးတက်တဲ့ နိုင်ငံဖြစ်တာမို့ နေရာ တိုင်းမှာ လူတော်တွေ၊ ပညာတတ်တဲ့သူ တွေ များပါတယ်။ ပညာတတ်တွေများ တာကြောင့် ယှဉ်ပြိုင်မှုတွေများသလို လစာကောင်းတဲ့ ပညာရပ်ဆိုင်ရာ ဉာဏ အလုပ်က ရဖို့ခက်ပြီး ပြုတ်ဖို့ လွယ်ပါတယ်။

ပညာရေး ကောင်းကောင်းမရခဲ့သူ များဟာ အခြေခံ အလုပ်တွေဖြစ်တဲ့ အောက်ခြေသိမ်း သန့်ရှင်းရေး၊ ကလေး ထိန်း၊ ရုံးစောင့် အစရှိတဲ့ အလုပ်တွေမှာ ယေဘုယျ များပါတယ်။ လူမျိုးရေးခွဲခြား ခဲ့တဲ့ စနစ်ကြောင့် မွာရီလူမျိုး အတော် များများဟာ ပညာရေးပိုင်းမှာ အားနည်းခဲ့ ရပါတယ်။ ဒါကြောင့်မို့ မွာရီ လူမျိုးတွေ ဆိုရင် ယေဘုယျအားဖြင့် ဆင်းရဲကြပြီး အခြေခံလုပ်သားတွေ အဖြစ်ရှိနေပါ တယ်။ အကြောင်းအမျိုးမျိုးနဲ့ နယူးဇီလန်ကို ရောက်လာပြီး နိုင်ငံသားခံယူတဲ့ ပစိဖိတ်ကျွန်းသားတွေ၊ မြန်မာပြည်ကနေ ဒုက္ခသည်အဖြစ်နဲ့ ပြောင်းလာပြီး အခြေချတဲ့သူတွေ၊ အာရှသားတွေ အတော် များများဟာလည်းပဲ ဒေသခံ မွာရီတွေလို ပဲ အခြေခံ အလုပ်တွေမှာ လုပ်ကြရတာ များပါတယ်။ အခြေခံ အလုပ်သမားတွေ ရဲ့ ဝင်ငွေဟာ အခြားအလုပ်နဲ့ယှဉ်ရင် နည်းပါးပါတယ်။ နယူးဇီလန်မှာ နေစရိတ်၊ ကျန်းမာရေးစရိတ်၊ သွားလာ စရိတ်တွေ က ဈေးကြီးပါတယ်။ ဥပမာ ကျွန်တော် နေတဲ့ မြို့တော် ဝယ်လင်တန် ဆိုရင် အိမ်ငှားခ၊ အိမ်ဈေးနှုန်း ကြီးတဲ့နေရာမှာ နာမည်ကြီးပါတယ်။ မြို့ထဲမှာ အိမ်တစ် ဆောင်ကိုငှားရတဲ့ ကုန်ကျစရိတ်ဟာ တစ်ပတ်မှာ ဒေါ်လာ လေးရာ အောက်ထစ် ရှိပါတယ်။

သာမန်လူတစ်ယောက်ရဲ့ တစ်ပတ်လုပ်အားခဟာ ငါးရာကျော် ခြောက်ရာ အနည်းဆုံး ရှိပါတယ်။ သည် တော့ ဝင်ငွေအသင့်အတင့် ရှိသူတွေဆို ရင်တောင်မှ ဒီဈေးနှုန်းနဲ့ဆိုရင် အင်မတန် ရုန်းကန်ရပါတယ်။ ဝယ်လင်တန်ရဲ့ အိမ် ဈေးဆိုရင်လည်း ဒေါ်လာ ခြောက်သိန်းခွဲ လောက်ကနေစပြီး သန်းချီရှိပါတယ်။ သည်ဈေးနှုန်းဟာ ဝင်ငွေအလယ်အလတ် ရှိသူတွေအတွက်တောင်မှ လက်လှမ်း မီဖို့ခက်တဲ့ နှုန်းပါ။ လူတစ်ယောက်ရဲ့ နှစ်စဉ်ဝင်ငွေထက် ဆယ်ဆမက များတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ နယူးဇီလန် ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အော့ကလန်မြို့ ဆိုရင်လည်း အိမ်ဈေးနှုန်းတွေ ခေါင်ခိုက် နေတာပါပဲ။ ဒီလိုတွေကြောင့် အစိုးရက လူမှုအိမ်ရာလို့ခေါ်တဲ့ အဆောက်အအုံ တွေ ဆောက်ပြီး ဝင်ငွေနည်းသူတွေအတွက် အခန်းငှားပေးထားရပါတယ်။ ဒါပေသိ အိမ်ခြေရာမဲ့တွေလည်း မြို့အနှံ့ရှိနေ တတ်ပါတယ်။

နေစရာအတည်တကျ မရှိဘဲ ရွှေ့ပြောင်းနေထိုင်ရတဲ့ လူများစွာလည်း ရှိပါတယ်။

ဝင်ငွေသိပ်မကောင်း တဲ့သူ အတော်များများဟာ မြို့ထဲမှာ မနေနိုင်ကြတော့ နေစရာဈေးသက်သာ တဲ့ မြို့ပြင်က နေရာတွေ၊ အလုပ်ရှိရာ မြို့တော်နဲ့ သိပ်မဝေးတဲ့ အနီးအနားက မြို့တွေမှာ နေကြပါတယ်။ ဘတ်စ်ကား တွေ၊ ရထားတွေနဲ့ မြို့ထဲလာအလုပ် လုပ်ကြရပါတယ်။ နေစရာ အိမ်တွေနဲ့ ပတ်သက်လို့လည်း အရည်အသွေးကိစ္စ အတော်လေး စကားပြောပါတယ်။ နယူးဇီလန်ဟာ ရာသီဥတုအေးပြီး ငလျင် အမြဲလှုပ်တဲ့ အရပ်မို့ နေစရာအိမ်များ ဟာ အရည်အသွေးကောင်းဖို့လိုပါတယ်။ ဒီလို အခြေအနေတွေ ရှိနေခြင်းသည်ပင် ကီဝီတွေရဲ့ ဒုက္ခ တစ်ခုပါပဲ။

ကမ္ဘာမြေလွှာချပ်ကြီးနှစ်ခုဖြစ်တဲ့ ပစိဖိတ် မြေလွှာချပ်နဲ့ သြစတေးလျ မြေလွှာချပ်ကြီးနှစ်ခုရဲ့ ဘောင်အနားစပ် ပေါ်မှာ ရှိတဲ့ နယူးဇီလန်ကို ငလျင်တွေ မကြာခဏ အလည်လာတတ်တာတွေ ကြောင့် ကီဝီတောဟာ မကြာမကြာ လှုပ်လှုပ်ခါခါ ရှိတတ်ပါတယ်။ ငလျင် ကြောင့် အဆောက်အအုံတွေဆောက် လုပ်ရာမှာ အပိုကုန်ကျစရိတ်ရှိသလိုပဲ ဆောက်လုပ်ဆဲ လုပ်ငန်းခွင်တွေမှာ ပြဿနာတွေ တက်လေ့ရှိပါတယ်။ ဥပမာ ငလျင်ကြောင့် ဆောက်လုပ်နေဆဲ အဆောက်အအုံ အစိတ်အပိုင်းတချို့ ယိုယွင်း ပျက်စီးတာကြောင့် ခက်ခက်ခဲ ခဲပြန်ပြင်ရတာမျိုးတွေပါ။ နောက် ငလျင် ကြောင့် ဧရာမ လှိုင်းလုံးကြီး (ဆူနာမီ) တွေ ဖြစ်လာနိုင်တာမို့ ကျွန်းနိုင်ငံဖြစ်တဲ့ နယူးဇီလန် ကီဝီတောဟာ အမြဲသတိနဲ့ နေရပါတယ်။

ကီဝီတောမှာ အမှိုက်ကိစ္စကလည်း ပြဿနာတစ်ခု ဖြစ်လာပါတယ်။ အရင်က တော့ နယူးဇီလန်ကထွက်တဲ့ အမှိုက် တွေကို သင်္ဘောနဲ့တင်ပြီး မလေးရှား၊ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်လို နိုင်ငံမျိုးကို ပို့ပါတယ်။ ဒါကြောင့် ကီဝီတောဟာ အမှိုက်ကင်းကင်းနဲ့ သန့်သန့်ရှင်းရှင်း ရှိခဲ့ပါတယ်လို့ ယေဘုယျဆိုလို့ ရပါတယ်။ အခုတော့ ကီဝီတောထွက် အမှိုက်တွေကို ဘယ်နိုင်ငံကမှ မလိုချင်တော့ပါဘူး။ သည်တော့ ကိုယ့်ဆီကထွက်တဲ့ အမှိုက် ကို ကိုယ့်ဘာသာ ရှင်းရပါတယ်။ တချို့ အမှိုက်တွေကို ပြန်သုံးရတယ်။ တချို့ကို တော့ မြေမြှုပ်ပစ်ရတယ်။

အစိုးရကတော့ အမှိုက်ကနေ လျှပ်စစ်ထုတ်နိုင်အောင် စက်ရုံဆောက်ဖို့ ကြိုးစားပါတယ်။

ဒါပေသိ ကျွန်းနိုင်ငံ ငယ်လေးအတွက် တစ်စတစ်စများများလာတဲ့ အမှိုက်တွေဟာ ခေါင်းခြောက်စရာပါပဲ။

နောက်ထပ်ပြောပြစရာ ဒုက္ခတစ်ခု ကတော့ စိတ်မချမ်းမြေ့စရာပါ။ ကီဝီတော လို စိမ်းစိမ်းစိုစို အေးချမ်းတဲ့ နိုင်ငံလေး မှာ စိတ်ဒုက္ခရောက်လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတဲ့ နှုန်းများလာတာပါပဲ။ လူပေါင်းတစ်သိန်းမှာ ပျမ်းမျှ လူ (၁၃) ယောက်လောက်က ကိုယ့်ဘာသာ အဆုံး စီရင် နေကြတယ်လို့ အစိုးရရဲ့ စာရင်း များက ဆိုပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ် မှာတင် လူပေါင်း သုံးသောင်းကျော် လောက် ကိုယ့်ဘာသာ အဆုံးစီရင်ပြီး အနိစ္စရောက်ကြရရှာတယ်လို့ စာရင်း များက ဆိုထားလေတော့ သည်ပြဿနာ ဟာ သေးတော့ မသေးပါဘူး။ ဆယ်ကျော် သက် ကလေးတွေ၊ နှစ်ဆယ်ကျော် စွန်းစွန်းကလေးတွေကနေ လေးဆယ် ကျော် ငါးနှစ်တန်း၊ ရှစ်ဆယ်ကျော် ဇရာထောင်းတဲ့ အရွယ်အထိ အရွယ်မရွေး သည်လိုတွေ အဆုံးစီရင်ခဲ့ကြတာမို့ စိတ်ဆင်းရဲရတဲ့ ပြဿနာတွေများ သည်က လူတွေမှာ အတော်များမှာပဲလို့ ယေဘုယျ တွေးကြည့်မိပါတယ်။ ရုပ်ဝတ္ထုဒြပ် ပစ္စည်းတွေ ပြည့်စုံကုံလုံတဲ့ တိုင်းပြည် လေးမှာ စိတ်အာဟာရ ခွန်အားတွေများ လိုအပ်နေတာများလားလို့လည်း ထင်မိ ပါတယ်။

ကမ္ဘာတစ်ဝန်းကြုံနေရတဲ့ သဘာဝ ပတ်ဝန်းကျင် ပြဿနာတွေ၊ ရာသီဥတု ဖောက်ပြန်တဲ့ ပြဿနာတွေဟာ ကီဝီတော ကိုလည်း မချန်ထားခဲ့ပါဘူး။ ကမ္ဘာကြီး ပူနွေးလာလို့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာရင် ကျွန်းနိုင်ငံဖြစ်တဲ့ ကီဝီ တောဟာ ထိခိုက်မှာပါ။

ကီဝီတွေဟာ တစ်ဦးချင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ် မှုများတဲ့ နိုင်ငံလို့ ဆိုပါတယ်။ ဒါကြောင့် မြို့ပြရဲ့ လေထု ရေထုဟာ အခုအချိန်မှာ မသန့်တော့ပါဘူး။ တိုးတက်လာတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ကြောင့် မြေထု ရေထု အရည်အသွေးကျလာတာ၊ ကီဝီတောရဲ့ မျိုးရင်းအပင်၊ တိရစ္ဆာန်တွေ နဲ့ ဂေဟစနစ်တွေဟာ ခြိမ်းခြောက်ခံ လာရတာမျိုးတွေ ဖြစ်လာပါတယ်။

ကီဝီတောထဲက ဒုက္ခတွေအကြောင်း ချည်း ပြောပြလို့ စာဖတ်သူများရဲ့ စိတ်တွေများ နောက်သွားမလားလည်း စိုးမိပါတယ်။ ဒါပေသိ နေရာတိုင်းမှာ ဒုက္ခတွေ ရှိနေတာကတော့လည်း အမှန် ပါပဲ။ ရှောင်လို့ကို မရပါဘူး။ ကီဝီတွေ ကတော့ အများအားဖြင့် သူတို့ရဲ့ ဒုက္ခ တွေကို မဖုံးကွယ်တတ်ကြပါဘူး။ သူတို့ ရဲ့ ပြဿနာတွေအကြောင်း အမြဲဆွေး နွေးလေ့ရှိပါတယ်။

အဖြေရှာလေ့ရှိပါ တယ်။ ပြဿနာရဲ့ အကြောင်းအရင်း သိအောင်လည်း အားထုတ်နေတတ်ကြ ပါတယ်။ သူတို့ရဲ့ ဒုက္ခတွေကလွတ်အောင်၊ ဒုက္ခခံရသက်သာအောင်လည်း အမျိုးမျိုး ကြံဆ လုပ်ဆောင်ကြပါတယ်။ ဒီလို ဒုက္ခပြဿနာတွေကို မဖုံးကွယ်ဘဲ အမှန် အတိုင်းလက်ခံပြီး ဝိုင်းအဖြေရှာကြ၊ ဖြေရှင်း ကြတာမို့ ပြဿနာတွေကို ကိုင်တွယ်မယ့် နည်းစနစ်ကောင်းတွေ၊ အလုပ်ဖြစ်တဲ့ မူဝါဒတွေကို ကီဝီတောမှာ အများကြီး လေ့လာစရာ ရှိပါတယ်။ ကျွန်တော် ကတော့ ကီဝီတွေရဲ့ ပြဿနာ၊ ကီဝီ တောရဲ့ ဒုက္ခတွေကို လေ့လာကြည့်ပြီး မွေးရပ် မြန်မာပြည်က ဒုက္ခတွေကို ဘယ်လို အဖြေရှာကြ၊ ဖြေရှင်းကြရင် ကောင်းမလဲလို့တွေးနေမိရဲ့ခင်ဗျာ။

ဝေယံထွဏ်း